ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

မြန်မာမလေး

Thursday 28 June 2012

26 comments
အရွယ်လေးက ငယ်ငယ်
ကိုယ်ဟန်က သွယ်သွယ်
ဆံနွယ်တွေ နက်မှောင်ရှည်နှင့်
ယဉ်ပါပေ့ ဆင်ယင်ထုံး ။

ဖျင်ထည်ကကြမ်းပေမယ့်
စိတ်ထားကနုသူမို့
ရွှေရင်စေ့မှ ဘ၀င်ကျသူ
အဆင်မဆန်းပေမယ့် 
မြင်သမျှ ရွှေရင်အေးရတယ်
ရင်ဖုံးလေးနဲ့လှတဲ့သူရေ ။ 

မိတ်ကပ်တွေ ပြာမနှမ်းပါဘူး
စိတ်ဓါတ်ပါ အေးငြိမ်ရအောင်
ကျောက်ပြင်ထက် ရေကြည်အေး သုံး  လေးစက်နှင့်
ရှင်မတောင်တုံးလေး
ဖွဖွသွေးလိမ်း
မျက်နှာမှာ ပါးကွပ်ကျား
လက်နဲ့ လည်တိုင် သနပ်ခါးအိုင်လို့
ဘယ်ချိန်ကြည့်ကြည့် အေးမြသာကဒီမျက်နှာ ။

ငွေကြေးတော့ချမ်းသာပါရဲ့
အ၀တ်အစားတွေချွေတာရေးနှင့်
ခြောက်လက္မ စကပ်တို 
အထအထိုင်ခြေယိုင်ရင် မတွေးရဲ
ဘ၀ကဆင်းရဲ

ဒါတွေလဲမကြုံ
လုံခြုံတဲ့ သူမက

ငွေကြေးမပြည့်စုံပါဘူး
အနေဆင်းရဲပေမယ့်
ဆင်းမြန်တာ ထမီရှည်လေးမို့
သွားရတာ ပေါ့ပါး
ထိုင်ရတာ လွတ်လပ်လို့
ဘ၀ရဲ့ ချမ်းသာခြင်းတပါး ။

မှတ်ချက်။    ။ကဗျာမကျတဲ့ ရင်ထဲက မြင်သမျှ

လွင်ပြင်လှိုင်းငယ်

ရင်ဘတ်ငှားသည်

Wednesday 27 June 2012

18 comments
ခံစားချက်အတုတွေ
မရှိဘူး
ထုဆစ်ခဲ့တာ
ဖြူစင်တဲ့ အချစ်မို့
ယုံကြည်ခဲ့တယ်
အမုန်းမရှိနိုင်တဲ့ အချစ်ပေါ့ ။

ရင်ဘတ်နဲ့ ရေးတဲ့
နင့်အတွက်
ကဗျာတွေ ပုပ်ပွသွားနိုင်ပေမယ့်
ရင်ခုန်သံတွေ ရင်းနှီးထားတဲ့
အချစ်စစ်ကတော့
စစ်သလင်းမှာ ရောက်စေဦးတော့
ဖလန်း  ဖလန်း ထရင်း
လန်းမြဲလန်း
ရှင်သန် ရင်း ရှင်သန်နေလိမ့်မယ် ၊

နင့်အတွက်
ဒို့နှစ်ယောက်ဘ၀အတွက်
အချစ်အတွက်
အရာရာအတွက်
အတွက်တစ်ခုနဲ့
အသက်ဆက်နေရတဲ့
ငါ့အဖြစ်က
ရင်နင့်စရာ ဇာတ်လမ်းတစ်ပုဒ်တောင်
ဟာသဖြစ်အောင် ငါချစ်ပြခဲ့တယ် ။

အနေဝေးလို့
သွေးအေးရအောင်
ငါချစ်ခြင်းမှာ
တပ်မက်ခြင်းတွေ ကင်းခဲ့တယ်
မမြဲတဲ့တရားခြင်းကင်းအောင်
နင့်ရဲ့ ရုပ်အလှထက်
စိတ်အလှကို မြတ်နိုးမိတယ်
ထပ်တိုးပြီး ဆိုးသမျှကို
ကလေးတစ်ယောက်လို
အလိုလိုက် အကြိုက်ဆောင်ပေမယ့်
အသစ်အဆန်းမြင်ရင်
တဖက်လှမ်းချင်မှန်း မသိခဲ့တဲ့
ငါ့ဟာ
နင့်အတွက်
ငပေါကြီးတစ်ယောက်ဖြစ်ခဲ့တာပေါ့ ။

ချစ်တတ်တဲ့ငါ့ကို
အချစ်ငတ်တယ်အထင်နဲ့
လာချစ်သမျှကို
နင်က
ခါမပစ်ရဲပဲ
အချစ်ဇရပ်အိုလေး
ဖွင့်ထားမှတော့
ငါသည်
အသဲကွဲနေသည် ဆိုင်းဘုတ်လေးအောက်မှာ
ထာဝရ အိပ်စက်တော့မည် ။

မှတ်ချက်။   ။အသဲကွဲနေတဲ့ ဘော်ချီကွေးအတွက် အမှတ်တရ

လွင်ပြင်လှိုင်းငယ်

ဘုရားပေးတဲ့ဆု

Sunday 24 June 2012

15 comments
ကျောက်ရိုင်းတစ်ပွင့်ကို
အပြစ်အနာဆာမဲ့
ဖိုးဖြတ်မရတဲ့
ကျောက်ကောင်ြး
ဖစ်အောင်
ထက်မြက်တဲ့ လက်တစ်စုံနဲ့ နင်သွေးခဲ့တယ်  ။

ပန်းရိုင်းတစ်ပွင့်ကို
တော်ဝင်းပန်းတွေနဲ့
ရနံ့နဲ့အဆင်း
ပြိုင်လို့ရအောင်
အချစ်တန်ခိုးနဲ့
နင်ပျိုးခဲ့တယ် ။

ပတ်ဝန်းကျင်ကို
ကျဉ်းမြောင်းတဲ့ အကြည့်တွေနဲ့
ကြည့်တတ်တဲ့ငါ့မျက်လုံးတစ်စုံကိ
နင်အမုန်းခံေ
ဖါက်ထုတ်ပြီး
နားလည် ခွင့်လွတ်မှု့ မျက်ဝန်းတစ်စုံကို
နင့်အချစ်တွေနဲ့ အသစ်ထည့်ပေးခဲ့တယ် ။

အတ္တတွေနဲ့
ဖက်တွယ်ပြီး
အိပ်မက်ခါးခါး
ဆိုးရွားတဲ့ လမ်းမှားတွေကို
ရိုးသားပြီး ကြိုးစားတတ်အောင်
အသိတရားတွေပေးပြီး
အိပ်မက်ဆို ချို
လမ်းဆို ကောင်းမှ လျှောက်တတ်တဲ့ ခြေတစ်စုံလဲ
နင်ပဲလက်ဆောင်ပေးခဲ့တယ် ။

မနာလိုသူတွေများ
ဆရာလိုလို ဘာလိုလို လူတွေကြား
အမုန်းကို အပြုံးနဲ့ ခုခံ
အရှုံးတွေပဲလောက်ပဲရှိရှိ
စိတ်ပျက်အားမငယ်ပဲ
ရိုးသားတဲ့ အကျိုးအမြတ်ပွဲက
အမြတ်နှမ်းစေ့ပမာနဲ့
ဘ၀ကို တင်းတိမ်ရောင့်ရဲ
ဖတ်ကျော်ရဲအောင် လက်တွဲခေါ်ယူတာလဲ နင်ပဲလေ ။

ရှုံးတဲ့ပွဲမှာ အားပေးပြီး

နိုင်တဲ့ပွဲမှာ သန့်ရှင်းမှု့ ရှိ မရှိစစ်
ဆုံးရှုံးသွားတဲ့ ရလာဒ်အတွက်
အားနည်းချက်တွေကို သွန်သင်
နိုင်ပွဲအတွက် မာန်မတက်ပဲ
ခံစစ်ကောင်းကောင်းနဲ့
ဘ၀ကစားပွဲရလဒ်ကောင်းဖို့
နင်နေ့စဉ်လေ့ကျင့်သင်ကြားပေးခဲ့တယ်  ။

ဘ၀ခရီးကို လိုရာစီးဖို့
ရှေ့ကမြောင်းလဲ နင်ပဲဖောက်တယ်
အမြင့်ကိုပျံ 
လေဆန်ကို အန်တု
အတောင်တစုံရဲ့ စွမ်းအားလေးနင်ပေးထားတယ်
နားခိုဖို့ရန်
အေးရိပ် မေတ္တာ
နွေးထွေးမှု့အတွက်
ရင်ခွင်တံခါး အမြဲ  ဖွင့်ထားပြီး
အနှိုင်းမဲ့ ချစ်ခြင်းတွေနဲ့
အသက်ရှူတိုင်း တန်ဖိုးရှိအောင်
ပြုစုပျိုးထောင်တတ်တဲ့ နင် က
ငါ့ အတွက်တော့
ဘုရားပေးတဲ့ တန်ဖိုးအထိုက်တန်ဆုံး ဆုတစ်ခုပါ ချစ်သူရာ  ။

