အခြေနေမပေးလို့ ဝေးခဲ့တာပါ
ပညာတွေမတတ်လို့
ထားခဲ့ရတာပါ
မာန်တွေတက်ပြီး
ထွက်ခဲ့တာလဲ မဟုတ်ပါဘူး ။
စုတ်ပြတ်နေတဲ့ ဗလာစာအုပ်နှစ်အုပ်လောက်နဲ့
တိုနံ..နံ ခဲတံငုံတိုလေးတွေက ဟောင်းနွမ်းနေတဲ့
လွယ်အိတ်လေးရဲ့ ဘေးမှ ဟိုတစ ဒီတစ
အဖြူရောင်ကိုကျော်လွန်နေတဲ့ ၀ါညစ်ညစ်
အစိမ်းရောင်မှာ တွယ်ကပ်နေတဲ့ အပ်ချည်ကြိုးချူပ်ရိုးကြောင်းဖြူဖြူတွေနဲ့
ကျောင်းတက်ရမှာကို သေမလောက်ကြောက်(ရှက်)တတ်တဲ့
ညီ ညီမလေးတွေရဲ့ အားကိုးတဲ့ အကြည့် ။
မနက်မိုးလင်းလို့ ဆန်အိုးကိုမကြည့်ရဲ
စကွဲစေ့တောင်မကျန်တဲ့
ဟန်ရှိပြီးဆန်မရှိတဲ့ ဆန်းအိုပေါ်မျက်ရည်စက်တွေပြိုဆင်းနေတုန်း
သားသမီးတွေ စောစောထပြီး
ဗိုက်ဆာလိုက်တာ ဗိုက်ဆာလိုက်တာ ဆိုတဲ့အသံကို
မိုးကြိုးအစင်းတစ်ရာပစ်တဲ့အသံထက်
ကြောက်ရွံတတ်တဲ့ အမေ ။
စောစောထ သောကတွေနဲ့မျက်နှာသစ်
နေနေပူပူမှာ ဒုက္ခတွေကို ဦးထုပ်လုပ်ပြီး
နေညိုချိန်တောင်မှ ချွေးသီးလေးတွေနဲ့
ကိုယ်လက်သန့်စင် လို့ရယ်
အိမ်ပြန်တံခါးဝမှာ မုန့်ပါသလားမေးမှာကြောက်မိလို့
ရေအိုးစင်က ရေကိုအ၀သောက်ပြီး
ဗိုက်မှောက်အိပ်နေတတ်တဲ့ အဖေ ။
ဒီလိုအဖြစ်
ဒီလိုအပျက်
ဒီလိုရက်တွေများခဲ့တော့လဲ
အကိုကြီး အဖအရာခံယူထားတာမို့
ဒုက္ခတွေကို ကျေားပိုးပြီးတော့
ထွက်ခဲ့ရပေါ့ မြန်မာပြည် ။
တန်ဖိုးမထားလို့မဟုတ်ပါဘူး
ဆန်ဖိုးလေးတောင်ရှာမရခဲ့လို့ပါ
မမြတ်နိုးလို့လဲမဟုတ်ခဲ့ပါဘူး
တမတ်ဖိုးနဲ့ မုန့်စားရတဲ့ ခေတ်ကကုန်ခဲ့ပြီလေ
မခင်တွယ်လို့လဲမဟုတ်ပါဘူး
မြင်ရတဲ့ဒုက္ခတွေက တစ်ရက်ထဲမှမဟုတ်တာ
မမေ့ရက်ပါဘူး
အမိတိုင်းပြည် အဖနိုင်ငံတော်ကို
သို့ပေမယ့်လဲ
ဆာလောင်းနေတဲ့
ဝမ်းတထွာပေါင်းများစွာအတွက်
ပြေးထွက်ရပေါ့ တပါးတိုင်းပြည် ။
ဘာသာစကားတွေ ကွဲပြား
ခြေထောက်နဲ့ စေညွှန်တတ်တဲ့ လူမျိုးခြားတွေရဲ့
အေးစက်ပြီးယုံကြည်မှု့မရှိတဲ့ မျက်ဝန်းအကြည့်တွေမှာ
ဝမ်းတထွာပေါင်းများစွာရဲ့
အစာအိမ်ကို ကူညီပေမယ့် ငွေဆိုတဲ့ အရိပ်ပါနေတော့
ဘယ်လိုများ ဒေါသထွက်ရမှာလဲ
နားထဲကို ဆူဆူပူပူအသံကြားရင်
သူခိုးလား အဖမ်းအဆီလား လားပေါင်းများစွာနဲ့
အိပ်ယာအောက်က အမေ့ကိုပို့မယ့် ပိုက်ဆံလေးကို ထုတ်ကြည့်ရင်
