ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ဟိုရောက် ဒီရောက် ကဗျာ

Friday 30 March 2012

9 comments
အချစ်ကြောင့်ရယ်လို့
အသက်ရှင်တာမဟုတ်ပေမယ့်
အသက်ရှင်ဖို့အတွက်တော့
ရင်ခုန်သံ ကာရံနဲ့
အချစ်ကဗျာတစ်ပုဒ်မှ မစပ်ဆိုနိုင်ရင်
ရင်ခုန်သံ သွေးပျက်ပြီး
ကြည်နူးခြင်းမဲ့
ဘေးထွက်ထိုင်ရသလို ဖြစ်နေမှာပေါ့ ။

ကမ္ဘာမြေကြီးပေါ်က
အလှနတ်မိမယ်အားလုံးကို
မြင်တွေ့နိုင်တဲ့ မျက်ဝန်းတစ်စုံ ငါ့မှာရှိပေမယ့်
နှလုံးသားရဲ့ မျက်ဝန်းတစ်စုံမှာတော့
နင့်တစ်ယောက်ထဲမြင်ပြီး
တခြားလူတွေအတွက် စုံလုံးကန်နေတာ
ဘာကြောင့်များလဲချစ်သူရယ်  ။

မီးကိုထိရင် ပူတယ် 
ရေခဲက အေးတယ်
ဒါဟာ သဘာဝတရားဆိုပေမယ့်
ဘ၀တပါးတောင် မရောက်သေးပဲ
အနေကျဲလို့ သွေးခဲသွားပြီး
အချစ်ကိုလမ်းဘေးမှာချရောင်းတဲ့
လူတွေကိုငါမုန်းတယ်  ။

ဘာပဲဖြစ်ဖြစ်ပါ
ပဲပြုတ်သည် မထား
ထီပေါက်လို့ ဟစ်ဟော့အဆိုတော်ဖြစ်သွားတာ
ငါနဲ့မဆိုင်ပါဘူး
ဒါပေမယ့်
အသဲခိုက်အောင်အေးတဲ့
ဆောင်းနံနက်က
ရော့(ခ်)သီချင်းလေးညည်းပြီး
နင်ပြုတ်ကျွေးတဲ့ ပဲပြုတ်ကြောင့်
ငါထီမထိုးဖြစ်တာ ကြာနေပြီဟာ  ။

လွင်ပြင်လှိုင်းငယ်
 




ရေမှာသေပါ လှေမှာမသေပါနဲ့

Wednesday 28 March 2012

7 comments
ကဝေတစ်ကောင်ရဲ့ ငိုသံလား
ကညာပျိုရဲ့ ရီသံလား
အတည်တကျမရှိတဲ့ ဘ၀မှာ
နှုတ်ထွက်စကားလုံးတိုင်းက
အထားမကျတဲ့
အလိမ်အညာစကားတွေမို့
လူတကာက မယုံ
ပုံသွင်းထားတဲ့
အပြုံးတွေက
နှုတ်ခမ်းနဲ့ နှလုံးသားကြားမှာ ကွာဟနေလေရဲ့  ။

အဖိုးတန် အမျိုးမှန်ဖြစ်စေချင်တဲ့ မိဘ
အရိုးခံနဲ့ ထက်မြက်စေချင်တဲ့ မောင်ဘွား
အမြင့်စံဘ၀မှာ တင့်တယ်နေတာမြင်ချင်တဲ့ သူငယ်ချင်းများ
ဒီအဖြစ်တွေကြားက
နင့်ဘ၀ကတော့လေ
အမျိုးမှန်ပေမယ့် အဖိုးမတန်
အရိုးခံ မဖြစ်ချင် အကျိုးမှန်သမျှ
ရတဲ့ နည်းနဲ့ရှား
အမြင့်စံစရာဆိုလဲ
နင့် ခန္ဓာကိုယ်တောင် ရောင်းချရမလိုဘဝ
တိုင်းတပါးမှာ
ခိုင်းစားခံနေရတာတောင်
ခဏတာပျော်ဖို့
ဘ၀ကိုမေ့
စေတနာစကားကို
မနာလိုစကားတွေလို့ ပုံသွင်းပစ်
တစ်လှေလုံးပုပ်အောင်
နင်သေပေးနေတာတော့ မဟုတ်ပါဘူးနော်  ။