လွင်ပြင်လှိုင်းငယ် 

အနုပညာအချစ်နှင့် လွင်ပြင့်အချစ်

Thursday 21 June 2012

17 comments
အကြီးကြီးချစ် အကြင်နာအားခပ်ပြင်းပြင်းနဲ့

အနစ်နာခံရင်း ဘ၀တွေအစိတ်စိတ်အမွှာမွှာဖြစ်လဲ

ချစ်ပြီးရင်း ချစ်တတ်တဲ့

ရုပ်ရှင် မင်းသားတစ်ယောက်ရဲ့ ကောင်းကွက်ဟာ

          နှစ်နာရီလောက်ပါပဲ

ဘ၀ထက်ချစ် ဝေးနေရင်တောင် စိတ်ကူးလေးနဲ့ ကြင်နာမယ့်

အေးအတူ ပူရင်မမျှချင်တဲ့ ငါ့ရဲ့ ချစ်ခြင်းကတော့

         နှစ်ဘ၀မကတဲ့ ဘ၀များစွာ အတွက်ပါ ။


သီးခံစိတ်တွေ ရင်မှာထွေးပြီး

အိပ်ပျက်ညထောင်သောင်းများစွာနဲ့

အလွမ်းတွေကို သီးကုံးထားတဲ့

ဝတ္ထုလေးတစ်ပုဒ်ရဲ့ စာမျက်နှာဟာ

         တစ်ထောင်မကျော်ပါဘူး

မင်းရဲ့ အပြစ်မှန်သမျှကို ချစ်ခြင်းတွေကို နှလုံးသွင်းပြီး

        နားလည်မှု့တွေနဲ့

ခဏတာဝေးရင်တောင် ဆယ်ဘ၀တာဝေးတယ်ထင်တဲ့

ငါ့ရဲ့ချစ်ခြင်း စာမျက်နှာတွေက

ငါ့နှလုံးသား နံရံမှာ အပြည့်ပါ ။


အချစ် အလွမ်း အဆွေး

ခံစားမှု့ များစွာနဲ့ စပ်ဆိုထားတဲ့

သီချင်းကောင်း တစ်ပုဒ်ရဲ့

သီဆိုချိန်ဟာ

ငါးမိနစ်မကျော်ပါဘူး

နှလုံးသွေးနဲ့ရေး

ရင်ခုန်သံနဲ့ တီးခတ်

ခံစားမှု့အစစ်အမှန်နဲ့

 မင်းအတွက် မူပိုင်

ငါသီဆိုတဲ့ သီချင်းကတော့

ငါးကမ္ဘာတောင်မကပါဘူး  ချစ်သူရာ  ။



(ယခင်ကဗျာအဟောင်းလေးကို ပြင်ဆင်ရေးသားထားပါသည်)


လွင်ပြင်လှိုင်းငယ်
 

မျက်ရည်

Monday 18 June 2012

19 comments
မျက်ရည်ဆိုတာ
နှလုံသားရဲ့ သက်သေ
ပုံသေနိယာမကို
ပြောင်းပြန်အချိုးနဲ့
အနိမ့်မှ အမြင့်ဆန်
နှလုံးသားရဲ့ သွေးစက်စစ်စစ်တွေပါ  ။

မျက်ရည်ဆိုတာ
ဘယ်လောက်သန်သန်
ဘယ်လောက်ပဲ မြန်မြန်
ရေစီးမာန်ကို
တားဆီ ချိုးဖျက် လက်နက်ရှိတယ်
ညင်သာတဲ့စီးအား
တည်ငြိမ်စွာရွေ့လျားရင်း
နာကျင်တဲ့ နှလုံးသားက
စီးကျတဲ့ မျက်ရည်စက်တွေကိုတော့
ဘယ်တန်ခိုးရှင်ကမှ တားဆီပေးနိုင်မယ်မထင် ။

မျက်ရည်ဆိုတာ
ဝမ်းနည်းခြင်း အထိန်းအမှတ်
နာကျင်းခြင်းရဲ့ သက်သေ
စိတ်ရဲ့ ထွက်ပေါက်
မာယာရှင်တို့ ကိုးကွယ်ရာ
ပျော်ရွှင်ရင်တောင် တခါတရံ
ကျလာတတ်တဲ့ ခံစားချက်စစ်စစ်
သရုပ်ဆောင်သူတို့ စီးပွါးရှာတဲ့ တန်ဖိုးရှိပစ္စည်း
 သေဆုံးသူတို့ နောက်ဆုံးရလိုက်တဲ့ လက်ဆောင်လေးတစ်ခုပါ ။

မျက်ရည်စက်တွေနဲ့
မျက်နှာမသစ်ပါနှင့်
မျက်ရည်တုတွေနဲ့လဲ
လူတွေကို မလည့်စားပါနှင့်
အချစ်စစ်မှာ မျက်ရည်စစ် ရှိတတ်ပေမယ့်
မာယာရှင် မျက်ရည်တွေကတော့
ပင်လယ်ထဲက ဆားငန်ရေလောက်တောက် တန်ဖိုးမရှိလှပါ  ။

လွင်ပြင်လှိုင်းငယ်
 

လူပျိုကြီး အပျိုကြီးတန်ဖိုး နှင့် အိမ်ထောင်သည်အလှ

Saturday 16 June 2012

19 comments
လူပျိုကြီး(တန်ဖိုး)


 လူပျိုကြီး လူပျိုကြီးနဲ့ ခေါ်လိုက်ကြတာ တော်တော်သဘောတွေ့နေကြတယ်ထင်ပါရဲ့။ 


ခေါ်တာကတော့ လွယ်ပါတယ် အခေါ်ခံရတဲ့သူရဲ့ တန်ဖိုးရော နားလည်ကြရဲ့လားမသိဘူး။
 လူပျိုကြီးတစ်ယောက်ဖြစ်ဖို့တန်ဖိုးဘယ်လောက်ကြီးမာတယ် ဘယ်လောက်ပေးဆပ်ခဲ့ရတယ် လူတွေကြားမှာ နားလည်နိုင်မှု့စွမ်းအားတွေ ဘယ်လောက်ထုတ်သုံးခဲ့ရတယ်ဆိုတာ လူကြီးကြီးမဟုတ်တဲ့သူတွေမသိပါဘူးလေ။အိမ်ထောင်ကျသွားတဲ့သူတွေသာ ရာထူးတွေမြင့်မြင့်လာတတ်ပေမယ့် လူပျိုကြီးထပ်တိုးခေါ်လိုက် လူပျိုသိုး ဒီနှစ်မျိုးပဲသုံးလို့ရမယ် အိမ်ထောင်ကျတဲ့ ယောကျာ်းတွေကတော့ စစချင်း အိမ်ထောင်သည်
မိန်းမ နောင်လင်ယူရင် တခုလပ်  မိန်းမသေသွားရင် မုဆိုးဖို မိန်းမနောက်လင်ယြူပီးသေသွားတော့ တခုလပ်မုဆိုးဖို  ကလေးမွေးပြီး မိန်းမနောက်လင်ယူ ကလေးကျန်ခဲ့ရင် သားတစ်ယောက်တခုလပ် မိန်းမက ကလေးထားပြီးသေသွားရင် သားတစ်ယောက်မိဆိုးဖို အမျိုးမျိုးရာထူးတွေတိုးနေကြတာလေ မိန်းမ နောက်လင်ယူရင်လဲ လင်ကြီးဆိုတဲ့ ဂုဏ်လေးလေတောင်အဆစ်ပါသေးရဲ့။
 လူပျိုကြီးတွေရည်စားထား သဘောထားမတိုက်ဆိုင်လို့ ပြတ်စဲ နောက်တစ်ယောက်ထား လူတွေဘာမှမပြောဘူး အိမ်ထောင်သည် အသစ်တွေ့လို့ ချစ်မယ်မပြင်နဲ့ မယားငယ်နေတဲ့သတင်း ၀က်ဝက်ကွဲဖို့သာပြင်ထားပေတော့ ။ဒီလိုဒီကြောင်း
အကြောင်းစုံကို ရောင်းကုန်ထက် တွက်တဲ့နေရာမှာ တော်လို့ အပူမရှာပဲ လူတကားတွေ့ရဲ့ နှုတ်ဖျားက လူပျိုကြီးဆိုတဲ့ ခေါ်သံနဲ့ပဲ ပိတိပွားပြီး ဂုဏ်ပုဒ်တစ်ခုနှင့် ဂုဏ်ရှိန်မြင့်ခဲ့ကြတာပေါ့။