အိပ်ရေးပျက်ပေါင်းများခဲ့ပါပြီ
အချိန်တန်လို့အိမ်ပြန်ကြတဲ့သူတွေပါတဲ့
လေယာဉ်ပျံကြီးကို ငေးကြည့်ရင်း
ဘယ်တော့များမှ
ဘယ်အချိန်များမှ
အသက်ရှင်လျက်
ကြည်နူးမှု့တွေ ထုပ်ပိုးလို့များ
ဒီခရီးကိုကိုယ်တိုင်ထွက်ရပါ့မလဲ အတွေးပေါင်းများစွာနဲ့
အိပ်မက်တွေထဲ
စိတ်ကူးကမ္ဘာထဲ
မျက်ရည်စက်အပြည့်နဲ့ ကြည်နူးမိရင်း
သတိယမိတယ် အမိမြန်မာပြည်ရယ် ။
မှတ်ချက်။ ။ယခင် သူငယ်ချင်းတစ်ယောက်အတွက် ခံစားရေးသားထားသော ကဗျာအဟောင်းလေးကို
ယခုတလော မြန်မာပြည်ပြန်မလာသေးဘူးလား တိုင်းတပါးမှာ ပျော်နေလားလို့ အမေးခံရတာများသောကြောင့်
ပြန်လည်ပြင်ဆင်ရေးသားထားပါသည် ။ဒီကဗျာလေးရေးရအောင် ခံစားချက်တွေထည့်ပေးတဲ့ သူငယ်ချင်းကိုလဲကျေးဇူးတင်ပါတယ်
လွင်ပြင်လှိုင်းငယ်
20 comments:
ရေးထားတာကတော့ ခံစားချက်အပြည့်နဲ့ထင်ပါရဲ့
ကောင်းလိုက်တာ စာသားတွေကလည်း
စာသားတွေက ရေးချင်တာကို ကွက်ကွက်ကွင်းကွင်းပေါ်လွင်စေပါတယ်
အားပေးသွားတယ်နော်
အဝေးရောက်သမားတွေရဲ့ ရင်ထဲက ပဲ့တင်သံတွေပါအကို....ရေ။
ဝမ်းတစ်ထွာအတွက် အမိမြေကကင်းကွာနေသူတို့ရဲ့ ခံစားချက်လေးတွေ ထပ်တူထပ်မျှခံစားကြရမယ်ဆိုတာ ကဗျာလေးဖတ်ပြီး နားလည်ပါတယ် လွင်ပြင်လေးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကောင်းလိုက်တဲ့ကဗျာလေးလွင်ပြင်ရေ...
တို့များဘ၀နဲ့တော့ထပ်တူပါ...အပိုအလိုမရှိကွက်တိကိုကျ
နေတဲ့ကဗျာလေးပါ...ရေးလည်းရေးတတ်ပါ့လွင်ပြင်ရေ။
အားပေးလျှက်ပါ...
ခင်မင်စွာဖြင့်
ဖိုးကျော်
အဝေးရောက်နေတဲ့လူတွေရဲ့ခံစားချက်ကိုပေါ်လွင်စေတဲ့
ကဗျာတပုဒ်ပါပဲကိုလွင်ပြင်...
ဒီခရီးကိုကိုယ်တိုင်ထွက်ရပါ့မလဲ အတွေးပေါင်းများစွာနဲ့
အိပ်မက်တွေထဲ
စိတ်ကူးကမ္ဘာထဲ
မျက်ရည်စက်အပြည့်နဲ့ ကြည်နူးမိရင်း
သတိယမိတယ် အမိမြန်မာပြည်ရယ် ။
အစ်ကိုကဗျာလေးခံစားသွားပါတယ်
ဖတ်ရင်းနဲ့တောင်ဝမ်းနည်းလာတယ်
မောင်လွင်ပြင်ရေကဗျာလေးကို
မျှဝေခံစားသွားပါတယ်အားပေးလျက်
ခင်တဲ့အန်တီလေးမေခင်
ထပ်တူခံစားသွားပါတယ်..
ခံစားရပါတယ်ဗျာ...
အိမ်မက်တွေအမြန်ဆုံး အကောင်အထည်ပေါ်နိုင်ပါစေလို့လည်း ဆုတောင်းပေးပါတယ်...
ကောင်းလိုက်တဲ့ ကဗျာလေးပါပဲ
ပေးချင်တဲ့ message ကို ဒက်ခနဲထိပါတယ်
လေးစားပါတယ် ကိုလွင်ပြင်ရေ
ခင်တဲ့
မိုးသူ(တောင်ကြီး)
ခံစားချက်လေးပေါ်လွင် တဲ့ကဗျာကောင်းလေးဖတ်သွားပါတယ်.....:)
တစ်ထွာလောက်ပဲရှိတဲ့ ဝမ်းလေးတွေအတွက်
တိုင်းတစ်ပါးက စေခိုင်းနေတဲ့ ခြေထောက်တွေအောက်မှာ
ရုန်းကန်လှုပ်ရှားနေရသူတွေကို
ဒီကဗျာလေးဖတ်ပြီး
စာနာမိပါရဲ့ အစ်ကိုရေ
အချိန်တန်လို့အိမ်ပြန်ကြတဲ့သူတွေပါတဲ့
လေယာဉ်ပျံကြီးကို ငေးကြည့်ရင်း
ဘယ်တော့များမှ
ဘယ်အချိန်များမှ
အသက်ရှင်လျက်
ကြည်နူးမှု့တွေ ထုပ်ပိုးလို့များ
ဒီခရီးကိုကိုယ်တိုင်ထွက်ရပါ့မလဲ အတွေးပေါင်းများစွာနဲ့
အိပ်မက်တွေထဲ
စိတ်ကူးကမ္ဘာထဲ
မျက်ရည်စက်အပြည့်နဲ့ ကြည်နူးမိရင်း
သတိယမိတယ် အမိမြန်မာပြည်ရယ် ။
အိမ်မက်လေးအမြန်ဆုံး ပြည်ဝပါစေနော်....
ခင်တက်တဲ့
လေပြေချို
အများစုက အဲဒီလိုတွေပဲ ထင်ပါရဲ့နော်...(ဘုန်းဘုန်းလည်း ဘုန်းဘုန်းဖြစ်နေလို့သာ တကယ်လို့များ ဘုန်းဘုန်းသာ မဖြစ်ခဲ့ရင် အဲဒီအတိုင်းပဲ ထင်ပါ့)
အင်း.. အဝေးရောက်သူတစ်ယောက်ရဲ့ အမိမြေအတွက်တမ်းတခြင်းကို ခံစားနားလည်ပါတယ်.. လွင်ပြင်ရေ..
အိမ်ရဲ့ အပြင်ကိုရောက်နေသူတွေရဲ့ ရင်ဘတ်ထဲက စကားကို အိမ်အပြင်ရောက်ဖူးသူတွေပဲ ကြားသိနိုင်ပါတယ် ကိုလွင်ပြင်
မြန်မာနိုင်ငံကိုစွန့်ခွာထွက်သွားကြပြီး..နိုင်ငံရပ်ခြားတိုင်းတပါးမှာ..ရုန်းကန်လှုပ်ရှားနေကြတာတွေကို..ကိုယ်တိုင်ရောက်ဖူး၊ကြုံတွေ့ဖူးမှသိမှာပါ။ ကျွန်တော့်မိတ်ဆွေတစ်ယောက်ရဲ့.အင်တာနက်ဆိုင်လေးမှာ..သွားရောက်ကူညီပေးတုန်းက.ဒါတွေကိုသေချာသိခဲ့ရတယ်....လကုန်ခါနီးဆို...ဖုန်းလာဆက်တဲ့သူတွေအများကြီးပါပဲ...များသောအားဖြင့်တော့..ငွေလွှဲခဲ့ပါဦး... အမေနေမကောင်းလို့ဆေးဖိုးနေတယ်.ကလေးတွေ ကျောင်းစရိတ်မလောက်ဘူး..အိမ်လခမပေးနိုင်တော့လို့..နောက်လဆို..မောင်းထုတ်ခံရတော့မယ်...ပိုက်ဆံမြန်မြန်လွှဲခဲ့ပေး..စသည်ဖြင့်ပေါ့။ သူတို့အထင်မှာတော့..နိုင်ငံခြားမှာအလုပ်သွားလုပ်ရင်..အရမ်းကို.အဆင်ပြေပြီး..ရေလန်းတယ်ပေါ့ဗျာ...သူတို့ဘယ်လိုရုန်းကန်နေကြရတယ်ဆိုတာ.မသိပဲ. မြန်မာနိုင်ငံကလွဲရင်..တခြားနိုင်ငံတွေကအဆင်ပြေတယ်ပေါ့...ကားမောင်းနေတိုင်း.ကားပိုင်ရှင်မဟုတ်ကြသလို...ဆိုက်ကားနင်းနေတာမြင်တာနဲ့..ဆင်းရဲပြီးထမင်းငတ်နေတာမဟုတ်ပါဘူး။ တွေးမိမြင်မိတာလေးပါဗျာ..
ကျွန်တော့်ရဲ့ လက်တွေ့ဘဝကိုများ ကဗျာတွေရေးထားသလားဗျာ
အရမ်းကောင်းတဲ့ ကဗျာလေးတပုဒ်ကို အားပေးသွားပါတယ်...
ကဗျာလေးဖတ်ပီး စိတ်မကောင်းလိုက်တာ အစ်ကိုရေ။
Post a Comment