လှိုင်းကြမ်း လေရမ်း မုန်တိုင်းလမ်းကြားထဲ အတ္တကျောပိုးအိတ်မှာ စုတ်ပြဲနေတဲ့ မာနအပုပ်အသိုးအချို့ လောဘမုဆိုးတွေကြား ပြေးလွှားရတာများလွန်းလို့
ပါးလှပ်လှပ် မောဟ ဖိနပ်တစ်ရံ မာယာဝတ်ရုံအပေါက်အပြဲနဲ့လူတစ်ယောက်အတွက် နားခိုစရာ အေးမြရိပ်ကို ရှာဖွေခရီးဆက်ရင်း........
မောပန်းလွန်းလို့ လေးလံတဲ့ ခြေတစ်စုံကို ရှေ့မဆက်နိုင် ပြာဝေနေတဲ့ မျက်ဝန်းမှာ စိမ်းလန်းတဲ့ တောအုပ်ကို နောက်ဆုံး နှုတ်ဆက်ရင်း ကမ္ဘာလောက ကနေ ခဏတာတော့ ငါထွက်ခွာသွားမိတယ်ထင်တယ်။ သတိထားမိတာက အသိတရားရဲ့ ၀င်လေမှာ မွှေးပျံ့တဲ့ ရနံ့တမျိုး ထွက်လေမှာလဲ တူညီတဲ့ ရနံ့မျိုးမို့ အမြင်အာရုံကို အားယူဖွင့်
ကြည့်လိုက်တော့ သံယောဇဉ်မြက်ခင်းပြင်မှာ စိမ်းလန်းတဲ့ ပန်းပေါင်းစုံကြားက မွှေးပျံ့တဲ့ ရနံ့နဲ့ ငါ့အသက်ကိုဆက်ပေးခဲ့တဲ့ ပန်းရနံ့တစ်မျိုးကို အားယူထပြီး
ငါရှာဖွေနေလေရဲ့............။
အရောင်အသွေးစုံတဲ့ ပန်းအလှတွေကြား ဒေါသကင်းကင်း မာနရှင်းရှင်းနဲ့ စိတ်လက်ရှည်ရှည်ထားပြီး ငါရှာဖွေနေပေမယ့် ထူးခြားစွာ ငါမောပန်းမှု့တွေပျောက်ပြီး အားအင်သစ်တွေရသလိုမျိုး ငါဟာ ပေါ့ပါးလွတ်လပ်ပြီး ပန်းကလေး ရနံ့နဲ့နီးလေ ခြေးလှမ်းတွေက အဓိပ္ပါယ်ရှိသလို ခံစားရလေလေ။ ဒါဟာ ငါ့ဘ၀အတွက် စစ်မှန်တဲ့ ရှာဖွေမှုနိဒါန်းပါပဲလေ။
ဝင်သက် ထွက်သက်တိုင်း ရနံ့က ပိုမွှေး ရင်ခုန်သံစည်းချက်ကပိုမှန် မျက်ဝန်းနဲ့
ဝင်သက်ထွက်သက်တွေပူးပေါင်းပြီး ငါ့ဘ၀ရဲ့ မှော်ဆန်တဲ့ပန်းမျိုးမဟုတ်သလို နှလုံးသားရဲ့ တော်ဝင်ပန်းဟာ လက်တစ်ကမ်းက စိမ်းစိုတဲ့မြက်ခင်းထက်စိမ်းစိုမှုသခင်အရွက်စိမ်းတွေခြံရံ အခြေခိုင်တဲ့ ပင်စည်သွယ်သွယ်လေးတွေရဲ့ ထိပ်ဖျားက ဖြူစင်တဲ့ သရဖူပေါင်းများစွာ ပွင့်ဖတ်တွေက အတောင်ညောင်းလို့နားနေတဲ့ ခိုဖြူလေးများအလား ပန်းပွင့်ပန်းခိုင်တွေနဲ့ ပန်းရုံလေးကို မြင်လိုက်ရတော့ အသက်ရှုရပ်တန့်သွားသည့်အလား ရင်ခုန်သံက မြန်လွန်းနေလိုက်တာ။ ဒူးတုန်နေပေမယ့် နှလုံးသားခြေတစ်စုံရဲ့ခေါ်ဆောင်ရာလိုက်ရင်း တိုးတိုးလေး ကပ်မေးမိတယ်။ သူကလဲ ရိုးရိုးလေးပဲပြန်ဖြေပါတယ် ပန်းစံပယ်တဲ့။