           မရလို့မယူတာမဟုတ်ဘူး (မြတ်နိုးတန်ဖိုးထားသည့်သူ)ယူတာမရလို့ မာန်မာနနဲ့အသက်ဆက်ပြီး ဟိုတစ်ယောက်ကိုမရလို့လေ မိန်းမရပြီးရောဆိုပြီးဒီတစ်ယောက်ကိုယူခဲ့တာလို့ပတ်ဝန်ကျင်းကိုအကြောင်းအရာတစ်ခုအတွက် ရောင်းချစရာအတင်းဂျာနယ်တွေများများထွက်မှာစိုးလို့
သစ္စာတရားကို နှလုံးသားတံခါးဝမှာချိတ်ပြီး မင်းမှမရရင် အကျဉ်းသားဘ၀(အိမ်ထောင်ကျသည်ကိုဆိုလိုသည်)ကိုလုံးဝမခံယူဘူးလို့ ကြွေးကြော်ရဲတဲ့ ဇာနည်ယောက်ျား သူရဲကောင်းများပါပဲလေ။
လူပျိုကြီးတဲ့အခေါ်ခံဖို့ ငွေပေးဝယ်လို့မရသလို အာဏာနဲ့လဲ ခြိမ်းခြောက်လို့လဲမရပါဘူး ။လူပျိုကြီးဆိုတာ အချိန်တွေ လူတွေရဲ့မနာလိုစိတ်  အချစ်ကို အချစ်စစ်မှမြတ်နိုးမှု့တွေစသည့်ဖြင့် ပေးဆပ်မှု့အများကြီးရင်းခဲ့ပြီးမှ ရခဲ့တာပါ။ယောက်ျားတစ်ယောက်ဟာ အိမ်ထောင်သည်ဘ၀ကိုကူးဖို့ဆိုတာ ရက်ပိုင်းမကြာပါဘူး အိမ်ထောင်သည်တစ်ယောက်ဟာ လူပျိုကြီးဆိုတဲ့ ဘ၀ကိုသေတောင်မရတော့ပါဘူး။
လူတွေကပြောသေးတယ် အကြင်နာတရားမရှိလို့ လူပျိုကြီးဖြစ်တာတဲ့ အကြင်နာအားတွေများပြီး အိမ်ထောင်တွေပြု နောက်ဆက်တွဲမယားကြီး မယားငယ် အပြိုင်အဆိုင်ထား ဖအေတူ မအေကွဲ သားသမီးမျက်နှာပေါက် အမျိုးမျိုးတွေကို ချစ်အားတွေပို ပြဿနာတွေယိုနဲ့ ဘာတဲ့ ပုဒ်မတွေတောင်ထုတ်ပြန်ထားသေးတယ် အိမ်ထောင်ရေးဖောက်ပြန်မှု့ မယားငယ်နေမှု့ သားသမီးမထောက်ပံ့မှု့အမျိုးမျိုးပါပဲ(ဒီပို့စ်ကိုဖတ်သူများထဲမှ ဥပဒေအကြောင်းနားလည်သူများပါပါက ပုဒ်မများကူညီရေးသားပေးကြပါရန်)ထို့ကြောင့် လူပျိုကြီးများသည် အကြင်နာမများပဲ တစ်ဦးတစ်ယောက်ထဲအတွက် အကြင်တရားကို ရေးသော အာဂစာပေပညာရှင်ကြီးလဲဖြစ်ပါတယ်။


            အပူအပင်ကင်းတဲ့ သူတွေထဲမှာ လူပျိုကြီးများလဲပါပါတယ် ကလေးတွေလိုပါပဲ သူတို့ဘ၀တွေဟာ
သားကျွေးမှု့ မယားကျွေး ခလေးကျေင်းစရိတ် စသည့်ဖြင့်အမျိုးမျိုးကုန်ရသော ငွေကြေးတွေ သုံးစရာမရှိတော့ အပူအပင် ကင်းမဲ့သလို လောဘတရားမရှိသူတွေလဲဖြစ်ပါတယ် အလှူ ဧည့်ခံပွဲများတက်ရောက်ရာတွင်လဲ လူပျိုကြီးများကို အိမ်ထောင်ရှင်များကအမှီမလိုက်နိုင်ပါဘူး အိမ်ထောင်ရှင်ဆိုကတည်းက ကလေးတွေတစီတတန်းနဲ့ အ၀တ်အစားကအစ ဘိုသီဘတ်သီဝတ်ပြီးလာကြပေမယ့်လဲ လူပျိုကြီးတွေကတော့
အ၀တ်ကိုကော့နေအောင်ဝတ်ပြီး အပူအပင်မရှိ ပွဲကိုအစမှအဆုံးအေးအေးဆေးဆေးနဲ့ နေနိုင်တဲ့ ကမ္ဘာကျော်မင်းသားများလဲဖြစ်ပါတယ် ။
           
             လူပျိုကြီးများဟာ သဒ္ဒါတရားနဲ့ ကုသိုလ်ကောင်းမှု့များကိုလဲ အိမ်ထောင်သည်များထက် ပိုလုပ်နိုင် ပိုလှူနိုင်ကြပါတယ်။ရပ်ကွက်ထဲမှာပဲကြည့်ပါ အလှူတစ်ခုခုလုပ်တော့မယ်ဆို လူပျိုကြီးများကို အရင်ရှာပြီး အလှူပွဲ အစမှအဆုံး အကူအညီတောင်းသူကများပါတယ် ထို့ကြောင့် ထိုအလှူများထဲမှ ကုသိုလ်များလဲသူတို့ရကြပါတယ်။နောက်တစ်ခု ပေးကမ်းစွန့်ကြဲခြင်းတွေများများလုပ်ပြီး လိုအပ်တဲ့ တောင်းဆုတွေကိုလဲ ဘုရားမှာ အမြဲဆုတောင်းကြပါတယ်(ဘာဆုတောင်းလဲတော့ လူပျိုကြီးတွေကိုမေးကြည့်ပေါ့နော်)။

             လူပျိုကြီးတော်တော်များများဟာ မုသား အလိမ်အညာစကားကင်းသူများဖြစ်တယ်လို့ပြောရင် သင်ယုံမလား?အမှန်ပါပဲ လူပျိုကြီးတွေဟာ အလိမ်အညာကင်းပါတယ် ဘာကြောင့်လဲဆို သူတို့ဟာ လွတ်လပ်စွာသွားနိုင် လာနိုင် ချူပ်ခြယ်မယ့်သူမရှိတော့ အိမ်ထောင်သည်တွေလို မိန်းမကြောက်ပြီး အနည်းဆုံး အရက်ဆိုင်ထိုင်နေရင်တောင် မိန်းမမေးလိုက် လက်ဖက်ရည်ဆိုင်ထိုင်နေတာပါလို့ အညာစကားသုံးကြရတာပဲ။အချိန်တန်လို့ အိမ်ပြန်မိန်းမပိုက်ဆံအပ်ဖို့မပြည့်လို့ မိန်းမကစစ်ကြည့် ဟိုဟာ ဒီယာနဲ့ အကြောင်းပြချက်အမျိုးမျိုးပြလိမ်ညာတတ်ကြတာတွေကြီးပဲလေ  လူပျိုကြီးတွေကတော့ ကိုယ့်ပိုက်ဆံကိုယ်ရှာ ကိုယ့်ဟာကိုယ်သုံးလိမ်ညာစရာဘာမှမရှိတော့ လိမ်ညာခြင်းကင်းကြတာပေါ့လေ။
         သက်တမ်းကြာတဲ့ ရုပ်ကြွင်းဆို ပညာရှင်တွေက စိတ်ဝင်စားသလို ရှေ့ဟောင်းပြတိုက်တွေမှာ ဘာလို့လူတွေများနေတာလဲ စိန်ဆိုတာရှားပါးပစ္စည်းမို့တန်ဖိုးမြင့်တာပေါ့ နှစ်ချို့ဝိုင်ဟာ သက်တမ်းကြာလေ အရသာရှိလေ လူတွေပို ကြိုက်လေမို့ လူပျိုကြီးဆိုတာလဲ တန်းဖိုးမဖြတ်နိုင်တဲ့ အနှိုင်းမဲ့ဂုဏ်တစ်ခုကိုပိုင်ဆိုင်ထားသူများဖြစ်လို့ လူတွေကလူပျိုကြီးလို့ခေါ်တာကို ပြုံးပြုံးလေးအခေါ်ခံလိုက်စမ်းပါ လူပျိုကြီးတို့ရေ  ။
(အကြံပေးခြင်း။   ။အမေများနေ့ အဖေများနေ့ ချစ်သူများနေ့ ဟိုနေ့ ဒီနေ့တွေအများအကြီးရှိပေမဲ့
တန်ဖိုးရှိသော လူပျိုကြီးများအတွက် ဘလော့ဂ်ဂါ ကိုကို မမ ညီ ညီမလေးများက ဆန္ဒမဲကောက်ခံပြီး လူပျိုကြီးများနေ့ ကိုသတ်မှတ်ပေးလိုက်လျှင်မည်မျှပင်ကောင်းလိုက်မည်မသိ)
မှတ်ချက်။    ။လူပျိုကြီးများဖက်မှ ဘက်လိုက်ရေးသားခြင်းမဟုတ်ပါ အမှန်တရားနဲနဲလေး သိသမျှချပြတာပါ ကျွန်တော်လဲ လူပျိုကြီးမဟုတ် အိမ်ထောင်သည်သာဖြစ်ပါသည်(ဒါက ကြော်ငြာတာ ဟီး) 
အပျိုကြီးများရဲ့ အလှတရား 
 လူ့ဘ၀ရဲ့ သက်တမ်း၃၀နှစ်လောက်နီးရင် လူတွေက အိမ်ထောင်မကျသေးတဲ့ ယောက်ျားလေးဆို လူပျိုကြီး လူပျိုသိုး မိန်းကလေးဆို အပျိုကြီးရယ်လို့တင်စားခေါ်ကြတယ်နော်။လွင်ပြင်လဲအတူတူပါပဲ တချို့မမတွေကိုအပျိုကြီးလို့ စနောက်တတ်ပါတယ်။သို့သော် သေချာတွေးကြည့်တော့ အပျိုကြီးတစ်ယောက်ရဲ့ ဂုဏ် ၊ အပျိုကြီးတစ်ယောက်ရဲ့ သီးခံနိုင်သည့် စွမ်းအား၊ လောကဒဏ်ကို တစ်ယောက်တည်းဖြတ်ကျော်ရဲသည့် သတ္တိ၊တိုင်ပင်ဖော်မလိုပဲ ဘ၀ကို ရည်ရွယ်သည့်ပန်းတိုင်ရောက်အောင် လျှောက်နိုင်သည့် ဇွဲ၊မည်သည့်အရာမဆို တစ်ယောက်တည်း ဆုံးဖြတ်နိုင်ကာ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ တစ်ကိုယ်တည်း ခံနိုင် စံနိုင်ရှိသော စွမ်းအား စသည့် လူပေါင်းများစွာ မလုပ်နိုင်သည့်အရာများကို လုပ်ဆောင်နိုင်သော အာဂလူသားများသာဖြစ်ပါသည်။