(မှတ်ချက် ။     ။မည်သူ့ကိုမှ မရည်ရွယ်ပါ တခါတရံ မြင်ရတွေ့ရ ကြားရသော အဖြစ်ကို ရေးချမိခြင်းသာ။

  မေ့သားလေး(လွိုင်ကော်)

ကဗျာလေးတင်ပေးဖို့ မေးလ်ထဲက တောင်းဆိုလာတဲ့ မေ့သားလေး(လွိုင်ကော်)ရဲ့ ကဗျာလေးကို အားပေးကြပါအုန်းနော်



လွင်ပြင်အချစ်ရဲ့ 2 IN 1

Tuesday 27 March 2012

1 comments

အာဒံအချစ်နဲ့ လွင်ပြင်အချစ်

                         အာဒံက ဧ၀ ကိုဘယ်လိုပြောခဲ့လဲ?

ချစ်တယ်လို့ပြောခဲ့တာလား
i love you လို့ပြောခဲ့တာလား
ဘယ်လို ဘာသာစကားနဲ့ပြောခဲ့မှန်းငါ မသိခဲ့ပေမယ့်
မြန်မာလိုပဲတတ်တဲ့ငါက မြန်မာလိုနားလည်တဲ့နင့်ကို
ရင်ထဲက ရင်ခုန်သံရဲ့ စည်းချက်နဲ့အတူ
နှလုံးသွေးရဲ့ စီးဆင်းရာ မေတ္တာရပ်ဝန်းအတိုင်း
နှုတ်ဖျားက မတားဆီးနိုင်ခဲ့လို့
ချစ်တယ်ဆိုတဲ့ စကားကို
နင့်ကို ရိုးရိုးလေးပဲ ပြောခဲ့တာပါ  ။

အာဒံက ဧ၀ကို ပန်းသီး တစ်လုံးကျွေးတာလား တစ်ခြမ်းကျွေးတာလား
တစ်စိတ်လေးပဲကျွေးတာလားကို ငါမစဉ်းစားခဲ့ဖူးပေမယ့်
ငါ့မှာ ပန်းသီးတစ်လုံးရှိရင်တော့ တစ်လုံးလုံး
နင့်ကိုကျွေးမိမှာတော့ သေချာပါတယ်  ။

ငါကိုယ်တိုင် မသိခဲ့တဲ့ သူတို့အချစ်ဇာတ်လမ်းကို
ငါစိတ်မ၀င်စားဘူး
ငါကိုယ်တိုင် ရင်နဲ့ရင်းပြီးချစ်ခဲ့ ငါတို့ဇာတ်လမ်းပဲ စိတ်ဝင်စားတယ်
အာဒံက ဧ၀ကိုဘယ်လောက်ချစ်လဲငါ မသိချင်ဘူး
ငါကတော့ နင့်ကို ငါ့ဘ၀ထက်ပိုချစ်ခဲ့တယ်
အာဒံက ဧ၀ကို အပြစ်မြင်ခဲ့လား ဘယ်သူမှမသိခဲ့ဘူး
ငါကတော့ နင့်ကို အပြစ်မမြင်ပဲ အရာရာကို အချစ်လို့ပဲထင်ခဲ့တာပါ
အာဒံနဲ့ ဧ၀အချစ်က ရာဇ၀င်တွင်ခဲ့ပေမယ့်
နင်နဲ့ငါ့အချစ်ကတော့
နှစ်ဦးသားရင်မှာ ကျန်ရစ်ခဲ့ရင် ငါကျေနပ်ပါပြီ  ။



အနုပညာအချစ်နဲ့ လွင်ပြင်အချစ်

 

အရမ်း ချစ်တတ် ကြင်နာတတ်
အနစ်နာခံတတ် ဘ၀ထက်ပိုချစ်ပြတတ်တဲ့
ရုပ်ရှင် မင်းသားတစ်ယောက်ရဲ့ ကောင်းကွက်ဟာ
          နှစ်နာရီလောက်ပါပဲ  ။