အမှောင်တွေကြားကဆောင်ယူလာတဲ့ ငါ့ခန္ဓာကိုယ်က မွှေးပျံတဲ့ ပန်းရနံ့နဲ့ ရေချိုးပစ်လိုက်ချင်တယ်။
စံပယ်ပန်းလေးဘေးမှာ ထာဝရမှေးစက်ချင်လိုက်တာ။ ငါ့အတွေးတွေကို သူ သိနေလားပဲ ငုံနေတဲ့ ပန်းဖူးလေးတစ်ခု ပွင့်လွှာလေး ဟ သွားတာ ငါမြင်လိုက်တယ်။ ဒါဟာ ပန်းတွေရဲ့ အပြုံးလား ။ တကယ့်ကို ဖြူစင်လွန်းတဲ့ အပြုံးပဲ တသက်တာမှာ ပထမဦးဆုံးမြင်ဖူးတဲ့ ရိုးသားတဲ့ အပြုံးလေးတစ်ပွင့်ပေါ့။နေ့ညတွေတိုင်းမှာ ပန်ရုံလေးဘေးမှာနေရင်း ပန်းကလေးရဲ့ စိတ်ရင်းစေတနာစကားတွေကိုကြားနာရင်းနဲ့ အခုဆို ငါ့ဘ၀မှာ
ပျော်ရွှင်မှုဆိုတဲ့ ခံစားချက်အသစ်တစ်ခုထပ်ရပြန်ပြီ။
ကျေးဇူးပါ ပန်းကလေးရယ်။ တကယ်ဆိုနင့်ရင်ထဲမှာဖြူစင်လွန်းလို့ ပွင့်တဲ့ပန်းအရောင်ကပါဓါတ်ကူးပြီး ဖြူသွားသလားလို့ မကြာမကြာတွေးမိတယ်။
အချိန်တွေကြာလာတော့ စံပယ်ပန်းလေးကို ငါ့ဘ၀ထက် မြတ်နိုးတွယ်တာ ချစ်မိနေပြီဆိုတာ
ငါ့နှလုံးသားက အသက်ရှူတိုင်းငါ့ကို အသိပေးနေပေမယ့် ပန်းစံပယ်လေးကတော့ ဘယ်လိုခံစားနေသလဲဆိုတာ သိချင်ပေမယ့် မမေးမိအောင်ကြိုးစားရင်း ပန်းရုံလေးကို လုံခြုံစွာ နှလုံးသားနဲ့မိုးပြီး မေတ္တာရည်တွေ ဖြန်းပေး သူ့ဆီက ဘာသာပြန်မယ့် စကားတစ်ခွန်းကို မျှော်လင့်ရင်းပေါ့............။
(ကျေးဇူးတင်လွှာ။ ။ကျွန်တော်စာရေးဖြစ်အောင် အချစ်တွေပေး ဘ၀တစ်ခုလုံးယုံကြည်စွာ အပ်နှံထားသော ချစ်ဇနီး
စံပယ်ချို နှင့် ကျွန်တော်မရေးတတ်တဲ့ အက်ဆေးလေးတွေကို ရေးဖြစ်အောင် တိုက်တွန်းပြီး မအားလပ်သည့်ကြားက စာတွေပါပြင်ပေးသောသူငယ်ချင်းအား အရမ်းကို ကျေးဇူးပါ)
လွင်ပြင်လှိုင်းငယ်