           အပျိုကြီး တစ်ယောက်ဖြစ်လာဖို့ဆိုတာ တော်တော်တော့ မလွယ်သည့်ကိစ္စပါ ပထမဆုံး အပျိုကြီး စလုပ်ပြီးဆိုတာနဲ့ သူငယ်ချင်း အပေါင်းအသင်းတွေရဲ့ စနောက်တဲ့ ဒဏ်ခံရပြီ အထီးကျန်မှု့ကို မဖိတ်ခေါ်ပဲ တဖြည်းဖြည်းရောက်လာတော့လဲ လက်ခံပေးရတယ်။ လူတွေရဲ့ ယောက်ျားမရတာကိုပဲ သနားသလိုလို အကြည့် လှောင်သလို အပြုံးတွေကို ခံနိုင်အောင် ကြိုးစားရတာ ဘယ်လောက်ခက်ခဲ လိမ့်မလဲနော်။ ညည်းနက်နက်မှာ မိုးတွေရွာ လေတွေတိုက် လျှပ်စီးဒဏ်တွေကြားမှာ တော်ယုံလူတွေတောင်ကြောက်နေရချိန်မှာ အပျိုကြီးတွေကတော့ မျက်လုံးလေ ပေကလပ် ပေကလပ်နဲ့ ဘုရားစာသာ ရွတ်ဆိုနေရတဲ့ ဒုက္ခကို တော်ယုံလူတွေကတော့ ခံစားနိုင်မှာမဟုတ်ပါဘူးလေ။ဒါကြောင့် သူတို့ဟာ ရဲ၇င်သတ္တိရှိပြီး
ကိုယ့်ကိုကို ယုံကြည်တဲ့သူတွေလဲ ဖြစ်တယ်။အရေးအကြောင်းဆို ဟိုလူ့အားကိုး ဒီလူ့အားကိုးနဲ့ သိမ်ငယ်တဲ့စိတ်မရှိသူတွေပေါ့။          နောက်တစ်ချက် အပျိုကြီးတွေဟာ ချစ်ခြင်းမေတ္တာကြီးမားသူတွေလဲ ဖြစ်တယ် သူတို့ဟာ အချစ်ကြီးချစ်ပြီး အချစ်ကို တစ်ယောက်နဲ့ပဲ သဂြိုလ်တတ်တော့ တစ်သက်မှာ တစ်ယောက်ပဲ ချစ်တတ်သူဖြစ်ပြီး အကြောင်းမလှလို့ ပေါင်းဖက်ခွင့်မရပေမယ့် တစ်ယောက်တည်းအပေါ် နားလည်ခွင့်လွတ်မှု့ အပြည့်နဲ့ အချစ်သစ်ကို မရှာပဲ သစ္စာရှင် ချစ်တတ်သူများဖြစ်ပါတယ်။           ကလေးလေးတွေ အများစုကိုကြည့်မယ်ဆိုရင်လဲ အပျိုကြီးတွေကို ပိုချစ်တတ်ကြတယ် ဘာကြောင့်လဲဆိုတော့ အပျိုကြီးအများစုဟာ ကလေးသိပ့်ချစ်တတ်လို့ပါပဲ သူတို့ ၀မ်းနဲ့လွယ်မမွေးရပေမယ့် တကယ့်ကို အကြင်နာတရားအပြည့်ထားပြီး ချစ်တတ်ကြပါတယ်ခွေးလေးတွေ ကြောင်လေးတွေဆိုလဲ အပျိုကြီးတွေရဲ့ အချစ်တော်လေးတွေပါပေါ့ ဒါဟာ ကြီးမားတဲ့ ကိုယ်ချင်းစာ တရားလက်ကိုင်ထားပြီး သူတို့လေးတွေ ငါမှ မကျွေး ငါမှ မပြုစုရင်ဆိုတဲ့ အတွေးလေးတွေကို လက်တွေ့ အကောင်းထည်ဖေါ်ပြီး စေတနာထားတတ်သူများဖြစ်ပါသည်။              အပျိုကြီးတစ်ယောက်ရဲ့ ရင့်ကျက်တည်ငြိမ်တဲ့ အလှကိုလဲ ဘယ်ကောင်မလေးတစ်ယောက်ကမှ တုနှိုင်းလို့ မှီမယ်မထင်ပါဘူး ။သူတို့ဟာ အလှကို ပေါ်စေယုံပဲပြင်တတ်ပြီး အလွန်းအကဲပြင်ဆင်မှုပများမရှိပေ။အ၀တ်အစားက အစ လူမြင်မတင့်သော အ၀တ်အစားကို ရှောင်ကျင်ကြသည် ဘာကြောင့်လဲဆို လူအများရဲ့ စိတ်ဝင်စားမှု့ခံရသော အပျိုကြီးများသည် လူအများပြောစကားကို အစကတည်းက ကာကွယ်ထားခြင်းဖြစ်ပါသည်။         ဘာပဲပြောပြောပါ အပျိုကြီးဆိုတာ ဖန်တီးယူလို့မရတဲ့ အရာပါ ပါရမီထူးလို့ အပျိုကြီးဖြစ်ရတာပါ။အိမ်ထောင်ကျသွားတဲ့သူတစ်ယောက်ဟာ ပိုက်ဆံဘယ်လောက်ပေးပေး အပျိုကြီးလုပ်လို့မရတော့ပါဘူး။အပျိုကြီးတစ်ယောက်ဟာ ဘယ်အချိန်ဖြစ်ဖြစ် အိမ်ထောင်ပြုလို့ ရပါတယ်။ရှားပါးပစ္စည်းဟာ တန်းဖိုး၇ှိပါတယ်။ဒီတော့ ဘာပဲဖြစ်ဖြစ် အပျိုကြီးတစ်ယောက်ဖြစ်ရတာ ဂုဏ်ယူစရာပါ။အားငယ်စရာ မရှိတဲ့ဘ၀မို့ ရဲရဲကြီးရှေ့ဆက်ကြပါ။  ပြီးပြည့်စုံတဲ့ အိမ်ထောင်သည်အလှ
 အိမ်ထောင်ကျတယ် အိမ်ထောင်ကျတယ်နဲ့ စကာလုံးတွေကို ခွဲခြားတွေးပြီး အိမ်ထောင်ပြုရမှာ ရင်လေးနေတတ်ကြတယ်ထင်ပ။
တကယ်တော့ လူတွေက အိမ်မှာထောင်ကျတယ်လို့ မှတ်ယူပြီးတော့ အိမ်ထောင်ပြုရမှာဝန်လေးနေတာလဲ
ဖြစ်နိုင်ပါတယ် ။
လူအမျိုးမျိုးစိတ်အထွေထွေဆိုသလိုပဲ ကိုယ်ထင်တာ ကိုယ်တွေးပြီး ရင်လေးတာ အပြစ်ပြောလို့မရပါဘူး။
လူမျိုးမျိုးထဲမှာ လူဖြစ်တဲ့ လွင်ပြင်အတွေးက ဒီလိုဗျ။
အိမ်ဆိုတာက ကိုယ်ချစ်တဲ့သူနဲ့ အတူနေပြီး မိဘအထောက်အပံ့အားလုံးကို စွန့်လွှတ်ပြီး ဆင်းရဲအတူ ချမ်းသာမကွဲပဲနှစ်ယောက်သားဘ၀ကို ကောင်းတူဆိုးဖက် ရင်ဆိုင်ဖို့ ဘ၀ရှေ့တန်းက ခံတပ်စခန်းတစ်ခုကို တည်ဆောက်ပြီးနေထိုင်တဲ့  တည်နေရာပေါ့  ။
ထောင်ကိုယ့်မှာ ပိုင်ဆိုင်တဲ့ ချစ်ခြင်း၊ ကြင်နာခြင်း၊ယုယတွယ်တာခြင်း၊မြတ်နိုးမှု့အစုစု၊ဂရုစိုက် အားကိုယ်လိုမှု့ ဘယ်မိန်းကလေးကိုမှ  ပေးအပ်လို့မရတဲ့
ခံစားချက်အ၀၀တို့ကသစ္စာအထုပ်ထဲထည့်သံယောဇဉ်ကြိုးနဲ့ခိုင်ခိုင်တုတ်ပြီး တည်ငြိမ်တဲ့စိတ် ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ ကိုယ်ချစ်တဲ့ ချစ်သူရဲ့ နှလုံးအိမ်ထဲကို လွတ်ရက်မလိုချင်ပဲ တသက်တာအတွက် တုနှိုင်းမမှီတဲ့ လောကရဲ့အခန်းနားဆုံးအဆောက်အဦးအဖြစ်ကိုယ်တိုင်ဝင်ခဲ့တယ်လို့သဘောထားပေးပါ။
တနည်းအားဖြင့် ဒုက္ခတွေအပြည့်နဲ့ မကောင်းတဲ့သူတွေ အပြစ်ပေးတဲ့ ထောင်လို့မမြင်ပဲ    အသစ်သဘောနဲ့ ချစ်သူကိုခြင်ကိုက်မှာစိုးလို့ ထောင်ပေးထားတဲ့ ခြင်ထောင်လို            အန္တရာယ်အသွယ်သွယ်ကာကွယ်ပေမယ့် ထောင်လို့မြင်ကြည့် ပေးပါ ။
                                        အိမ်ထောင်ပြုလိုက်ရင်လွတ်လပ်မှု့တွေပျောက်ဆုံးကုန်တယ်သွားချင်ရာသွားလို့မရ နေချင်သလိုမနေရလို့ စသည့် အကြောင်းပြချက်အမျိုးမျိုးကလဲအိမ်ထောင်ပြုရမှာကို ကြောက်စေပါတယ်။တကယ်တော့ လွတ်လပ်မှု့ဆိုတာ အတိုင်းအတာတခုပဲကောင်းပါတယ် ။
လွတ်လပ်မှု့နောက်ကွယ်က မကောင်းမှု့အမျိုးမျိုးနဲ့ ပျက်ဆီးခြင်းဆိုတာ ခဏတာတောင်မကောင်းပါဘူး။