ဘ၀ထက်ချစ် ဝေးနေရင်တောင် စိတ်ကူးလေးနဲ့ ကြင်နာမယ့်
အေးအတူ ပူရင်မမျှချင်တဲ့ ငါ့ရဲ့ ချစ်ခြင်းကတော့
         နှစ်ဘ၀မကတဲ့ ဘ၀များစွာ အတွက်ပါ  ။

သီးခံစိတ်တွေ ရင်မှာထွေးပြီး
အိပ်ပျက်ညထောင်သောင်းများစွာနဲ့
အလွမ်းတွေကို သီးကုံးထားတဲ့
ဝထ္ထုလေးတစ်ပုဒ်ရဲ့ စာမျက်နှာဟာ
         တစ်ထောင်မကျော်ပါဘူး  ။
မင်းရဲ့ အပြစ်မှန်သမျှကို ချစ်ခြင်းတွေကို နှလုံးသွင်းပြီး
        နားလည်မှု့တွေနဲ့
ခဏတာဝေးရင်တောင် တစ်ဘ၀ဝေးတယ်ထင်တဲ့
ငါ့ရဲ့ချစ်ခြင်း စာမျက်နှာတွေက
နှလုံးသား နံရံမှာ အပြည့်ပါ  ။

အချစ် အလွမ်း အဆွေး
ခံစားမှု့ များစွာနဲ့ စပ်ဆိုထားတဲ့
သီချင်းကောင်း တစ်ပုဒ်ရဲ့
သီဆိုချိန်ဟာ
ငါးမိနစ်မကျော်ပါဘူး  ။

အချစ် အလွမ်း အဆွေး
နှလုံးသွေးနဲ့ရေး
ရင်ခုန်သံနဲ့ တီးခတ်
ခံစားမှု့နဲ့ မင်းအတွက် မူပိုင်
ငါသီဆိုတဲ့ သီချင်းကတော့
ငါးကမ္ဘာတောင်မကပါဘူး  ချစ်သူရာ  ။

(အိပ်မက်လေးခေါ် မဒမ်လွင်ပြင်အတွက်အမှတ်တရ)
လွင်ပြင်လှိုင်းငယ်
 

ကွာရှင်းပြတ်စဲခြင်း

Sunday 25 March 2012

2 comments

Friends18.com Orkut Scraps
မင်းကိုစတွေ့ကတည်းက
အလှတရားရဲ့ ဆုံးဆည်ရာလေးမို့
တခြား မိန်းကလေးတွေရဲ့
အလှကဗျာတွေကို
မကြည့်ဖြစ်အောင်
ငါ့အသိနဲ့ ငါ့အမြင်မှာ
ဖြတ်ပစ်ခဲ့တယ်  ။

မင်းကို စချစ်ကတည်းက
ငါ့ရဲ့ ရင်ခုန်သံ
အပုပ်အသိုးတွေကို
မြေမြုပ် သင်္ဂြုလ်ပြီး
ရည်စားဟောင်းတွေကို
သူငယ်ချင်းကောင်းအဖြစ်ပဲ
သတ်မှတ်ထားလိုက်တော့တယ်  ။

မင်းကို အိမ်သူသက်ထား
ဇနီးမယားအဖြစ်
ရင်ခွင်နန်းမှာ
ကြင်နာခြင်းတွေ ခြွေရံပြီး
နှလုံးသား ပလ္လင်ထက်
မင်းကို ဘုရင်မမြောက်ပြီးကတည်းက
အပျော်အပါးအတွက်
ဘ၀ပျက်စေမယ့်
ငါ့အကျင့်တွေကိုလဲ ပြင်ခဲ့ပါပြီ ။

ယူရင်တော့ ပြုံးပြီး
တောင်းမယ်ကြံတော့
အလောင်းကောင် တစ်ကောင်လိုရှောင်ရှား
အမှောင်ကြားက သရဲတစ်ကောင်လို သဘောမှာထား
နင့်ကို စိတ်ဆင်းရဲစေပြီး
ငါ့ပိုက်ဆံအိတ်ကို ခင်တဲ့
သူငယ်ချင်းတွေကိုလဲ ဖြတ်လိုက်ပါပြီ ။

မမူးရင် ရေခဲစားပြီး
မွေးဖွားသလားထင်ရတဲ့ ငါက
မူးရင် အရူးတစ်ယောက်တောင်
ငါ့နားမကပ်ချင်အောင် ယစ်တတ်တဲ့
အကျင့်ဆိုးကြားက
မင်းမျက်ရည်ကို မြင်ရတဲ့ ခဏ
သေကောင်ပေါင်းလဲဖြစ်နေအုံးတော့
အရက်နဲ့စပ်တဲ့ဆေးတောင်
ရှောင်ရှားလိုက်ပါပြီ ။

ခုတော့ ဘ၀မှာ
မကောင်းတဲ့ သူငယ်ချင်းတွေကို ကွာ
စိတ်ရိုင်းစိတ်မိုက်တွေကို ရှင်း
ရည်စားဟောင်တွေနဲ့ ပြတ်
သံသရာ အဆက်ဆက်မစဲ
ရွာသွန်းမယ့် အချစ်မိုးရေထဲကို
မင်း ခေါင်းမော့ပြီး လျှောက်လိုက်စမ်းပါ ချစ်သူ  ။

လွင်ပြင်လှိုင်းငယ်

နောင်တမဲ့ ဘ၀စာမျက်နှာများ

0 comments
ပြည့်စုံမှု့တွေမြင်တိုင်း
သိမ်ငယ်ခြင်းတွေ မွေးဖွားလာတာ
လူ့သဘာဝပါ  ။

လှမ်းလျှောက်တဲ့သူက
စက်ဘီးစီးတဲ့သူကို
အားကျပြီး
ကားစီးတဲ့သူကလဲ
လေယာဉ်ပျံ ပိုင်ရှင်ကို
မနာလိုဖြစ်ရင်း
ဘာကြောင့်များ
ဘာကြောင့်များနဲ့
ဖြစ်တည်မှု့ကို စာရင်းစုရင်း
နောင်တဆိုတဲ့ စကားလုံးက
ကြီးကျယ်လာခဲ့တယ်  ။

ကားတ၀ီဝီစီးတဲ့အရာရှိသားကလဲ
သမ္မတသား ဖြစ်ချင်  ဖြစ်ချင်နေလိမ့်မယ်
အနုပညာရှင်တွေကလဲ
မွေးဖွားရာမိဘကို ဟောလိဝုစ်ကသူတွေ
ဖြစ်ချင်  ဖြစ်ချင်နေလိမ့်မယ်
ဘာပဲဖြစ်ဖြစ်ပါ
ရှင်သန်ခြင်းမှာ နောင်တတွေတော့ရှိနေပါလိမ့်မယ်  ။


ငါ့ဘ၀ရဲ့ ဘယ်သောအခါကမှ
နောင်တဆိုတဲ့ ခါးသီးခြင်းမရှိ
ချိုမြိန်မြဲ ချိုမြိန်နေတဲ့
ဘ၀စာမျက်နှာတချို့
ငါချပြမယ်  ။

မွေးဖွား သန့်စင်
အပြစ်မမြင် အချစ်တွေ သွင်သွင်စီးတဲ့
ဒီမိဘတွေရဲ့ သားဖြစ်ရတာ
ငါ့မှာ နောင်တမရှိဘူး  ။

ဒုက္ခတွေကို ထမ်းပိုးပြီး
မာယာများတဲ့ လောဘမုဆိုးတွေကြား
စမ်းတ၀ါးဝါးနဲ့ လမ်းလျှောက်တုန်း
ဘေးနားက ဖေးမပေးတဲ့
သူငယ်ချင်းတစ်ချို့အတွက်
ငါ့မှာနောင်တမရှိဘူး  ။

ဖြူစင်ခြင်းနဲ့ အစပြု
သံယောဇဉ်တွေ ခိုင်ခိုင်တုတ်
အေးရင်အတူ ပူရင်မမျှ
ငါ့ဘ၀ပန်းချီကားကို
ဆေးရောင်လှလှခြယ်သပေးတဲ့
အိပ်မက်လေးရဲ့ ချစ်သူဖြစ်ခွင့်ရတာလဲ
ငါ့ဘ၀မှာ ဘယ်သောအခါမှ
နောင်တမရှိတဲ့ ဘ၀စာမျက်နှာတချို့ပါ  ။

လွင်ပြင်လှိုင်းငယ်

အပိုကြီးမဟုတ်တဲ့ အပျိုကြီး

0 comments
တစ်ကိုယ်တည်းနေလို့
အပျိုကြီးတဲ့လား
အပိုကြီးဖြစ်နေတဲ့
ကလေးမတွေ ဒုနဲ့ဒေးပါ  ။

မချစ်တတ်လို့ အချစ်ငတ်နေတယ်မထင်နဲ့
အသစ်အပ်ဖို့ ရင်တစ်စုံအပိုမပါလို့
ကြုံချစ်တွေကို ယုံပစ်ပြီး
ထုံထိုင်းနေတဲ့ နှလုံးသားနဲ့
ပုပ်ပွနေတဲ့ အချစ်တစ်ခုတော့
ဘယ်သူ့ကိုမှ မပေးချင်လို့
အပျိုကြီးဆိုတဲ့ နာမည်ပဲ
ကျေနပ်စွာ ခံယူထားတာပါ  ။

နာမည်ဆိုးပေမယ့်
အသံအမျိုးမျိုးကြားက
ဟို ကောင်မလေးက ရှုပ်လိုက်တာ
အသက်လေးမှ အားမနာ ဆိုတဲ့
အပျိုလေးတွေကို
အဌေးတင် အထင်သေး
အသံဆိုးတွေတော့
မကြားရတာ အပျိုကြီးတွေပါ  ။

အပျိုကြီးဆိုတာ
မယိုစီးတဲ့ သိက္ခာ
ရင့်ကျက်တဲ့ အတွေးအခေါ်
မြင့်မြတ်တဲ့ စိတ်ထား
အပြောမချိုပေမယ့်
သဘောဖြူသူတွေမို့
လူပုံအလယ်မှာ
အပျိုကြီးရယ်လို့ ကြွေးကြော်ရဲတာ
အပျိုကြီးတွေပါ  ။

(သူငယ်ချင်း အပျိုကြီးများအတွက် ရည်ရွယ် ဂုဏ်ြပုပါသည် အမှားအယွင်းရှိပါက စေတနာထား ရေးသားသောကြောင့် အမိုက်အမဲလေးကို နားလည်ပေးနိုင်ကြပါစေ)

လွင်ပြင်လှိုင်းငယ်

သူ့အတွက်သာ

Friday 23 March 2012

0 comments

အသည်းတစ်ခြမ်းလဲ
လောင်ကျွမ်းပါစေ
အသည်းတစ်လုံးလဲ
ဆုံးရှုံးပါစေ
မုန်းမရအောင်
ချစ်ရသူမို့
သူ့အပြုံးကို
သောက်သုံးပြီး
အသက်ဆက်နေသူပါ  ။

ဝင်သက် ထွက်သက်ကြောင့်
အသက်ရှင်နေတာလား
အသက်ရှင်နေလို့
ဝင်လေ ထွက်လေဆိုတာ ရှိတာလား
ဒါတွေ ခေါင်းရှုပ်ခံပြီး
မတွေးတော့ပါဘူး
သေချာတာ တစ်ခုပဲပြောမယ်
ဝင်သက် ထွက်သက်တိုင်းမှာ
သူ့ကို ချစ်ခြင်းတွေကြီးပဲရှိတယ်   ။

အာဒံက ပန်းသီးလေးတစ်ခြမ်းပဲကျွေးပြီး
ရွေးစရာလူမရှိလို့ ဧ၀ကို ချစ်ခဲ့တာပါ
ကျွန်တော်ကတော့ သန်းပေါင်းများစွာထဲက
နှလုံးသားကရွေးတဲ့ သူ့ကို
အသည်းနှလုံးတစ်ခုလုံး
လိုရာသုံးဖို့ပေးပြီး ချစ်ခဲ့တာပါ  ။

အချစ်အတွက် အသက်ပေး
ကျန်နေသူမှာ မျက်ရည်မီးတွေနဲ့
အသိတရာကင်းစွာ ထားခဲ့တတ်သူကို
ကျွန်တော် အထင်မကြီးတတ်ပါ
မရှိရင် ရှိအောင်လုပ်
အေးနေရင် အနွေးဓါတ်ပေး
မျက်ရည်တွေ မလျှံကျစေဖို့
ထွက်ခွါရင်တောင်
တစ်ချိန်တည်းဖြစ်ချင်သူမို့
အိပ်ယာဝင်တိုင်းဆုတောင်းခဲ့တာ
ညပေါင်းများစွာပါ  ။

(အိပ်မက်လေးသို့ ရည်ရွယ်ပါသည်)

လွင်ပြင်လှိုင်းငယ်

နှလုံးလှ ငါ့ဘုရင်မ

Tuesday 20 March 2012

1 comments
အိပ် မပျော်လဲပဲ
မက် ခွင့်ရချင်တယ်
 လေး နက်တဲ့ ချစ်ခြင်း အကြောင်းတွေကိုပေါ့
က လေးတစ်ယောက်လိုဖြူစင်လွန်းတဲ့ မင်းအပြုံးက
ငါ့ အတွက်တော့  ဘုရားပေးတဲ့ ဆုလာဒ်တစ်ခုပါ
ဝမှာ တစ်ကြိမ်တစ်ခါသာ
င်ရောက်ခဲ့တဲ့ သံယောဇဉ် အချစ်များစွာနဲ့ပေါ့  ။


စံ ပယ်ဖြူ စိတ်ထားလေးနဲ့
ပယ် ဖျက်ထားတဲ့ အတ္တတွေကြား
ချို သာတဲ့ ရီသံတွေနဲ့
က နေတဲ့ဒေါင်းမလေးတောင် ငေးသွားရတယ်
ငါ့ ဘ၀ရဲ့ ထာဝရ အလှရှင်လေးရယ်
ဆုံးသတ်မှာလဲ
ချစ် ခြင်းတရားတွေ ပွေ့ဖက်သွားဖို့
ဆုံး ဖြတ်တတ်တဲ့ နှလုံးသားကို ကျေးဇူးပါ  ။


နှ လုံးသားက
လုံး ၀ကို မုန်းမရမယ့်
လှ ပတဲ့ မင်း စိတ်ထားများနဲ့
ငါ့ ဘ၀ကို လှပအောင်ပြုပြင်ပေးရင်း
ဘု ရင်မတပါးလို အမိန့်တွေ မပေးပဲ
ရင် ထဲကစေတနာ စကားများနဲ့
မှားတဲ့ ချစ်ခြင်းတွေ အပြည့်နဲ့ ချစ်တတ်သူရေ  ။


လွင်ပြင်လှိုင်းငယ်

ငါးထောင်တန်ဖုန်းအပေါ် ဘလော့ဂ်ဂါတို့အမြင် (တဂ် ပို့စ် )

Thursday 1 March 2012

8 comments

ညီမငယ်လေး Angelhlaing  နှင့် ညီမ မဒိုးကန်တို့က သတိယစွာနဲ့ တဂ်ထားလို့ မရေးတတ်ပေမယ့်
ရေးချသမျှကတော့ ရင်ထဲက ဆန္ဒမှန်ပါပဲ ။
၁ ။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား ။
ဟို့အရင်အချိန်ထက်စာရင် တိန်ဖိုးနည်းပေမယ့် လူတိုင်းတော့ ကိုင်နိုင်မယ်မထင်ပါဘူး နိုင်ငံတကာမှာတော့
sim ကဒ်တွေဟာ  အရမ်းဈေးသက်သာပါတယ် ဥပမာ ကျွန်တော်နေတဲ့ မလေးမှာတောင် တစ်ကဒ်ကို RM 8 ပဲရှိပါတယ် မြန်မာငွေနဲ့ ၂၀၀၀ကျော်လေးပဲရှိပါတယ် တခါတရံ ကဒ်ကို အခမဲ့ ပေးတာပင်ရှိသောကြောင့် နှစ်သိန်းတန်ဖုန်းသည် တန်ဖိုးနည်းဖုန်းမဟုတ်ပါ  ။

၂ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ် လိုမြင် မိပါသလဲ ။

ကောင်းတဲ့ အစီအစဉ်ပါပဲ ဒါမှလဲ  (၅၀၀၀)ဆင်းကဒ်ကို အကောင်အထည်ဖော်သူတို့ ပိုမိုသတိထားမိမှာပါ။

၃ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီးလွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ် လိုမြင်မိ ပါသလဲ ။

တင်ပြသင့်ပါတယ်  ။
 ၄ ။ ငါးထောင်တန် ဖုန်း များပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား ။
 လှိုက်လှိုက်လှဲလှဲကိုကြိုဆိုတာပေါ့ဗျာ ။

၅ ။ ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက်ချရေးပေးပါ ။
 ၅၀၀၀တန်းဖုန်းကိစ္စက ကြားနေတာတော့ကြာပါပြီ ပြည်သူတွေပျော်ခဲ့ရတာလဲ ကြာပြီပေါ့လေ လက်တွေ့မှာ မဖြစ်သေးတော့ လူတွေရဲ့အပျော်ကတော့ လျော့နည်းလာပေမယ့်စိတ်ဓါတ်တော့ မကျစေချင်ဘူး။
ဆက်သွယ်ရေးဆိုတာ အရေးကြီးတဲ့ အရာမို့ အဖိုးခ သက်သက်သာသာနဲ့ ပြည်သူတွေ လက်ထဲရောက်ရင် ဘယ်လောက်များတောင် ကောင်းလိုက်မလဲနော် ။ရေမြေခြားမှာနေတဲ့ သူတွေဟာ ဆက်သွယ်ရေးကို ပိုပြီးတန်ဖိုးထားမယ်လို့ထင်ပါတယ်(မှတ်ချက်။   ။ကျွန်တော် ထင်မြင်ချက်ပါ အမှားပါရင် နားလည်ပေးပါ)
အဘယ့်ကြောင့်ဆိုတော် အနေဝေးနေတော့ အသံလေးနဲ့ပဲ မိဘတွေနေကောင်းလား မောင်နှမတွေ ကျန်းမာလားသူငယ်ချင်းတွေအဆင်ပြေလားကိုအမြန်ဆုံးဆက်သွယ်ပေးတဲ့ ပစ္စည်းမို့ပါ။တစ်ခုတော့ရှိတာပေါ့ အမြန်ဆုံးဆက်သွယ်ပေးတဲ့ ပစ္စည်းလေးဟာ အိမ်တိုင်မှာတော့ မရှိပါဘူး
အဘယ်ကြောင့်ဆိုသော် ဖုန်းတစ်လုံးဟာ ဈေးနှုန်းကြီးမားမှု့ကြောင့် အိမ်တိုင်းမှာ မတပ်ဆင်နိုင်ခြင်းဖြစ်ပါသည်။ အခုလို ၅၀၀၀တန်ဖုန်းလေးသာ ရရှိမယ်ဆိုရင်တော့ အချိန်မရွေး ဆက်သွယ်လို့ရတာကြောင့်ပြည်သူတွေဘယ်လောက်တောင်များပျော်နေမလဲနော် ထို့ကြောင့် ပြည်သူတွေကိုချစ်ရင်ပြည်သူတွေကိုပျော်စေချင်မှာလဲ နိုင်ငံအုပ်ချူပ်သူများရဲ့ ဆန္ဒဖြစ်ပါလိမ့်မယ်။

 အားလုံးလဲ ၀ိုင်းဝန်းဆုတောင်းပေးနေမှာပါ ။

ကဲညီမလေးတို့ ရေးလိုက်ပြီနော်။
 

လွင်ပြင်လှိုင်းငယ်


 




Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :