ဒီဇင်ဘာနှင်းတွေကြာမှာ
စံပယ်ဖြူ တစ်ပွင့်
ရိုးသားတဲ့ ၀တ်ရုံကိုဆင်မြန်းလို့ရယ်
စမ်းချောင်းရဲ့ ဂီတသံနှင့်အတူ
မွေးရနံ့တွေဖက်ဖျန်း
ဒီကမ္ဘာမြေပြင်ကို သူ ရောက်လာခဲ့တယ် ။
ကြင်နာတတ်ခြင်းအပြည့်
သည်းခံခြင်းအပေါင်း
ရင်တွင်းမှာအောင်းနေသူလေးမို့
ရိုးရိုးလေးပဲ အမည်ပေးခဲ့ဖူးတယ်
ဒီဇင်ဘာယုန်ဖြူလေးရယ် ။
ချူချူချာချာနဲ့ လူဖြစ်လာရပေမယ့်
အများတကာရဲ့ အကျိုး သယ်ပိုးဖို့ဆိုရင်
မြင့်မိုရ်တောင် အကြိမ်ကြိမ်တက်
အကြိမ်ကြိမ်ဆင်းရစေအုံးတော့
မမောမပန်း ပိတိအပြုံးပန်း
ထာဝရပွင့်လန်းနေတတ်သူ ။
အများတကာအလယ်
သနားစဖွယ် ယုန်သူငယ်
ဆိုစေပေမယ့်
မတရားတာဆို
ကျားရဲတောလဲ
ရဲရဲဖြတ်ကျော် ရင်ဆိုင်ဝံ့သူ ။
အလှူတွေရက်ရောတဲ့ သူ့လက်က
ကဗျာတွေလဲထွက်တယ်
စကားတွေမချိုတတ်ပေမယ့်
စေတနာတွေပိုတတ်တယ်
အရာရာကို ရိုးသားစွာမြင်တတ်သူမို့
ဒီကမ္ဘာမှာ တန်ဖိုးရှိတဲ့ ပန်းစံပယ်လေးမို့
ထာဝရ ချစ်မြတ်နိုးရလေတယ် ။
လွင်ပြင်လှိုင်းငယ်