အိမ်ထောင်ကျလို့ လွတ်လပ်မှု့တွေဆုံးရှုံးသွားတယ်ဆိုတာ
ကလဲ မဟုတ်ပါဘူး။ထိန်းသိမ်းမှု့ရဲ့အောက်က စည်းကမ်းသတ်မှတ်ချက်နဲနဲလေးပါပဲ
စည်းကမ်းထားတယ်ဆိုတာကလဲ ချစ်ခြင်းစာအုပ်ထဲက စာမျက်နှာတချို့ပါပဲ အမျိုးသမီးတွေဟာ မိမိခင်ပွန်းကို စိုးရိမ်စိတ်ကြီးစွာနဲ့ လုပ်ငန်းတာဝန်ပြီးဆုံးချိန်မှာ
မိမိရဲ့ မျက်စိရှေ့မှာထားပြီးတော့ လိုအပ်သမျှလုပ်ပေးမယ် လင်ယောကျာ်းရဲ့ အကြင်နာကို အပြည့်အ၀လိုချင်တဲ့ ချစ်ခြင်းရဲ့ အတ္တအတွက် ဟိုမသွားရဘူး
ဒီမလာရဘူးလို့ သတ်မှတ်တာကို အပြစ်လို့မမြင်ပဲ ကိုယ့်အတွက်ပြောပါလားလို့ဖြည့်တွေးပေးရင် လွတ်လပ်မှု့မရှိဘူးဆိုတဲ့ စာမျက်နှာဟာ အိမ်ထောင်ရေးကျမ်းမှာ အလိုလိုပျောက်သွားပါလိမ့်မယ်  ။အိမ်ထောင်ရှင်တွေဟာ မိန်းမပဲဖြစ်ဖြစ် ယောက်ျားပဲဖြစ်ဖြစ် စိုးရိမ်စိတ်ကြီးတတ်ကြပါတယ်။
အမျိုးသမီးဟာလဲ အိမ်မှာအိမ်အလုပ်လုပ်နေပေမဲ့ စိတ်က ချစ်လင်အပေါ်မှာ အမြဲရောက်ပြီး အိမ်က ယောကျာ်းထွက်သွားကတည်းက ကျောပြင်ကိုကြည့်ပြီး
လမ်းသွားရင် ဘာများဖြစ်မလဲ ကားတွေများတဲ့လမ်းမှာဆိုကားအန္တရာယ်ကိုစိုးရိမ်ရ လူပြတ်တဲ့လမ်းသွားရင် လူဆိုးတွေနဲ့များတွေ့မလား လုယက်မှု့များခံရပါ့မလားနဲ့ လူကအိမ်မှာ စိတ်ကယောကျာ်းနောက်လိုက်ပြီးပူပန်နေကြရတာပေါ့ စားချိန်ရောက်ရင်လဲ သူစားကောစားပြီးပြီလား အိမ်ပြန်စားတဲ့သူဆို စားချိန်မှပြန်မရောက်ရင် ဘာလို့လဲ အလုပ်ထဲမှာအဆင်မပြေလို့ နောက်ကျနေတာလားဆိုတဲ့အတွေးတွေနဲ့စိတ်ကို အမြဲပူပင်စေတာပေါ့။ယောကျာ်းတွေလဲ အတူတူပါပဲ မိန်းမသာအိမ်မှာထားပြီး အလုပ်လုပ်နေပေမဲ့ စိတ်ကတော့ မိန်းမအိမ်မှာတစ်ယောက်တည်း ကြောက်နေမလား ပျင်းနေမလား ဒီအချိန်သူဘာများလုပ်နေမလဲ အ၀တ်လျော်နေလို့ ရေချိုးခန်းထဲများ ချော်လဲမလား ထမင်းဟင်းချက်ရင်း အပူလောင်မလား ဂတ်အိုးတွေကလဲလုံပါ့မလား တခုခုဆိုတဲ့ အတွေးတွေနဲ့ လူပင်ပန်း စိတ်ပင်ပန်းနဲ့ပေါ့။တစ်နေ့တာရဲ့ လူပင်ပန်း
စိတ်ပင်ပန်းမှု့တွေဟာ အလုပ်ပြီး အိမ်အပြန် တစ်ယောက်မျက်နှာ တစ်ယောက်တွေ့တော့လဲ အလိုလိုပျောက်ပြီး ကြည်နူးမှု့အပြည့်နဲ့ နေ့ရက်တွေကို ကုန်ဆုံးစေတာဘယ်လောက်ကြည်နူးဖို့ကောင်းလဲနော်။
 လင်ရယ်မယားရယ်လို့ဖြစ်လာရင် ထောက်ထားညှာတာမှု့နဲ့ နောက်ပြန်ကြည့်တတ်တဲ့ စာမျက်နှာတစ်ခု ဘ၀စာမျက်နှာမှာ အလိုလိုတိုးလာ
ခဲ့တယ် ထောက်ထားညှာတာ နောက်ပြန်ကြည့်တတ်တယ်ဆိုတာကတော့ မကောင်းမှု့တစ်ခုခုလုပ်တော့မယ် ဆိုရင် ငါတကယ်လို့ တစ်ခုခုဖြစ်သွားရင်
ငါ့မိန်းမတော့ လောကအလယ်မှာ အားကိုးရာမဲ့မျက်နှာငယ်နေတော့မှာ
ပဲဆိုတဲ့စိတ် အရှက်ကွဲအကျိုးနဲစေမဲ့ အလုပ် ဥပမာ မယားငယ်နေတာပဲဖြစ်ဖြစ်
ခိုးဝှက် မကောင်းမှု့ဒုစရိုက်စတာတို့ကိုလုပ်လို့ ပေါ်သွားရင် ပတ်ဝန်းကျင်မှာ ငါ့မိန်းမတော့မျက်နှာငယ်နဲ့ ဘ၀ကိုဖြတ်သန်းရတော့မှာပဲဆိုတဲ့ ရှေ့ဖြစ်လာမယ့်အရာကို နောက်ပြန်မိန်းမကိုလှည့်ကြည့်လာတတ်တာတွေကြောင့် အိမ်ထောင်ရှင်တွေဟာအမှားနည်းလာကြတယ်လို့ထင်ပါတယ် ။စားတဲ့နေရာမှာပဲဖြစ်ဖြစ် သွားတဲ့နေရာမှာပဲဖြစ်ဖြစ် အိမ်ထောင်ရှင်တွေဟာ တကယ့်ကို
ကြည်နူးစရာကောင်းသလို အားကိုးရာနဲ့ အားကိုးခံပီတိလေးတွေကတော့ အိမ်ထောင်မဲ့တွေထက် အနှိုင်းဆမဲ့သာပါတယ် ။အစားစားရင်လဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ငပိနဲ့စားရပေမဲ့လဲ ပီတိလေးခတ်ထားတဲ့ဟင်းဆိုတော့ အရသာက သာမညမဟုတ်တော့ပဲ အဟာ၇အပြည့်နဲ့
နတ်သုဒ္ဓါနဲ့ ဘယ်လဲနိုင်ပါ့မလဲ( နတ်သုဒ္ဓါဘယ်လောက်ကောင်းတယ်ဆိုတာ မစားဖူးတော့မသိပေမဲ့ သူချက်တဲ့ ငပိတခွက်ကတော့ တော်တော်ကောင်းပါတယ်)ဒါကလဲ စကားအဖြစ်ပြောတာပါ မိန်းမတွေဟာ သူတို့တာ ဖြစ်သလိုစားချင်စားမယ် ကိုယ့်ယောက်ျားကိုတော့
ကောင်းသထက်ကောင်းတဲ့ ဟင်းကိုပဲချက်ကျွေးပြီး ယောက်ျားက အရမ်းစားကောင်းတာပဲလို့ပြော သူတို့မျက်နှာက အာဖရိက ကစိန်တစ်တုံးရသလိုပဲပျော်နေတတ်ကြတာ အိမ်ထောင်ရှင် မိန်းမတွေပါ။
လူ့ဘ၀ဆိုတာ အခက်အခဲတော့ရှိတတ်ကြတာပါပဲလေ ဘာပဲဖြစ်ဖြစ် ကြုံလာမဲ့ လောကဓံကို ကြံ့ကြံ့ခံပြီး
ဘ၀တစ်ခုကို ရဲရဲရင်ဆိုင်နိုင်ဖို့လဲလိုပါတယ် လွင်ပြင်ဖြတ်သန်းခဲ့တဲ့ဘ၀မှာ နှစ်ယောက်အတူ ကြက်ဥတစ်လုံး
နှစ်ယောက်အတူစားရတဲ့ မနက်စာတွေရှိသလို ကြည့်စရာTVမရှိလို့ ဇနီးသည်ပျင်းနေမှာစိုးလို့ စာအုပ်အဟောင်းလေးတွေ သူများဆီတောင်းပြီးဖတ်ပြရတဲ့ ညလဲမနည်းပါဘူး။အပျင်းပြေ ဆော့စရာ ဂိတ်စက်မရှိတဲ့ဘ၀မို့ စာရွက်လေးမှာ အကွက်ဆွဲပြီး ကျားကွက်နှစ်ယောက်အတူကစားပြီး ပျော်ခဲ့တာလဲမမေ့ပါဘူး။ဘာပဲဖြစ်ဖြစ် ကြိုးစားမှု့တိုင်းမှာ သူ့မျက်နှာလေးရှိနေတော့ စိတ်ဓါတ်ကျ အားငယ်နေတဲ့ အချိန်တောင်မရှိခဲ့ပါဘူး။
အရာရာတိုင်းမှာ သူ့အတွက်သူ့အတွက်ဆိုတဲ့စိတ်နဲ့ ရိုးသားစွာကြိုးစားပါ မပြည့်စုံတဲ့ဘ၀ ခဏလေးနဲ့ပျောက်သွားပါလိမ့်မယ်။
ဘာပဲဖြစ်ဖြစ် တစ်ကိုယ်တည်းအထီးကျန်ဆန်ပြီး တိုင်ပင်ဖော်မရှိတဲ့ ဘ၀ကြီးထဲမှာ အသက်ရှင်ရပ်တည်မဲ့အစား  အိမ်ထောင်ပြုမယ့် အရွယ်ရောက်ရင် ကိုယ်ချစ်တဲ့သူနဲ့ ဘ၀ကို ကြည်နူးစွာ ရင်ဆိုင်ဖြတ်သန်းတာဟာ လူ့လောကရဲ့ အလှတစ်ခုပါပဲလေ  ။




(မှတ်ချက်။  ။သိသမျှ လက်တွေ့ခံစားရတဲ့ ဘ၀ထဲမှ မရေးတတ်ပဲ အတွေးများကို မျှဝေခြင်းဖြစ်ပါသည်။)
လွင်ပြင်လှိုင်းငယ်
မှတ်ချက်။   ။အရင်ရေးဖူးသည့် ပို့ဟောင်းများအား စုစည်းတင်ပြပါသည်(တကယ်တော့ ဆားချက်တာပါ)
 

ကဗျာတွေပျိုးတဲ့ သံစဉ်ပန်းချီရဲ့ ပဲ့ကိုင်ရှင်မလေး

Tuesday 12 June 2012

19 comments
ကာရံတွေစုပ်ယူထားတဲ့
မင်းနှုတ်ခမ်းက
သွန်ချလိုက်တဲ့
ခံစားချက်တွေက
ငါ့အတွက်
တန်းဖိုးဖြတ်မရတဲ့ကဗျာတစ်ပုဒ်ပါ  ။

သံစဉ်တွေ စီးမြောနေတဲ့
မင်းလက်တစ်စုံရဲ့
အထိအတွေ့မှာ
ငါဟာ
ကမ္ဘာကျော်တေးသွားတစ်ပုဒ်
နားဆင်လိုက်ရသလိုမျိုးပဲ ။

ကောင်းကင်မှာ တိမ်တွေ ပန်းချီခြယ်သလို
ငါ့နှလုံးသား လွင်ပြင်မှာ
မင်း နှလုံးသွေးစပ် ခြယ်သထားတဲ့
အဖြူရောင် အောက်ခံ
အပြာရောင်သွေးသား(ဆေးသား)တွေကေ
တာ့
သံသရာအဆက်ဆက်ဖျက်ရတော့မယ် မထင်ပါဘူး  ။
အမြစ်တွေ ရေငတ်
ခြောက်သွေ့တဲ့ အကိုင်းအခက်နဲ့
ပင်စည်ကမခိုင်
ယိုင်လှဲလု သစ်ပင်ကိုမှ
မေတ္တာရည်ရေလောင်း
ထက်မြက်တဲ့ လက်စုံနဲ့
ပြုစုပျိုးထောင်
မင်းဟာ
ငါ့ရဲ့ ဥယျာဉ်မှူးတစ်ယောက်ပါ  ။

လေတွေဘယ်လောက် ရမ်းရမ်း
လှိုင်းတွေဘယ်လောက်ကြမ်းကြမ်း
ကမ်းဆိုတဲ့ နေရာကို
အရောက်လှမ်းဖို့
ကံကိုပုံမချပဲ
တက်မရှိရင်တောင်
လက်ထဲမှာ ချစ်ခြင်းတွေ ဆုပ်
အပြုံးတစ်ချက်မပျက်ပဲ
လိုရာခရီးကို မညှီးမငြူ ပို့ဆောင်ပေးတာ
မင်းဟာ ငါ့ဘ၀ရဲ့ ပဲ့ကိုင်ရှင်လေးပါ ။


လွင်ပြင်လှိုင်းငယ်

မယားချစ်ဆေး

Sunday 10 June 2012

16 comments
မယားစိတ်ချမ်းသာအောင်
ဘီယာဆိုရင် ရှောင်
အရက်ဆို ယောင်လို့တောင် လှည့်မကြည့်နဲ့
ချစ်ရင်မမူးနဲ့ မူးရင်မချစ်နဲ့ဗျ။

ချဲ ထီ ဘောလောင်း
အနှိပ်ခန်းမှာ ပျော်
မကောင်းတဲ့နေရာမှာ တော်တတ်တဲ့
ဘော်ဒါဘော်ကျွတ်တွေလဲ
ဝေါင်ဝေါင်ရှေး  ဝေးဝေးရှောင်ပါ့မယ်  ။

လက်ဖ၀ါးတော်နုနုမှာ
သွေးချေ ဥ မလား
ခြေဖ၀ါးတော်လေးများ အက်ကွဲမလားနဲ့
ဒီမောင်မှာ အတွေးပေါင်းများစွာနဲ့မို့
လေးပင်ရင် ချည်မျှင်တောင်မသယ်ပဲ
မီး ဖိုချောင်ဆို ယောင်လို့တောင်မလာနဲ့
ထု ထောင်း ချက်ပြုတ် မောင်ပဲလုပ်မယ် ။

ချူချူချာချာနဲ့ လူဖြစ်လာတဲ့ သဲဦး  လေးမို့
ခြေလက်အေးရင်
နှာစေး ချောင်းဆိုး
ရောဂါတွေတိုးမှာစိုးလို့
အလျော် အဖွတ်
မီးပူဆိုလဲ မောင်ပဲတိုက်မယ်
ဘေးနားမှာ အေးအေးလေးပဲထိုင်နေကွယ် ။

ပိုက်ဆံဆိုတဲ့အရာ
ယောက်ျားတွေနားထားရင်
မမှားသင့်တာ မှား
မသွားအပ်တဲ့နေရာတွေ သွား
များများဖြုန်းတော့ ဘ၀ပါ ပါးမှာမို့
မောင် ရှာသမျှ
မေ့ ကိုသာ အကုန်အပ်ထားပါမယ့် အိမ်ရှင်မလေးရယ် ။

စာရင်းတွေချူပ်
ရင်ထဲကရေးချရရင်

အချက်အပြုတ် မောင့်အလုပ်
လက်သည်းဆိုး တာ "မ" အလုပ်

လျော်တာ ဖွတ်တာ မောင့် တာဝန်ထား
မိတ်ကပ်လိမ်းခြယ် ရှောပင်ထွက်ရင်း
လိုသမျှ ၀ယ် "မ"တာဝန်ကွယ်   

များများရှာ နဲနဲသုံး
ရသမျှအပ် 
ယောက်ျားမြတ်

လှလှဝတ် များများသုံး
လိုသမျှဝယ်
မိန်းကလေးရယ်  ။


မှတ်ချက်။    ။ဟာသအနေနှင့်ရေးဖွဲ့ခြင်းဖြစ်ပါသည် ။မည်သူနှင့်မှ မသက်ဆိုင်ပါ။ အနည်းငယ် ပြုံးမယ်ဆိုရင်
                    ဟာသလေးအတွက် ကျေးနပ်ပါသည်။


လွင်ပြင်လှိုင်းငယ်
                    

သူမ

Thursday 7 June 2012

18 comments
အိပ်မက်တစ်ခုရဲ့ အစပျိုးပြီး အဆုံးမသတ်သေးခင် အခန်းရဲ့ ပြူတင်းပေါက်ခန်းစီးစနှင့် သူမအလှဆင်ထားသောကျောက်ဆစ်ပန်းဆွဲလေးနှစ်ခု လေပြေရဲ့ ကျီစယ်မှုကြောင့် လွှင့်ထွက်လာတဲ့အသံဟာ ကျွန်တော့်ကို အိပ်မက်ကမ္ဘာမှ လက်တွေ့ကမ္ဘာထဲသို့ ခေါ်ဆောင်လိုက်ပါသည်။မျက်လုံးဖွင့်ပြီး ဘေးသို့ကြည့်လိုက်တော့ သူမ  အပြစ်ကင်းစင်တဲ့ မျက်နှာလေးနှင့် ကလေးတစ်ယောက်လို အိပ်ပျော်နေပါသည်။ ညကနေမကောင်းလို့ ညနက်သည်အထိ သူမ အိပ်မပျော်ခဲ့ဟန်မတူ။ သူမနေမကောင်းလျှင် ကျွန်တော် စိတ်ပူမည်ကိုစိုးသောကြောင့် တစ်ယောက်ထဲ ကြိတ်မှိတ်ခံစားရင် ကျွန်တော်ဘေးမှာ အိပ်ချင်ယောင်ဆောင်ပြီးဝေဒနာခံစားရင်း အိပ်မပျော်တဲ့ညတွေလဲ သူမမှာ များနေပြီထင်ပါသည်။ အိပ်ပျော်နေသည့် သူမ မျက်နှာလေးကိုငေးပြီး သူမရင်ထဲကိုမြင်နိုင်သမျှကြည့်မိပါသည်။

 သူမလောကအလယ်ကိုရောက်ကတည်းက တစ်ယောက်တည်း အဖော်မဲ့စွာ မိဘတွေရဲ့ မေတ္တာကို ဘယ်သူ့မှ ခွဲမပေးရဘဲ တစ်ဦးတည်း ပိုင်ဆိုင်ခဲ့ရသည်။ အချစ်ကြီးချစ်ကြပေမယ့် နားလည်မှုတွေလွဲမှားနေရင်း ငါ ဆိုတဲ့ အတ္တကိုပိုင်ဆိုင်ထားကြတဲ့ မိဘတွေကြားမှာ ဘယ်သူ့ကို ပိုချစ်လဲ မေးခွန်းကိုဖြေရမှာ သူမဘ၀ မှာအကြောက်ဆုံးပါပဲ။ ချူချူချာချာနဲ့ လူဖြစ်လာရတဲ့ သူမ ဘ၀မှာ ဖခင်ရဲ့ ပခုံးထက် လောကကြီးကို ခပ်မြင့်မြင့်လေးကြည့်ပြီး ကျောင်းသွားရတာကို အပျော်ဆုံးပဲလို့ မကြာမကြာပြောပြတတ်ပါတယ်။ ကြိတ်ပြီးချစ် အိပ်မှ နမ်းတတ်တဲ့ မိခင်ရဲ့ အနမ်းကို အိပ်ချင်ယောင်ဆောင်ပြီး အနမ်းခံရတာလဲ သူမ ဘ၀မှာ အကြည်းနူးဆုံးနဲ့ အရမ်းလှပတဲ့ ညတွေပဲပေါ့။ပြည့်စုံခြင်းတွေပိုင်ဆိုင်ထားပေမယ့် ကိုယ်ပိုင်ခံစားချက်တွေကို လက်တွေ့ဘ၀မှာချပြဖို့ ၀ါသနာဆိုတဲ့ ခံစားချက်ကို ရင်ထဲမှာသော့ခတ်ထားခဲ့ရတယ်။ ကဗျာတစ်ပုဒ်အတွက် မိခင်ရဲ့ တုတ်ချက်ပေါင်းလဲမနဲခဲ့ပါဘူး။သူမကောင်းစားစေချင်တဲ့ မိခင်က ပညာရေးအပြင် ဘယ်အရာမှ စိတ်ဝင်စားဖို့မလိုဘူးဆိုတဲ့ အကြောင်းပြချက်နဲ့တင် ကျောင်းနံရံ့ကပ်စာစောင်တွေမှာသူမ ရေးတဲ့ ကဗျာတွေ စာတွေလဲ ကြေကွဲစွာနှုတ်ဆက်ထွက်ခွာသွားခဲ့ရတယ်။သမီးကောင်းစားရေးဆိုတဲ့ အကြောင်းပြချက်ခေါင်းစဉ်အောက်မှာတစ်ကိုယ်တည်း အထီးကျန်စွာ အဆောင်သူဖြစ်ပြီး အဆောင်ရဲ့ ထမင်း ဟင်းနဲ့ ဘ၀ကိုနှစ်တွေအများကြီးကျော်ဖြတ် ပညာတွေသင်ရင်း မကြာမကြာမိခင်ပို့ ပေးတတ်တဲ့ သူမ အကြိုက်အစားအစာတွေကို စားရင်း မျက်ရည်တွေလဲ
ကျဖူးခဲ့တယ်။ကျောင်းပိတ်ရက်တွေမှာ မိခင်အနားနေပြီး အတိုးချချစ်ပြရတဲ့ နေ့ ရက်များနှင့် ညည မိခင်အပေါ်ခွအိပ်ရတဲ့ အရသာတွေဟာ သူမ ဘ၀မှာ တန်ဖိုးဖြတ်မရတဲ့ ကြည်နူးစရာအချိန်လေးတွေပဲပေါ့။
 အချိန်ဆိုတာ ရေခဲတုံးကို အပူကတဖြေးဖြေး   ဖဲ့ယူဝါးမျိုသလိုပါပဲ ကုန်မှန်းမသိကုန်လွယ်လွန်းလိုက်
တာ။ တရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့ စကားကို နားယောင်တတ်တဲ့အမေက သူမကိုတပြည်တရွာမှာ ပညာတွေရှာဖို့ဆိုပြီး အလွမ်းတွေထုပ်ပိုးပြီး သူနှင့်ဝေးရာကို မျည်ရည်တွေရင်းပြီးပို့လိုက်ပါတယ်တဲ့။ အကြောင်းကြောင်းကြောင့် စာပေပညာကို ဆုံးခန်းတိုင်မသင်နိုင်ပေမယ့် ဘ၀ပညာတွေကိုတော့ အမောတွေနဲ့ သူမ သင်ယူလိုက်နိုင်ပါတယ်။   နေ့ရက်တွေကို တစ်ယောက်တည်း အထီးကျန်စွာ မိခင်ရဲ့ အဝေးမှာဖြတ်ကျော်နေရင်း
ဘ၀ဆိုတာ အလွမ်းသက်သက်ပဲလားလို့တောင်သူမေ
တွးချင်တွေးနေပါလိမ့်မည်။တခါတခေါက်လောက် မိခင်ဆီပြန်တဲ့ အချိန်တွေဟာ ဘ၀မှာမောသမျှ ပင်ပန်းသမျှတွေပျောက်ပြီး မိခင်ရဲ့ ကြင်နာမှုတွေကို ငယ်ငယ်တုန်းကထက်ကို သူမ ပိုခံစားမိတယ်လို့ အားတဲ့အချိန်တိုင်း အပျော်မျက်နှာလေးနှင့် ပြောပြတတ်ပါတယ်။
 သူမ နှင့် ကျွန်တော် စတွေ့တုန်းက သူမ ကိုအရမ်းမာနကြီးတဲ့မိန်းမ တစ်ယောက်လို့ထင်မိတာကို ရိုးသားစွာ ၀န်ခံပါသည်။ဘာကြောင့်လဲဆိုတော့ စကားပြောလဲကောင်းကောင်းပြန်မပြောဘူး နှုတ်ဆက်လဲ မသိသလိုနဲ့ တော်တော်အမြင်ကတ်ဖို့ကောင်းပါတယ်။
ဒါပေမယ့် သူငယ်ချင်းဘ၀မှစ ချစ်သူအလယ် ဇနီးမယားအဖြစ် ဘ၀နှစ်ခုကို ဘ၀တစ်ခုပေါင်းသည့်အထိ သူမ အကြောင်းကို တဖြေးဖြေးသိလာရာမှ သူမ မာနကြီးခြင်းမဟုတ် ငယ်ငယ်ကတည်းက
တစ်ယောက်တည်းနေရတာများသောကြောင့်လူတွေကို ကြောက်နေပြီး စကားပြောရမှာမရဲသောကြောင့်ဖြစ်သည်။
သိလိုက်ချိန်မှာတော့ ကျွန်တော့်စွပ်စွဲချက်ကို နောင်တရမိပါသည်။
သူမနှင့်ကျွန်တော် ချစ်ခရီးလမ်းသည် ဖြောင့်ဖြူးသာယာသော စိန်စီထားသောလမ်းမဟုတ်။ သို့သော် တစ်ဦးလျှောက်မယ့် လမ်းမှ ချိုင့်ရှိနေရင် တစ်ယောက်က သစ္စာမြေမှုံလေးတွေ ဖို့ပေးပြီး အပြန်အလှန်ခရီးဆက်ကြတယ်။ သွားမယ့် လမ်းက ပြတ်နေရင် နှလုံးသားကို တံတားထိုးပေးပြီး လိုရာခရီးကို ရောက်အောင်လျှောက်ကြတယ်။ဝိုင်ချ
ိုချိုတွေမသောက်နိုင်သေးတဲ့ ချို့တဲ့တဲ့ဘ၀မှာ မေတ္တာရည်တွေ အပြန်အလှန်တိုက်ပြီး ဘ၀ကို အမောတွေပြေစေခဲ့တယ်။ နားလည်ပေးမှုတွေ ထမ်းပိုးရလွန်းလို့ သူမ ဘယ်လောက်ပဲ လေးလေး တစ်ချက်လေးမှ အပြုံးမပျက်ခဲ့ဖူးပါဘူး။လေညှင်းကြားမှာ လေပြေရဲ့ အရသာကို သူမ ခံစားတတ်သလို မုန်တိုင်းကြားထဲရောက်လဲဟန်ချက်မပျက်ပဲကျွန်တော့်လက်ကို  မြဲမြဲကိုင်ပြီး လေပြေလာသည့်အထိစောင့်နိုင်သည့်သူပါ။
သူမဟာ ယုန်အသဲစားပြီးမွေးဖွားသလားထင်ရအောင် ကြောက်တတ်ပေမယ့် အမှန်တရားအတွက်ဆို ကျားရဲတောကို အဖော်မပါပဲ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ဖြတ်ကျော်ရဲသူလို့ ကျွန်တော်ပြောရင် သင် ယုံပါ့မလား။ ကံကြမ္မာအလှည့်အပြောင်းကြောင့် စားစရာက ကြက်သားက ကြက်ဥဖြစ်သွားတတ်တဲ့ အခါမျိုးမှာ သူမက ကြက်ဥတစ်လုံးရှိရင် တစ်လုံးပြုတ် လေးစိပ် စိပ်
တစ်စိပ်ကို သူစားပြီး သုံးစိပ်ကို ကျွန်တော့်ကိုကျွေးပြီး စားရတဲ့ ကြက်ဥတစ်လုံးအတွက် ဘုရားရှင်ကို ကျေးဇူးတင်တတ်သူလဲ သူမ ပါပဲလေ။ ချူချူချာချာ လူဖြစ်လာရတဲ့ သူမဘ၀မှာ နေထိုင်မကောင်းလို့ သူမ မလျှော်မဖွတ်နိုင်ဖြစ်ချင်ဖြစ်နေပေမယ့် ကျွန်တော်လစ်ရင်တော့ ကျွန်တော့်အ၀တ်အစားတွေကို သေချာလျှော်လှန်း မီးပူတိုက်ပြီး အစီအရီထားတတ်တဲ့


သူမကို ဂရုဏာဒေါသနဲ့ဆူရင် မောင် မရှိတုန်းသက်သာလာတာနဲ့ ကိုယ်လက်လှုပ်ရှားမှုလဲဖြစ်အောင် ၂ရက်စာလောက်လေးလျှော်ထားတာပါလို
့ အတွန့်တက်ပါလိမ့်မည်။သူမ ကျွန်တော့်ကိုစည်းတွေဘောင်တွေနဲ့မထားတတ်ပေမယ့် စည်းကျော် ဘောင်လွတ်မှာကိုတော့ စိုးရိမ်ပြီး မိခင်တစ်ယောက်လို လေပြေအေးလေးနှင့် ပြောပြတတ်ပါသည်။ သူလိုချင်တာရှိလျှင်လဲ မတောင်းဆိုတတ်ပဲ
ဟိုဟာလေးက လှလိုက်တာ ဒီဟာလေးက မိုက်တယ်နော်ဆိုပြီး ညီမတစ်ယောက်က အကိုအပေါ်ကို ချွဲသလိုလေးနှင့်ပြောပြတတ်တာလဲ ကျွန်တော့် ညီမလေး သူမပါပဲလေ။ အတုမြင်အတတ်သင်မကောင်းတဲ့ အပေါင်းအသင်တွေ အိမ်လာများရင်တော့ သူမက အမကြီးတစ်ယောက်လို အမုန်းခံပြီး ဘော်ဘော်တွေကိုလဲ ကောလွတ်တတ်ပါတယ်။ သူမနဲ့ကျွန်တော်ဟာ လင်မယားဆိုပေမယ့် ပေါင်းသင်းဆက်ဆံရေးက သူငယ်ချင်းလိုနေတာကများပါတယ်။ သူမ မိခင်ဆီကို ဖုန်းဆက်ရင်လဲ ကျွန်တော်သူ့အပေါ်ကြင်နာကြောင်း ချစ်ကြောင်း ဘယ်လို အလိုလိုက်ကြောင်းနဲ့ တစ်ခါတလေ သူမ နေထိုင်ကောင်းကြောင်းတောင်မပြော
ဖြစ်ပဲ ဖုန်းကျသွားတတ်တာ အခါခါပါပဲလေ။
ကျွန်တော် အလုပ်သွားချိန်ဆို သူမ တစ်ယောက်တည်း အိမ်အလုပ်တွေလုပ်ရင်း ကျွန်တော်အလုပ်ထဲမှာအဆင်ပြေပါ့
မလား ဘာလား ညာလား အတွေးပေါင်းစုံနဲ့ ကျွန်တော်ပြန်လာမယ့်လမ်းကို
ထွက်ထွက်ပြီးမျှော်နေတတ်ပါသည်။နှစ်ယောက်တည်း ညဘက် အိပ်မပျော်လျှင်လဲ ကျွန်တော်လက်ကိုဆွဲ ၀ရန်တာကိုထွက် ကြယ်လေးတွေကိုကြည့်ပြီး ကလေးတစ်ယောက် ရေတွက်နေတတ်တဲ့သူမကို အရူးမလေးလို့ ခေါ်လျှင် ကျေနပ်စွာ ကြည်နူးစွာ သူ့နာမည်လေးက လှတယ်နော်လို ပြောတတ်ပါတယ်။ တခါတလေ တရေးနိုးလို့ သူ့ကိုကြည့်လို့ဘေးနားမှာမရှိရင် လိုက်ရှာကြည့် မျက်မှန်ကိုတပ် လက်တော့အနားမှာ ပြုံးလိုက်ရီလိုက်နဲ့ တစ်ယောက်တည်း အလုပ်ရှုပ်နေတတ်ပါသည်။ မီးဖွင့်ပါ့လား မျက်လုံးထပ်ပျက်နေအုံးမယ်လို့ပြောလျှင် ချက်ချင်းပဲ မီးဖွင့်ရင် မောင်နိုးသွားမှာစိုးလို့ အိပ်နေရင်း ကဗျာလေးတစ်ကြောင်းရတာ ထမှတ်ရင်းနဲ့ သူငယ်ချင်းတွေနဲ့ ပြောနေတာလို့ အဆူခံရတော့မယ့်ကလေး အဆူမခံဖို့အရေး လေပြေသွေးနေသလိုပါပဲလေ။
ဘ၀မှာလိုအပ်ချက်တွေအရမ်းများပေမယ့် တကယ့်အစစ်အမှန်လိုအပ်ချက်က လက်ချိုးရေးတွက်ကြည့်လို့ ရမယ်ထင်ပါတယ် ။ကျွန်တော့်ဘ၀ရဲ့ အစစ်အမှန်လိုအပ်ချက်ထဲမှာ သူမ တစ်ယောက်လဲပါပါတယ်။သူမဟာ ကျွန်တော့်အတွက်တော့ ဘုရားပေးတဲ့ဆုတစ်ခုပါပဲလေ။ကျွန်တော့် ဘာတွေလိုအပ်နေလဲ ဘာတွေမကျေမနပ်ဖြစ်နေလဲ ဘာစားချင်လဲ အစစအရာရာကို သူမ ကသိနေတယ်။ဘာကြောင့်သိလဲ မေးကြည့်ဖူးတယ် အဖြေကရှင်းရှင်းလေးပဲ မောင်က ကျွန်မရဲ့ မှန်လေး တဲ့လေ။ကျွန်တော်လဲ သူ့ စိတ်ခံစားချက်တွေကို ဒီထက်ပိုပြီး မြင်နိုင်အောင် ပိုကြိုးစားကြည့်ရဦးမယ်။
ဘာလိုလိုနဲ့ ဒီအချိန်ဆို အိမ်မှာတစ်ယောက်တည်း သူမ ၀ရန်တာကိုထွက်ပြီး ကြယ်တွေကိုရေတွက်ရင်း ကျွန်တော့အပြန်လမ်းကို စောင့်မျှော်နေလောက်ပြီပေါ့။


လွင်ပြင်လှိုင်းငယ်

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :