ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ဆိုဒ်လေးတစ်ခုသို့ မိတ်ဆက်ပေးရင်း အားပေးရန် လေးစားစွာဖိတ်ခေါ်ခြင်း

Tuesday, 11 June 2013

5 comments
လေးစားရသော ဘလော့ဂ်ဂါများခင်ဗျာ .....

ဒီနေ့ စာပေကို ၀ါသနာပါပြီ ကဗျာနှင့် တခြားစာပေရသများကို ရေးသားရန်
စိတ်ဝင်စားသော ညီမငယ်တဦးရဲ့ ဆိုဒ်လေးကို ကျွန်တော် မိတ်ဆက်ပါရစေနော် ။
သူမရဲ့ ရင်တွင်ခံစားချက်များနဲ့ ရေးသားမည့် ကဗျာများကိုလဲ အားပေးပြီး လက်တွဲခေါ်ယူစေချင်ပါတယ်။
အမှားများရှိလျှင်လဲ အားမနာတမ်းဝေဖန်နိုင်ပါသည် ။ ။

သူမဆိုဒ်လင့်လေးကတော့ http://bloggerloverlay.blogspot.com/  ဖြစ်ပါတယ် ။

အားပေးကြပါအုံးနော်

အားလုံးကို လေးစားလျက်

လွင်ပြင်လှိုင်းငယ်

အိပ်မက်လေး သို့........

Saturday, 8 June 2013

8 comments
မျက်လုံးချင်းနမ်းတတ်တဲ့
ဒို့နှစ်ယောက် အနမ်းမှာ
ကမ္ဘာမြေပြင်ဟာ
ခဏတာလောက် အိပ်စက်သွားပြီး
နှစ်ယောက်တည်း
တကမ္ဘာဖြစ်သွားသလိုပဲ
အိပ်မက်လေးရေ ။

နင့်ရဲ့ အသက်ရှူသံဟာ
ငါ့ရဲ့ အိပ်စက်ခြင်းဂီတမို့
ဂီတသံကြားမှ အိပ်စက်တတ်တဲ့
နှလုံးသားဟာ
နင်နဲ့ ဝေးဝေးနေလို့ ဘယ်ရပါ့မလဲ
အသက်ရှူသံနဲ့ အသက်ဆက်ပေးတဲ့
အိပ်မက်လေးရေ ။

အနမ်းတွေအစား
အလွမ်းတွေထား
မေ့သွားမှာလား
တနေ့တော့လို့
မျည်ရည်လယ်လယ်
နင့်အမေးစကားမှာ
နှလုံးသားမှာ
မခံစားသာလို့
ဝေးရမယ့်အကြောင်း
ကမ္ဘာပျက်ပြီး နောက်ရက်တောင်
မတွေးပါနဲ့လား
အိပ်မက်လေးရေ ။

လွင်ပြင်လှိုင်းငယ်

ကဗျာတိုလေးများ

Monday, 3 June 2013

7 comments
ဘဝ

အချစ်တစ်ခုတည်းနှင့်
ဘ၀ဟာမပြည့်စုံသလို
ဘ၀တစ်ခုအတွက်
အချစ်မရှိရင်လဲ မပြည့်စုံနိုင်ဘူး
အချစ်+ဘ၀=နားလည်မှု့ဆိုရင်
ဘ၀ဟာနဲနဲပိုလှသွားမယ်
နားလည်မှု့တိုင်းမှာ
တိုင်ပင်ခြင်းတွေ ထပ်ဖြည့်လိုက်
မေတ္တာ သစ္စာတွေ ပေါင်းထည့်
ဘ၀အကျ အတက်နဲ့
မနက်ဖြန်တိုင်း
အချစ်တွေ တိုးတိုးလာရင်
အဆိုးတွေမရှိတဲ့
အနာဂါတ် စိတ်ထဲမှာမှတ်လို့
အချစ်ဆိုတာ ခဏခဏ ပြောစရာမလိုပဲ
အကြည့်တစ်ချက်နဲ့တင်
သူ့ရဲ့ကြင်နာခြင်းတွေ
နှလုံးသားက မြင်နိုင်ပါတယ် ။


*************************************
နှင်းဆီထံ မေ့မြောသော ကဗျာဆရာ

မိုးရေကြဲတဲ့
နှင်းဆီရဲရဲကြီးအနီးမှာ
နွေရဲ့ ကျေးငှက်
ကဗျာတစ်ပုဒ်ကို အဆုံးမသတ်နိုင်ပဲ
နှင်းဆီရဲ့ အလှမှာ မေ့မြောသွားခဲ့တယ်
ကြုံရင်နိုးခဲ့ပေးပါ
ကဗျာတစ်ပုဒ် အဆုံးသတ်ဖတ်ချင်လို့ပါ .....


****************************************

သူရဲကောင်းထံသို့

အနုပညာကောင်းကင်ကြီး
ငါမကြည့်ရဲတောင် ဖြစ်နေပြီ
ညရောက်တိုင်း ကြယ်တွေ
တဖြုတ်ဖြုတ်နဲ့
ငုတ်တုတ်ထိုင်ရင်း
မိုးသားကင်းတဲ့ ညမရောက်ပါစေနဲ့လို့
ဆုတောင်းရင်း
လင်းလက်နေသေးတဲ့
ကြယ်စင်အရေအတွက်
လက်ချိုးလို့တောင် ရေတွက်နေမိတယ် ။

ဒီမှာ သေမင်း သင်ဟာ
တော်ပြီးတတ် တွေးပြီးရေး
ကိုယ်ပိုင်နှလုံးသားကို
ပန်းပုထု
ခံစားချက်တွေနဲ့ မျက်နှာသစ်တတ်သူတွေကို
ရွေးခေါ်ပြီး
သင့်ခံစားချက်တွေကို စာဖွဲ့ခိုင်းမလို့လား ။

အများခံစားဖို့အတွက်
ကိုယ်ပိုင် နှလုံးသွေးစက်တွေနဲ့
နာကျင်ခံစားရေးဖွဲ့တတ်ပြီး
ဘ၀တပါးကိုကူးပြောင်းသွားပေမယ့်
သူရဲကောင်းတစ်ယောက်နဲ့
ရာဇ၀င်နဲ့ နာမည်ကတော့
ကျွန်တော့်တို့ နှလုံးသားမှာ
ထာဝရ
မြင့်မြတ်စွာ
လေးစားစွာ
တမ်းတစွာနဲ့ ကျန်နေခဲ့မှာပါ ။


********************************






နွေ

Sunday, 21 April 2013

9 comments
စမ်းရေခမ်း
ပန်းတွေနွမ်း
လွမ်းစရာတွေများတဲ့ နွေ ။

ဥသြ တွန်ကြူး
မြောက်လေရူးနဲ့
ရွက်ဟောင်းလဲကြွေ ရွက်သစ်ဝေတဲ့ နွေ ။

အဖော်ကွဲသူ
အလွမ်းဒဏ်နှင့်
ပန်းခြောက်တွေ ကောက်နမ်းနေတဲ့ နွေ ။

ဖုန်လုံးကထူ
နေကပူတော့
သင်္ကြန်မိုးလေးတော့ မျှော်နေတတ်တဲ့ နွေ ။

လွမ်းမောစရာများတွေ နွေ
ပန်းတွေသဘောကိုသိတဲ့ နွေ
လန်းစရာများတဲ့ နွေ
နွမ်းလျမှု့တွေပျောက်စေတဲ့ နွေ
အဆိုးအကောင်း
အကျိုးအကြောင်းနဲ့
နွေကိုတော့ ငါချစ်သားနော် ။


လွင်ပြင်လှိုင်းငယ်

ပိတောက်

Tuesday, 9 April 2013

9 comments
ပင်စည်က ခိုင်ခိုင်
ကိုင်းခက်တွေဖြိုင်ဖြိုင်နဲ့
ပင်စည်ဘေး
ခုံတန်းတွေချလို့ရယ်
အေးမြရိပ်ပေးတဲ့ အပင်  ။

တစ်နှစ်မှာတစ်လ
တစ်လမှာ တရက်
ခက်ခက်ခဲခဲ
ပွင့်ရှာရတယ်
သစ္စာရှင် ဒီအပင်
ဟို့ရှေ့ရှေ့တုန်းကပင်  ။

ရေမကူ မိုးမှာမပွင့်
ဆောင်းရဲ့ အေးဒဏ်
ကြံကြံခံလို့
နွေနေရဲ့ အပူပင်ကြားမှာ
အေးရိပ်တွေပေးပြီး
မိုးစက်လေး တဖြိုက်ဖြိုက်ကြားမှာ
ပွင့်ရရှာသလေ  ။

ရိုးတံဖြိုင်ဖြိုင်
ဖူး ငုံ စိမ်းစိမ်းနဲ့
ဝါရောင်တွေ သန်းပါလို့ရယ်
မွေးပျံတဲ့ ဒီရနံ့နဲ့
ရှားပါးသည့် ပန်း  ။

ရာသီရဲ့ ဒဏ်
လူတွေရဲ့ သီလ
ဒီသဘာဝတွေကြား
ဖူးပွင့်တာ အချိန်မမှန်တော့
ပြောကြပြန်သေး
သစ္စာမဲ့တဲ့ ဒီပန်းကလေး   ။

သစ္စာရှိတဲ့ ဒီပန်းရယ်လို့
တင်စားတာ လူ
ဖောက်ပြန်တယ်လို့
စွတ်စွဲတာလဲ လူ
ဒီအဖြစ် ဒီစနစ်တွေကြားထဲ
ပိတောက်မှာတော့ 
မျက်ရည် စက်လက်နဲ့ပေါ့  ။

လွင်ပြင်လှိုင်းငယ်

သင်္ကြန်အမှတ်တရ ကဗျာအဟောင်းလေးပြန်တင်ပါသည်။ ပုံကို googleမှကူးယူပါသည်။

အိပ်မက်သခင် ဘ၀ရှင်နင်ရေ

Thursday, 7 March 2013

20 comments


အိပ်မက်သခင်
ဘ၀ရှင်နင်ရေ
နင့်အပါးမှာ
အမြဲ ခစား
နင့်အနားမှာ
ထာဝရနေချင်သူမို့
နင်ရှိတဲ့ဘယ်နေရာမဆို
သေမင်းတောင်
ကြွေဆင်းတဲ့ ပန်းတစ်ပွင့်အလား
မြတ်နိုးနမ်းရှိုက်
အဆိပ်သင့်လဲ သေ၀ံ့သူပါ ။

အိပ်မက်သခင်
ဘ၀ရှင် နင်ရေ
အတွေးမှာ ရေးသမျှက
နင့်အတွက်ကဗျာ
လက်တွေ့မှာကြိုစားနေတာက
နင့်ဘ၀လှရန်
ထားတာက စေတနာ
အမှားပါလို့
ဝေဒနာ ဖြစ်ခဲ့ရင်တောင်
သေချာပါတယ်
အကြင်နာဆေးတစ်ခွက်
ငါမေတ္တာရည်နဲ့
သွက်သွက်လေး ဖျော်ကာပေးမယ် ။

အိပ်မက်သခင်
ဘ၀ရှင်နင်ရေ
အနေဝေးလို့
သွေးအေးမသွားတတ်သလို
အနေနီးလို့လဲ
ရိုးအီမသွားတတ်တဲ့
စစ်မှန်တဲ့ ချစ်ခြင်းဝိုင်တစ်အိုး
ငါ့နှလုံးသားမှာ မြုပ်ထားလိုက်မယ်
နင့်အတွက်
နှစ်ချို့လေ ပိုချိုလေပေါ့ ။



လွင်ပြင်လှိုင်းငယ်



ကာရံမလှပေမယ့် ဒဏ်ရာကင်းတဲ့ကျွန်တော်ကဗျာ

Saturday, 16 February 2013

24 comments
ရင်ခွင်တံခါးကို
အကြင်နာစွမ်းအင်နဲ့
နင်တစ်ယောက်တည်း
ဝင်ခွင့်ရအောင်
နှလုံးသားအဓိဌာန်ဝင်
မေတ္တာတွေ သက်သေထား
ချစ်ခြင်းရဲ့ တန်ခိုးနဲ့
ဘယ်တော့မှမကျိုးမယ့်
နှလုံးသားတံခါးချပ်
 ငါဆောက်ထားတယ် ။

နားလည်မှု့ အမျှင်ထုတ်
သံယောဇဉ်ကြိုးတုတ်တုတ်နဲ့
ငါဆုပ်ထားတဲ့
ချစ်ခြင်းစံပယ်တပွင့်ဟာ
ကမ္ဘာတည်သမျှ
မညှိုးနွမ်းမယ့်
ကဗျာသီတဲ့ ပန်းစံပယ်တစ်ပွင့်ရယ်လို့
ငါ့နှလုံးသား အချစ်သမိုင်းမှာ
မြတ်မြတ်နိုးနိုးရေသီခဲ့မယ် ။

အချစ်ကို အချစ်လို့
နာမည်တပ်နိုင်ယုံလောက်နဲ့
ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်း
လျှာဖျားက အားယားပြီးထွက်လာတာမဟုတ်တော့
အချစ်ရဲ့ ဘော်ဘော်တွေဖြစ်တဲ့
ကြင်နာ မြတ်နိုး
ယုယ တွယ်တာ
နားလည် ပေးဆပ်
မှေးစက်စေချင်တာ
နှလုံးသားမွေ့ယာပေါ်မှာမို့
နှလုံးသွေးနဲ့ရေးတဲ့ကဗျာတိုင်း
နင့်အတွက် အချစ်တွေ အန်ချတဲ့
ကာရံမလှပေမယ့်
ဒဏ်ရာကင်းတဲ့
ကဗျာလေးလို့
နင့်စိတ်မှာထား
နှလုံးသားလေးနဲ့ ဖတ်ပေးပါ ။


လွင်ပြင်လှိုင်းငယ်


အတွေးလေးများ

Tuesday, 5 February 2013

20 comments
ကောင်းတာဟာ လိုက်နာဖို့ခက်
မကောင်းတာက လုပ်ရန်လွယ်လို့
ကောင်းတာဟာ မကောင်းတာလို့မှတ်
မကောင်းတာ ကောင်းပါလားတွေးရင်း
လောကအလယ်
အမှားများလဲ
အများမှားတဲ့
ကမ္ဘာထဲမှာ
ငါတစ်ယောက်တည်းရောပြင်လို့ရမလားဆိုတဲ့
အတွေးဆိုးတွေ မောင်းထုတ်လိုက်ပါ ။

တရားသဘောတွေက
မှားယွင်းတဲ့ အမြင်တွေကို ကြည်လင်စေတဲ့
လောက မျက်မှန်တစ်လက်ဖြစ်သလို
ဘ၀ပညာတွေက
အပြုံးတွေခင်းကျင်းထားတဲ့ စားပွဲမှာ
 အဆိပ်တွေချကျွေးတာ မိတ်ဆွေလား
အပြုံးတွေမပါပေမယ့်
အမုန်းခံစေတနာနဲ့
သွန်သင်တာ  မုန်းလို့လား
သင့်အတွေးလေးတွေ မှန်စေသား ။
လွင်ပြင်လှိုင်းငယ်

မျက်ရည်မြစ်ထဲက အမေ့အတွက်ကဗျာ

Friday, 25 January 2013

20 comments

 မျက်ရည်မြစ်ထဲက အမေ့အတွက်ကဗျာ

အမေလို့ ရင်ထဲကအခေါ်မှာ
အတ္တတွေပျော်ကျ
မောဟ ရမ္မက်တွေကွာကျရင်း
ဒေါသတွေရင်မှာပျောက်လို့
မေတ္တာတရားရဲ့ ပဲ့ကိုင်ရှင်
သံယောဇဉ်ကြိုး နဲ့ ကမ္ဘာကိုချည်နှောင်နိုင်သူ
ခွင့်လွတ်နားလည်မှု့အပြည့်ရှိသူ
အမေကို အမေလို့
ရင်ထဲမှာ စက္ကန့်တိုင်းခေါ်နေမိတယ်
မေမေရယ် ။

အမေအတွက်
စာတလုံးရေးတိုင်း
ရင်ထဲမှာ ဆို့နင့်လာလို့
ကဗျာထဲမှာတောင် ငိုမိနေသူပါ 
ဆိုးရွာတဲ့ အမှောင်ညတွေကြောက်တိုင်း
အမေဆိုပြနေကြ
သားချော့တေးလေးက
သားအတွက်အားဖြစ်တဲ့
ဂန္တ၀င်အမြောက်ဆုံးတေးသွားတစ်ပုဒ်ပေါ့ ။

အမေ
အမေ
အမေ
ကဗျာတစ်ပုဒ်လုံးအပေါ်
မျက်ရည်တွေကျမိနေပြီ ။

   *****************

ကျွန်တော်ရဲ့ သူရဲကောင်း



 
ငွေရောင်တွေလွမ်း
ဆံဖြူ ယှက်သန်း
သားကို လွမ်းတဲ့ အလွမ်း
တနင့်တပိုး ထမ်းထားရင်းနဲ့
 ဆံဖြူတွေက သားအတွက်ပူလို့
ဖြူရတာလားအမေ  ။

နံ့သာဖြူအဖွေးသာပေါ်
မျက်ရည်မြစ်တွေဖြာဆင်း
ရင်တွင်းက သောကပင်လယ်
သားကို မျှော်ရလွန်းလို့
လျှံကျတဲ့ အလွမ်းမျက်ရည်တွေရဲ့
စုရပ်လား အမေ  ။

အရိုးတွေဖြိုင်ဖြိုင်ကျ
အကြောတွေထောင်ထောင်ထလဲ
သားဘ၀ ကာကွယ်ဖို့
 နှလုံးသားနဲ့ သွေး
သွေးစက်နဲ့ဆေးတဲ့
အမေ့လက်က
ဓါးတစ်လက်ထက်တော့ ထက်ပါတယ် အမေ   ။

ဗုံးခင်တဲ့လမ်းလဲလျှောက်ရဲတယ်
ကန္တရသဲကြမ်းမှာလဲ အိပ်နိုင်တယ်
သံရည်ပူလဲ သောက်ရဲတယ်ဆိုပေမယ့်
သားအတွက်တော့လေ
စိန်စီတဲ့လမ်းခင်း
ဖဲနုမွေ့ယာပေါ်သိပ်
မေတ္တာရေကြည်တိုက်လို့ရယ်
အရာရာ ပြီးပြည့်စုံတဲ့ ဘ၀မှာ ထားချင်တဲ့ အမေ  ။

ဒုက္ခတွေ ခါးစီးပြီးခံ
ခါးသီးခြင်းမိုးစက်တွေကြား
ကျောက်စလစ်ခင်းထားတဲ့လမ်းမှာ
ဖိနပ်မပါ ခြေဗလာနှင့်
ခြေဖ၀ါးမှာသွေးတွေ ယိုးစီးနေလဲ
သားဆိုတဲ့ အသိတစ်ခုနဲ့
ရှိသမျှအားအင်တွေသုံး
ရိုးသားခြင်းထီးတစ်လက်နှင့်
မာယာများတဲ့ လောကဓံကို ကြံကြံခံရင်း
လှပတဲ့ ဘ၀တစ်ခု သားမှာပိုင်ဖို့
အရာရာကို ရင်ဆိုင်ရဲတဲ့ အမေ  ။
(၀န်ခံချက်။    ။ ပုံကို google မှကူးယူပါသည်)



 မှတ်ချက် ။    ။ကဗျာအသစ်တစ်ပုဒ်နှင့် အဟောင်းတစ်ပုဒ်ကို ပူတွဲတင်ထားပါသည် ။ အမေတိုင်းကို လေးစားမိပါသည် ။

 လွင်ပြင်လှိုင်းငယ်



ကဗျာတိုလေးများ

Thursday, 17 January 2013

25 comments
အတိတ်တွေမီးရှို့လိုက်ချင်ပေမယ့်
မင်းနဲ့ ပတ်သက်ရင်
အရိပ်တောင် မြတ်နိုးသူမို့
အရိပ်ပျောက်မယ့်
အမှောင်ညရောက်မှာတောင်
စိုးကြောက်မိတယ်
သဲဘုစုခရုလေးရယ် ။

  ***********

 ခံစားချက်ရင်ခုန်သံကို
ကာရံထပ်လို့
ကဗျာဖြစ်မယ်ဆိုရင်
ကြင်နာခြင်းတောတန်းထက်
သံယောဇဉ်မြစ်ပြင်မှာတောင်
နင့်ကိုချစ်ကြောင်းကဗျာစပ်
မိုးတိမ်တွေကြားမှာ
အိန်ဂျယ်တွေဖတ်ဖို့
ကဗျာတွေစပ်နေအုံးမယ် ကောင်မလေးရယ် ။

****************


ချစ်ခြင်းတွေ ချမ်းသာတော့
မုန်းခြင်းတွေ မွဲပြာကျ
ဒါနတွေ ရွာသွန်း
အကုသိုလ်တွေ မိုးခေါင်
အဆိုးတွေရှိနေရင်
အကောင်းတွေနဲ့ပေါင်းတင်လိုက်တော
ဘ၀ဆိုတာ လှမှလှ ။

****************

 တကယ်လို့များ
အကြောင်းကြောင်းကြောင့်
နင်ထားသွားရင်တောင်
ငါအမှားများလို့ပါလားလို့
ကိုယ့်ကိုယ်ကို အပြစ်တင်ရင်
အချစ်တွေကို အပွန်းပဲ့မခံ
နင်လျှောက်မယ့်လမ်း
ငါ့အသက်ရှူသံတွေ ခင်းကျင်းပေးမယ် ။

****************

လွင်ပြင်လှိုင်းငယ်

မင်္ဂလာဦးဆွမ်းကျွေးဖိတ်ကြားလွှာ ကိုအောင်မျိုးလွင်(ခ)ကိုမျိုး***ပန်းပျိုးလက်*** + မသွန်းမီမီ

Monday, 14 January 2013

17 comments

မင်္ဂလာဦးဆွမ်းကျွေးဖိတ်ကြားလွှာ

ရန်ကုန်တိုင်း ၊ အမှတ်(၂၂) ၊ သခင်အုန်းခင်လမ်း(၂၈) ရပ်ကွက် ၊ ဒဂုံမြို့သစ်မြောက်ပိုင်းနေ ၊
ဦးငွေတင် + (ဒေါ်ခင်ရွှေ)တို့၏သား
(ကိုတင်အုန်း) +မခင်စန်း၊ကိုအောင်ကြည်+မခင်သန်း၊ကိုမျိုးမြင့်လွင် ၊
မကြူကြူမော်တို့၏ညီ ၊မောင် ကိုနိုင်မျိုးလွင်+မသန္တာမျိုးတို့၏ အကို
  
               ကိုအောင်မျိုးလွင်(ခ)ကိုမျိုး *** ပန်းပျိုးလက်***

                                           နှင့်

ရန်ကုန်တိုင်း ၊ အမှတ်(၇၆) ၊ (၅လွှာ) ၊မြောင်းကြီးလမ်း ၊ရေကျော်ရပ်ကွက်
    ပုဇွန်တောင်မြို့နယ်နေ ဦးတင်ဝင်း +ဒေါ်မြင့် တို့၏ သမီး
မသင်းသင်း၏ညီမ ၊မခင်မျိုးဝင်း ၊မောင်အောင်သူဝင်း +မအေးအေးသွယ်
မောင်ဇော်ထွန်း + မသီတာလွင်တို့၏ အမ

                                     မသွန်းမီမီ

တို့၏မင်္ဂလာဦးဆွမ်းကျွေးသို့ ကြွရောက်ကြပါရန် လေးစားစွာ ဖြင့်ဖိတ်ကြားအပ်ပါသည် ။

                               ***********************************

မင်္ဂလာအစီအစဉ်

မင်္ဂလာနေ့ရက် ။            ။မြန်သက္ကရာဇ်(၁၃၇၄)ခုနှစ် ၊ပြာသိုလဆန်း (၅)ရက်
                                      ခရာစ်သက္ကရာဇ်(၂၀၁၃)ခုနှစ်၊ဇန်နဝါရီလ (၁၆)ရက်
                                       ဗုဒ္ဓဟူးနေ့

မင်္ဂလာဆွမ်းကပ်။           ။နံနက်(၁၁)နာရီ မှ နေ့လည်(၁)နာရီအထိ
တရားနာနှင့်
မင်္ဂလာလက်မှတ်ထိုး။     ။နေ့လည်(၁၂)နာရီ

မင်္ဂလာနေရာ။             ။ရတနာရာမ ကျောင်းတိုက်

                                   30,Jalan SS 2 / 72, Petaling Jaya 47300 ,
                                   Selangor
 ကိုမျိုးဖုန်းနံပါတ်လေးနော်  ။     ။010 8966 339

                             ******************************************


မလေးရှားတွင်ရှိသော ကိုမျိုး(ခ) ပန်းပျိုးလက်၏ သူငယ်ချင်းများနှင့် ကွဲကွာနေသောသူငယ်ချင်းများ
မင်္ဂလာနေ့ရက်လေးသို့ လာရောက်ရန် လေးစားစွာဖိတ်ကြားအပ်ပါသည် ။ ။ ။

                           *******************************************

လေးစားရတဲ့ ဘလော့ဂါမိတ်ဆွေများနှင့် စာချစ်သူတို့ခင်ဗျာ

သူငယ်ချင်းတစ်ယောက်ရဲ့ မင်္ဂလာဆောင်လေးကို ကျွန်တော်လွင်ပြင်မှ စေတနာနှင့်ကြေငြာအပ်ပါသည် ။

ဘလော့ဂါသူငယ်ချင်း လူပျိုကြီး အပျိုကြီးများ အားကျစွာ အချစ်ကိုရှာဖွေရင်း လွင်ပြင်  နောက်ထပ်ချစ်သူစုံတွဲတွေ ကြေငြာပေးချင်ပါသေးတယ် ။

ကဗျာတစ်ပုဒ် လက်ဆောင်ပေးလိုက်ပါတယ်

ခင်မင်တွယ်တာ
မြတ်နိုးစွာနှင့်
သံယောဇဉ် အထပ်ထပ်
မေတ္တာတံတိုင်း ပတ်
သစ္စာ အုပ်မြစ်ချ
သာယာတဲ့အိမ်ထောင်ရေး
ကမ္ဘာငယ်လေးဝယ်
ဖေးမထူတွဲ
စိတ်ပျက်အားငယ်ရင်
စိတ်ဓါတ်သစ်တွေ
အသက်သွင်းပေး
အေးရင်တူတူ
ပူရင်မမျှ
အတူတကွနဲ့
လာစမ်းလောကဓံ
သူ့လက်ကိုယ်ဆွဲ
ကိုယ့်လက်သူတွဲရင်း
အရာရာကို ရင်ဆိုင်လိုက်မယ် ။

အမုန်းမရှိတဲ့ အချစ်
အပြုံးတွေ ထာဝရပျိုရွယ်
အရှုံးတွေတွေ့တိုင်း
အားမငယ်ပါနဲ့ရယ်လို့
အားပေးနှစ်သိမ့်
လက်တွေ့ကျတဲ့ မနက်ဖြန်တိုင်း
အလင်းရှိရင် အရိပ်
ပြန်တွေးမယ့် အတိတ်တိုင်းနှင့်
လျှောက်သွားမယ့် အနာဂါတ်တိုင်း
နားလည်မှု့နှင့် ဘ၀ကိုဆက်နိုင်ပါစေသား ။


လွင်ပြင်လှိုင်းငယ်

အားမငယ်ပါနဲ့ လောကကြီးရယ်

Wednesday, 9 January 2013

18 comments
ငိုရင်လွယ်
ရှိုက်ရန်ခက်
သေရင်လွယ်
ရှင်ဖို့ခက်
ချစ်ခြင်းအတွက်
စစ်ပွဲတွေဖြစ်နေသလို
မြစ်ပြင်မှာ
မီးထွန်းချင်သူတွေလဲရှိတယ်
မေတ္တာတွေရှင်သန်နေပေမယ့်
သစ္စာတွေကျွမ်းလောင်တော့
ချစ်ခြင်းတွေ ပြာတို့နယ်
လေအဝေ့ ဘယ်တကွေ့မှာ
ပျောက်သွားမှန်းမသိခဲ့ဘူး ။

ဟန်ဆောင်မျက်နှာဖုံးတပ်
မာယာတွေပွဲတော်ဆက်
မနာလိုမှု့တွေ ဆင်မြန်းရင်း
လူ့လောကဇာတ်ခုံ
ဖားက က ရင်း
ရိုးသားသူတို့ မျက်ရည်ပင်လယ်
အတ္တလှေနဲ့ ဇိမ်ခံစီးရင်း
ဒီဘ၀မှာ ပျော်နေသူလဲ ဒုနဲ့ဒေး ။

တစ်ကျပ်ရှိရင်
ငါးမူးလှူ
တစ်မတ်ဖိုးနဲ့
စားသောက်ရောင့်ရဲ
လက်ကျန်ကိုစုဆောင်း
လောကဒဏ်ဘယ်လောက်ထောင်းထောင်း
မပြောင်းတာ ရိုးသားတဲ့အားမာန်
ငတ်လို့သေရင်သေ
သတ်လို့မသေတဲ့
စိတ်ထားလှလှနဲ့
ဒါနတွေကျောပိုး
အများအကျိုးအတွက်
အသက်ရှင်နေသူတွေလဲရှိသေးတယ် ။

ထို့ကြောင့်
ထို့ကြောင့်
အကောင်းအဆိုးတွေ တွဲဖက်
နေထွက်နေ၀င်ရှိနေသေးလို့
အားမငယ်ပါနဲ့ လောကကြီးရယ် ။

(အခုတလောအလုပ်တွေများနေလို့ စာလဲမရေးနိုင် အိမ်လည်လဲမထွက်စာဖတ်ပေမယ့် ကော့မက်တွေမချန်ခဲ့နိုင်တာကို နားလည်ပေးကြပါရန်)

အားလုံးကိုလေးစားချစ်ခင်လျက်

လွင်ပြင်လှိုင်းငယ်

 

ချစ်ဇနီးအတွက် မွေးနေ့ကဗျာ

Friday, 28 December 2012

18 comments
ဒီဇင်ဘာနှင်းတွေကြာမှာ
စံပယ်ဖြူ တစ်ပွင့်
ရိုးသားတဲ့ ၀တ်ရုံကိုဆင်မြန်းလို့ရယ်
စမ်းချောင်းရဲ့ ဂီတသံနှင့်အတူ
မွေးရနံ့တွေဖက်ဖျန်း
ဒီကမ္ဘာမြေပြင်ကို သူ ရောက်လာခဲ့တယ် ။

ကြင်နာတတ်ခြင်းအပြည့်
သည်းခံခြင်းအပေါင်း
ရင်တွင်းမှာအောင်းနေသူလေးမို့
ရိုးရိုးလေးပဲ အမည်ပေးခဲ့ဖူးတယ်
ဒီဇင်ဘာယုန်ဖြူလေးရယ် ။

ချူချူချာချာနဲ့ လူဖြစ်လာရပေမယ့်
အများတကာရဲ့ အကျိုး သယ်ပိုးဖို့ဆိုရင်
မြင့်မိုရ်တောင် အကြိမ်ကြိမ်တက်
အကြိမ်ကြိမ်ဆင်းရစေအုံးတော့
မမောမပန်း ပိတိအပြုံးပန်း
ထာဝရပွင့်လန်းနေတတ်သူ  ။

အများတကာအလယ်
သနားစဖွယ် ယုန်သူငယ်
ဆိုစေပေမယ့်
မတရားတာဆို
ကျားရဲတောလဲ
ရဲရဲဖြတ်ကျော် ရင်ဆိုင်ဝံ့သူ  ။

အလှူတွေရက်ရောတဲ့ သူ့လက်က
ကဗျာတွေလဲထွက်တယ်
စကားတွေမချိုတတ်ပေမယ့်
စေတနာတွေပိုတတ်တယ်
အရာရာကို ရိုးသားစွာမြင်တတ်သူမို့
ဒီကမ္ဘာမှာ တန်ဖိုးရှိတဲ့ ပန်းစံပယ်လေးမို့
ထာဝရ ချစ်မြတ်နိုးရလေတယ် ။

လွင်ပြင်လှိုင်းငယ်

ကမ္ဘာပျက်ရင်တောင် ကဗျာအသက်နဲ့ သူ့ရင်မှာရှိနေသူ

Wednesday, 19 December 2012

22 comments
အထာကျ  မကျတော့ မသိဘူး
ကမ္ဘာပျက်မယ် ကမ္ဘာပျက်မယ်နဲ့
သတင်းစကားတွေ ကြားရတာကြာခဲ့ပေါ့
၂၁ ရက်နေ့မှာ ကမ္ဘာပျက်မယ်တဲ့
သက်ထက်ဆုံးမက
သံသရာဆုံးထိ
သူ တစ်ယောက်သာ
ချစ်ဖို့ ဆုံးဖြတ်ထားတဲ့
နှလုံးသားက
ခပ်ပြုံးပြုံးလေးပဲ ပြောလိုက်တယ်
ကမ္ဘာပျက်ပေမယ့်
သူ့ကိုချစ်တဲ့ အချစ်က ဘယ်သောအခါမှ
ပျက်မှာ မဟုတ်တဲ့ ။

သဘာဝကျ မကျတော့ မသိဘူး
ကမ္ဘာပျက်မယ်ဆိုရင်
ခန္ဓာတွေ ပျက်သုန်းသွားနိုင်ပေမယ့်
ချစ်ခြင်းတရားတွေ ဒီကမ္ဘာပေါ်မှာ
 ကျန်ရစ်နေခဲ့လိမ့်မယ်
အမုန်းစကားတွေ ဘယ်သူမှ ကြားနိုင်တော့မှာ
မဟုတ်သလို
အပြုံးတွေနဲ့ ဒီကမ္ဘာကို
သူ့လက်ကို တွဲပြီး ရဲရဲကြီးနှုတ်ဆက်သွားပါ့မယ် ။

ဖြစ်နိုင် မဖြစ်နိုင်
အငြင်းစကားတွေနဲ့
အချိန်တွေမဖြုန်းမနေတော့ဘူး
မရေရာတဲ့ သတင်းစကားတွေနဲ့
ဘယ်သူ့နှလုံးသားကိုမှ
လိပ်ပြာမလွင့်စေချင်လို့
ယုံကြည်ချက်တစ်ခုတော့
ကမ္ဘာမြေသိအောင်တိုင်တည်ချင်နေမိတယ်
ချစ်ခြင်းတွေရှိနေသေးတဲ့ ဒီကမ္ဘာမှာ
စစ်မီးတွေဘယ်လောက်ပဲလောင်လောင်
သိပ္ပံပညာရှင်တွေဘယ်လောက်ပဲ တော်တော်
ပျက်စီးခြင်းမရှိသေးတဲ့
ဒီနေ့ကမ္ဘာကို
မနက်ဖြန်ပျက်မယ်ဆိုတာ မသေချာသေးလို့
ဘုရားဟောတဲ့ တရားတွေ နှလုံးသားမှာ မှတ်
သူ့လက်ကို တင်းတင်းဆုပ်ပြီး
၂၁ရက်ကို မထူးခြားတဲ့ရက်လို့
အသိတရားထဲထည့်
၂၂ရက်နေ့မှာ
မိတ်ဆွေတို့ရဲ့
ခံစားချက် ရသ ကဗျာတွေ
ကျွန်တော့်တို့ နှစ်ယောက်လာဖတ်ပါ့မယ် ။

လွင်ပြင်လှိုင်းငယ်

ချိုချိုချစ်အတွက် ခြောက်နှစ်မြောက်မင်္ဂလာဆုတောင်း

Monday, 10 December 2012

14 comments
ချစ် တတ်တဲ့ အရွယ်
ကို ယ့်ရင်မှာဝယ်
ကို ယ့်ရင်မှာ ရင်ခုန်သည်မှစ
ငြိမ်း အေးစေတဲ့
မင်း ရဲ့ရုပ်လွှာ
အေး မြစေပြီး
ခြောက် ကပ်တဲ့ကိုယ့်ဘ၀ထဲ
နှစ် ပေါင်း ထောင်ချီ
ကျော် ကြားတဲ့ ရမ္မက်ကင်း
သံ သရ ကင်းကင်း
ဘောဖြူဖြူ
ရာ သက်ပန်
ချစ်ဆုံးအဖြစ်
ဆက် နွယ်တဲ့ ရှေ့ရေစက်
ဆက် သွယ်တဲ့ ရင်ခုန်သံ
ပေါင်း ဖက်လို့ရယ်
ဖက် တွယ်တာ  မေတ္တာရယ်မို့
စေ ခိုင်းတာ နှလုံးသားစကား
သာ သည်နာသည်မရှိ ချစ်ပါရစေသာ ။

ချိုချိုချစ် အတွက် ခြောက်နှစ်မြောက် မင်္ဂလာဆုတောင်း

လွင်ပြင်လှိုင်းငယ်


နှလုံးသားလွင်ပြင်ပေါ်မှ တပွင့်တည်းသောပန်းစံပယ်

Wednesday, 5 December 2012

19 comments

သံယောဇဉ်တွေ
ထပ်ထပ်ပေးပြီး
ချစ်ခြင်းရဲ့ မြက်ခင်းလေးမှာ
အတ္တကင်းတဲ့
ရိုးသားတဲ့ ခြေလှမ်းတစ်စုံနဲ့
ငါ့ရင်ခွင်နန်းကို
နင်ဝင်လာတုန်းက
ကာရံနမ်းတဲ့
ကဗျာပန်းတွေ
စံပယ်ရနံ့နဲ့
ထုံထုံသင်းတာ
ငါ့နှလုံးသားလွင်ပြင်ပေါ်မှာဝယ် ။

မချစ်ဖူးလို့
အချစ်ရူးတာ မဟုတ်ပါဘူး
မဖြစ်ဖူးတဲ့
သံယောဇဉ်ထူးမို့
မေ့လို့မရ
အမုန်းသင်ခန်းဆိုတာ
နှလုံးသားက သင်ခွင့်မပြုတဲ့
တားမြစ်စာမျက်နှာမို့
အလွမ်းအစား
အနမ်းတွေပြည့်တဲ့
နှုတ်ခမ်းဖျားက
မုသား ပလီပလာတွေ 
မဆိုးထားမှတော့
နှလုံးသားစကား
တိုက်ရိုက်ကြား
အမှားတွေကင်း
ဆူးတွေရှင်းတဲ့
ပန်းစံပယ်က
နှလုံးသားလွင်ပြင်မှာ
အပြည့်စိုက်ထား
ဒါကို အရူးတစ်ယောက်လို့ ခေါ်မလား ။

ငါအမှားတွေရှိပေမယ့်
နားလည်မှု့တွေ ထားတတ်တဲ့
နင့်ရဲ့ ဖြူစင်တဲ့ နှလုံးသားပေါ်ဝယ်
အရောင်လဲ မဆိုး
ဒဏ်ရာမပေး
ဝေဒနာ ဟို့..... အဝေးပြေးစေပြီး
နှလုံးသားနှစ်စုံ
ချစ်ခြင်းတစ်စုံနဲ့
နှစ်ယောက်တစ်ဘဝ
ခဏလေးတောင်
ဝေးမနေနိုင်ပေါင် ။


လွင်ပြင်လှိုင်းငယ်
 

အလွမ်းရဲ့ ငိုသံနဲ့ ပြောတဲ့စကား

Monday, 3 December 2012

14 comments
 ချစ်သူ
ကောင်းကင်က တိမ်ငိုသံဟာ
အမြဲမဟုတ်ပေမယ့်
ငါ့ရင်က
နင့်ကို လွမ်းတဲ့
နှလုံးသားငိုသံတွေရင်ခွင်လွင်ပြင်ပေါ် ရွာသွန်းတော့
လွမ်းဆွေးခြင်း မြစ်ငယ်
ဆယ်ကမ္ဘာခြားလဲ
မပြတ်စီးဆင်း
နှလုံးသားမှာ 
အလွမ်းအိုင်ဖြစ်နေပါပြီ ချစ်သူ ။  နှင်းတွေမြူတဲ့
ဆောင်းမနက်မှာ
တွဲလက်တစ်စုံနဲ့
ချစ်ခင်သူတို့ရယ်
ဆီးနှင်းတွေ ချစ်ရည်လူးတော့
အေးစက်တဲ့ ငါ့လက်တစ်စုံက
နှလုံးသားကို မျက်နှာငယ်လေးနဲ့ကြည့်နေရှာတယ်
တွဲလက်က နှုတ်မဆက်ပဲ
ထွက်ခွာသူရေ ။  ကောင်းကင်ကကြယ်တခင်းအမြဲမလင်းပေမယ့်ငါ့ရင်ကနင့်ကိုချစ်ခြင်းကတော့နှလုံးသွေးတွေရပ်အိပ်မက်တွေ လွင့်ပျောက်သွားလဲနင်က သံသရာတလျှောက်ငါ့နှလုံးမှာထင်ကျန်နေမယ့်ချစ်ခြင်းကျောက်ဖြစ်ရုပ်ကြွင်းသစ္စာရဲ့ အလင်းတံခါးလေးတစ်ခုပါ ။   အနေမနီးပေမယ့် ဖြေတွေးစရာရိုးသားတဲ့ နင့်ရဲ့စိတ်ထားဓါတ်ပုံငါ့မှာရှိတယ် ရေမြေခြားနေလဲအတွေးမှာ နင်ကအမြဲရှိတော့အလင်းမှာ နင်ကအရိပ်အမှောင်မှာ မနေ့ကအတိတ်နင့်အကြောင်းများနဲ့အိပ်စက်တော့လဲအိပ်မက်မှာ နင်ကရှိတော့ဝေးတယ်မထင်အမြဲအနီးအနားငါ့အပါးမှာ နင်ကရှိနေတာပါဟာ ။  ဝေးမယ့်အဖြစ်ကိုမတွေးထားပေမယ့်ဆွေးရတဲ့ရင်မှာ ခံနိုင်ရည်ကိုအချိန်နဲ့ ကုစားနီးရမယ့် တချိန်မှာပြောင်းလဲခြင်းတရားတွေနင့်ရင်မှာ 
မရှိပါစေနဲ့လို့တောင်းဆုတွေခြွေရင်းမနေ့ကထက်ဒီနေ့က နင်နဲ့နီးဖို့ပိုနီးသွားပြီပေါ့ ။    လွင်ပြင်လှိုင်းငယ်     

စိတ်ကိုအိမ်သာတက်ခြင်း

Sunday, 2 December 2012

12 comments
လူ့ဘ၀မှာ အရေးကြီးဆုံးက ဘာလဲ? ။ငွေကြေး ပိုက်ဆံလား? အာဏာလား?အောင်မြင်ကျော်

ကြားမှု့လား?တီထွင်နိုင်မှု့စွမ်းအား? လားပေါင်းများစွာနဲ့ အရေးကြီးဆုံးကို မတွေးတတ်တော့ပါဘူး ။
လူအမျိုးမျိုး စိတ်ထွေထွေဆိုတာမျိုးပါပဲ လက်ချောင်းလေးတွေမတူညီသလို လိုအင်ဆန္ဒတွေလဲဘယ်သူညီနိုင်ပါ့မလဲ ။ သို့ပေမယ့်လဲ လူသားတိုင်းအတွက် အရေးကြီးဆုံးနဲ့ လူအင်ဆန္ဒထပ်တူကျတာတစ်ခုတော့ရှိတယ် အဲ့ဒါဘာလဲဆိုတော့ ကျန်းမာရေး ။ ဆင်းရဲသူဖြစ်ဖြစ် ချမ်းသာသူဖြစ်ဖြစ် အုပ်ချူပ်သူကော အုပ်ချူပ်ခံ အတန်းအစားမရွေး ဘာသာမရွေး လူမျိုးမရွေးတောင်းတ လိုချင်တာကတော့ ကျန်းမာရေးကောင်းဖို့ပါပဲ။ကျန်းမာရေးကောင်းမှလဲ လူတွေဟာ စိတ်သွားတိုင်းကိုယ်ပါ လိုချင်တဲ့ခရီး သွားလိုရာပန်းတိုင် ဖြောင့်ဖြောင့်လေးလှမ်းနိုင်မယ်မဟုတ်လား ။ 
 
ကျန်းမာရေးဆိုတာကလဲ ငွေရှိတိုင်းကောင်းနိုင်တာမဟုတ်တဲ့ ဘက်မလိုက်တဲ့အရာဖြစ်နေတော့ ဥစ္စာကံစောင့် အသက်ကို ဥာဏ်စောင့်ဆိုတဲ့ဆိုရိုးစကားပေါ်လာတာပေါ့ ။ ထို့ကြောင့်လူတွေဟာ ကျန်းမာရေးကောင်းဖို့အတွက် ကိုယ်လက်လှုပ်ရှားမှု့တွေလုပ်တယ် ဆေးဝါးတွေမှီဝဲကြတယ် ကိုယ်နဲ့ တည့်မဲ့အစားအစာတွေကိုရွေးစားကြတယ် ဒီလိုနဲ့ကျန်းမာရေးကောင်းအောင်အမျိုးမျိုး ကာကွယ်ရင်းနဲ့ ကုသခြင်းတွေလုပ်ကြတာပေါ့။အဓိကလုပ်တာကတော့ အစာအိမ်အတွက်ပါပဲ အာဟာရပြည့်ဝတဲ့ အစားအစာတွေစားမှ ကျန်းမာဝဖြိုးအလှတိုးမှာဖြစ်သောကြောင့် ဆေးလဲအစာ အစာလဲဆေးမို့လူတွေဟာ နေ့စဉ်အာဟာရဖြစ်မယ့်အစာကိုစားသုံးကြတယ် အစာမစားရင် အသက်မရှင်နိုင်တာမို့ ကြီးကြီးငယ်ငယ်အားလုံးဟာ အဓိကကျတဲ့ အစာကို စားသုံးကြတယ် အစာကိုစားသုံးပြီး နောက်ဆက်တွဲကတော့ အစာချက်ပြီးရင် လိုအပ်တဲ့အရာတွေ သက်ဆိုင်ရာအစိတ်အပိုင်သို့ပို့ပေးပြီး မလိုတဲ့အရာတွေကိုတော့ "မစင်" ဆိုပြီးစွန့်ထုတ်ဖို့ အိမ်သာတက်ကြရတာပါပဲလေ ။ လူတွေအားလုံးဟာ အိမ်သာကို နေ့စဉ် တနေ့တကြိမ်တော့ တက်ကြရတာပဲ တကယ်လို့ တနေ့တကြိမ်မှ ၀မ်းမသွားရင် ဗိုက်ထဲကအောင့်ပြီး မအီမသာနဲ့ နေမထိထိုင်မသာဖြစ်ပြီး အမျိုးမျိုးအိမ်သာတက်ချင်အောင် ဆေးခန်းပြ ၀မ်းနှုတဆေးနဲ့ အညစ်အကြေးကို အမျိုးမျိုးစွန့်ထုတ်တတ်ကြပါတယ် ။ င်္ဒီလိုစွန့်ထုတ်နိုင်မှလဲ နေသာထိုင်သာရှိပြီး ကျန်းမာရေးကောင်းနိုင်မယ်မဟုတ်လား။ထို့ကြောင်းလူသားတွေဟာ အိမ်သာကို တနေ့တခါတော့အနည်းဆုံးတက်သင့်ပါတယ်။ဆိုလိုသာကတော့ လူတွေဟာ ကျန်းမာရေးအတွက်အိမ်သာရပါမယ်။နောက်တစ်ချက် နှလုံးသားလှဖို့ စိတ်ထားလှဖို့ မကောင်းတဲ့အရာတွေများများမလုပ်ဖို့ ကျန်းမာရေးအတွက် အိမ်သာတက်သလို စိတ်ထားအတွက် လူသားတိုင်း စိတ်ကိုအိမ်သာတက်ခိုင်းရင်ကောမကောင်းဘူးလား။
               စိတ်ကိုအိမ်သာတက်တယ် ဒီလိုပြောရင် ရီစကားများဖြစ်နေမလားမသိဘူးနော် တကယ်တော့ စိတ်ကို အိမ်သာတက်ဖို့လိုမယ်လို့ ကျွန်တော်တော့မြင်တယ် ဘာကြောင့်လဲဆိုတော့ လူတွေဟာ နေ့စဉ်ဝမ်းရေးအတွက် အလုပ်လုပ်ရင်း မကောင်းတဲ့စိတ်တွေ လိမ်ညာတဲ့စိတ်တွေနဲ့ ကိုယ်ခန္ဒာမှာပြည့်နေပါလိမ့်မယ်(အားလုံးကိုမဆိုလိုပါ) ဒါကြောင့်နေ့စဉ်မှန်မှန် ညမအိပ်ခင် ၁၀မိနစ်လောက်ထိုင် မျက်စိလေးမှိတ်ပြီး ဒီနေ့ငါဘာတွေကောင်းတာလုပ်ခဲ့လဲ မကောင်းတာတွေကို ဘာလုပ်ခဲ့လဲ ပြန်တွေးပြီး ကောင်းတာလုပ်တဲ့စိတ်တွေကို နှလုံးသားထဲထည့် မကောင်းတာလုပ်ခဲ့တဲ့ စိတ်အညစ်အကြေးတွေကို စွန့်ထုတ်လိုက်မယ်ဆိုရင် မနက်ဖြန်အတွက် ယနေ့ရဲ့စိတ်အညစ်အကြေးတွေကင်းစင်သွားနိုင်ပါတယ်။လူ့ဘ၀မှာ အရေးကြီးဆုံးက စိတ်ကို လွတ်လပ်ပေါ့ပါးပြီး စိတ်ထားလေးဟာ မညစ်နွမ်းပဲ ဖြူစင်နေရင် မြင်မြင်သမျှဟာလဲ အပြစ်ပြောစရာမရှိတဲ့ အသစ်အတိုင်းပဲ မြင်နေပါလိမ့်မယ်  ။ ရှင်သန်ခြင်းရဲ့ သက်တမ်းမှာ စိတ်ထားကို မြင့်သထက်မြင့် လှသထက်လှအောင်နေသွားမယ်ဆိုရင် သောကများများ ရောဂါများများနဲ့အထီးကျန်ရင်း ဘ၀ကိုဖြတ်သန်းစရာမလိုတော့ပါဘူး။လူတစ်ယောက်ဟာ အဓိက စိတ်လှဖို့ပါ ရုပ်လှပေမယ့် စိတ်မလှတဲ့သူကို သင်မြင်ဖူးပါလိမ့်မယ် သူ့အလှဟာသူ့စိတ်ကိုမသိခင် ခဏတာပဲ လှပပြီးတော့ သူ့စိတ်ကို သင်သိရာမှစလို့ သူဟာ ဘယ်တော့မှ သင့်မျက်စိနဲ့ ပတ်ဝန်းကျင်မျက်စိမှာ အကျည်းတန်ရုပ်ဆိုးနေပါ့လိမ့်မည်။ ရုပ်မလှပေမဲယ့် စိတ်လှတဲ့ သူကတော့ ဘယ်အချိန်ပဲကြည့်ကြည့် ကြည့်မ၀တဲ့ ပန်းချီးကားတချပ်လိုပါပဲ။စိတ်ဆိုတာ ပြုပြင်ပြောင်းလဲယူလို့ရတဲ့ အရာမို့ စိတ်ကို အမြဲတမ်းဆန်းစစ်ပြီး မကောင်းတဲ့စိတ်တွေကိုထုတ် ကောင်းတဲ့စိတ်တွေကို နှလုံးသားမှာစုပြီး ဘ၀ကို လှပစွာ ကြည်နူးစရာအပြည့်နဲ့ လှမ်းလျှောက်လိုက်ပါ။

             စိတ်ကို အိမ်သာတက်ခြင်းသည် တနေ့ ၁၀မိနစ်လောက်ဆိုပေမယ့်လဲ အကျိုးကျေးဇူးကတော့ ဖော်ပြလို့မရတဲ့ အတိုင်းအသာအထိ သင့်ကို အကျိုးကျေးဇူးပြုပါလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒီတော့  ဒီနေ့မှ စလို့ စိတ်ကို အိမ်သာတက်ကြည့်ရအောင်လား   ။

(မရေးတတ်ပေမယ့် အတွေးလေးတွေကို လေးစားရပါသော သင်ဆရာ မြင်ဆရာ ၀ါသနာတူများကို ရေးချပြတာဖြစ်လို့ အမှားအယွင်းရှိပါက လွင်ပြင်ကို နားလည်ပေးနိုင်ကြပါစေ)
 
အလုပ်ကများနေလို့  ဒီပို့လေးကို နှစ်ချို့ဝိုင်လို့ သဘောထားပေးကြပါနော် ။တကယ်တော့ ဆားချက်တာပါ ဟိ ။အားလုံးကို သတိယလျက် 

လွင်ပြင်လှိုင်းငယ်

နှစ်သိမ့်ကဗျာ

Wednesday, 28 November 2012

14 comments
နာကျင်နေချိန်
ကြင်နာဖူးတဲ့
သူ့ရဲ့ ယုယ
ပြုစုမှု့တွေး
နှလုံးသားကို
နားလည်မှု့တွေ
ချကျွေးလိုက်တော့
နာကျင်တယ်ဆိုတာ
ဒဏ်ရာမဟုတ်တော့ဘူးပေါ့ ။

သူကပစ်ပြေးပေမယ့်
အချစ်ကြွေးတွေ
ရှေ့ဘ၀ကထင်ကျန်
ငါ့အမှားများလို့
ထားသွားပါလား
ဖြေတွေးတွေးရင်း
အမုန်းမျိုးစေ့
ရင်မှာမကြဲ
မစဲတဲ့အချစ်မိုးနဲ့
နှလုံးသားကို စိမ်းလန်းပါစေ ။

ကိုယ့်ရဲ့ လိုအင်ဆန္ဒထက်
သူ့လိုချင် တက်မက်
ချစ်ခြင်းများအတွက်
ဘ၀ကိုပေးရင်း
နှလုံးသားနှစ်ခု
ဦးနှောက်နဲ့ ဂရေဆက်ပြီး
လူ့အလိုနတ်မလိုက်နိုင်ပေမယ့်
သူ့အလို ကိုယ်လိုက်နိုင်အောင်ကြိုးစား
အမှားတွေရှိရင်
အမှန်ဖြစ်အောင်
ကြိုးစားပြုပြင်ရင်း
ဘ၀အလင်းတံခါး
အတူတူတွန်းဖွင့်ထား ။


လွင်ပြင်လှိုင်းငယ်





အချစ်ရဲ့ စေတမန်

Friday, 23 November 2012

13 comments
အဝေးအနီးရဲ့ သဘောက
ဘာလဲ ?
ဝေးတယ်ဆိုတာ အတွေးမှာ
တကယ်မရှိလို့သာဝေးနေတာပါ
ဘယ်လောက်ပဲဝေးဝေး
နှလုံးသားကိုခုန်စေတဲ့
သွေးကြောမျှင်ဟာ နင်ဖြစ်နေလေတော့
ငါ့ကမ္ဘာမှာ အနေဝေးပေမယ့်
သေချာတာ နင်က ငါ့အနီးဆုံးရင်ခုန်သံလေးပါ  ။

အချစ်သဘောကို
အပြည့်အ၀နားမလည်ပေမယ့်
ဖြည့်လေ ဖြည့်လေ မပြည့်တဲ့
နင့်ကိုချစ်တဲ့ ချစ်ခဲ့ခြင်းတွေ
သိုသို သိပ်သိပ်နဲ့
မယိုဖိတ်အောင်
ငါ့နှလုံးသားအိုးထဲကို
စက္ကန့်တိုင်း ဖြည့်နေတယ် ချစ်သူရယ် ။

အလွမ်းတွေထမ်း
မျှော်လင့်ချက်ကို ဖက်တွယ်
နင့်အချစ်ရဖို့အရေး
လမင်းဆီမှာ နင်ရှိရင်တောင်
နှလုံးကို အတောင်တတ်
မရောက်ရောက်အောင် နင့်ထံတော်ပါး
ငါပျံသန်းခဲ့မယ် ချစ်သူရယ် ။

 နင်သာပျော်မယ်ဆိုရင်
 တိမ်တွေခင်းတဲ့လမ်းမှာ
ကြယ်စင်တွေအလင်းနဲ့
လမင်းအောက်မှာ
ငါတို့နှစ်ယောက်လျှောက်ကြတာပေါ့ ။

နင်အလိုရှိရင်
ကောင်းကင်ကို ဖြဲဆုတ်
စာအုပ်ချုပ်ပြီး
ငါ့နှလုံးသွေးစက်များနဲ့ရေး
နင့်ကဗျာစာအုပ်လေးလဲ လှစေပါ့မယ် ။

အလင်းရှိမှ အရိပ်ရှိသလို
 အတိတ်ရဲ့ မနက်ဖြန်တိုင်း
နင်က ငါ့အရိပ်တစ်ခုပေါ့ 
စောင့်စားသူအတွက်
အချိန်က လိပ်သွား သွားသလို
အလွမ်းတွေဖက်အိပ်တဲ့ညတွေကလဲ
တိတ်တိတ် ကလေးကြယ်ကြွေတွေနှင့်အတူ
အထီးကျန်ညတွေရှည်လျားလွန်းပေမယ့်
နင့်အချစ်မိုးတွေ နှလုံးသားမှာ
ရွာသွန်းမည့်နေ့
နွေခေါင်ခေါင်လဲ ငါစောင့်နေပါ့မယ် ချစ်သူ ။

မှတ်ချက်။        ။သူငယ်ချင်းတစ်ယောက်အတွက် ရင်ဘတ်ဌားထားပါသည် ။

လွင်ပြင်လှိုင်းငယ်

ကလေးတစ်ယောက်ရဲ့ ရှေ့ရေး

Tuesday, 20 November 2012

16 comments
အငိုနဲ့စတဲ့လူ့ဘဝ
ငိုကြွေးခြင်းအခမ်းအနားနဲ့ ဆုံးတာ
သဘာဝဆိုပေမယ့်လဲ
အပြုံးတွေ ပန်ဆင်
မေတ္တာ ၀တ်ရုံနွေးနွေးလေးဝတ်ပြီး
လက်ထဲကို ဓါးထည့်သူကထည့်
အားထည့်သူကထည့်နဲ့
ဘ၀မှာ ပျော်စရာများလှသူတွေလဲ
အများသားနော် ။

အငိုနဲ့စ
ဝမ်းနည်းမှု့ခြေလှမ်းနဲ့
ဘ၀စာမျက်နှာလေးများလှလာမလား
မျှော်မှန်းရင်း
ကြည်နူးဝေဖြာ ပိတိများနှင့်
မိဘမေတ္တာလောကရုပ်ရှင်ကိုမြင်တွေ့ရင်
ရင်နာစရာအဖြစ်နဲ့
အမေ ဘယ်ဆီ အဖေဘယ်ဝယ်နှင့်
ကောင်းကင်ကြီးကိုမော့ကြည့်သူကကြည့်
မြေကြီးကို ငုံကြည့်သူကကြည့်နဲ့
ထွက်စရာမျက်ရည်တောင်
အစာရေစာမ၀လို့
ပေါပေါသီသီမထွက်နိုင်သူ
မိဘမဲ့ကလေးတွေလောကမှာ ဒုနဲ့ဒေးပါလား ။

ရှေ့ဘ၀က ကောင်းမှု့ကြောင့်
ဒီဘ၀မှာ လိုတရသူတွေများပေမယ့်
နောက်ဘ၀မှာ ကောင်းဖို့
ဒီဘ၀မှာ လှူချင်ပေမယ့်
အတူနေရတာ ဒုက္ခဆိုတော့
နောက်ဘ၀ဆိုတာရှိမှာကို ကြောက်သူလဲရှိနေမပေါ့ ။

ကျောင်းစာတွေအံနေတဲ့
ပျော်ရွှင်သူတွေရှိနေသလို
ကျောင်းတော်ကြီးဘေးမှာ
ချောင်းနေတာ
ဘယ်သူများ ပလက်စတစ်(သို့မဟုတ်)
စားစရာလက်ကျန်မုန့်လေးများပစ်မလားနဲ့
မျှော်လင့်ချက်လက်ကျန်လေးနဲ့
ဝမ်းတထွာအတွက် ဘ၀စာသင်နေသူများလဲ
ရှိနေလေရဲ့ ။
 
ကံရေးမလှ 
ဘ၀ပေးအခြေအနေက စုတ်ချာနေတော့
ကလေးတစ်ယောက်ရဲ့ မျက်ရည်စက်တွေ
ဝမ်းနည်းမှု့ နာကျည်းချက်တွေက
အမှိုက်ပုံဘေး
ပလက်ဖောင်းဘေးမှာ
ဘယ်သူမှမတွေ့ပဲ ကျော်ဖြတ်ခံ
အနင်းခံနှင့် ဘ၀မှာ
မျက်ရည်မြစ်ထဲ ကူးခတ်ရင်း
ဝမ်းစာအတွက် ရိုးသားနေတဲ့ 
ကလေးတွေအများကြီးပါလားနော် ။

ဘာပဲဖြစ်ဖြစ်
ကလေးတစ်ယောက်ရဲ့အတွေး
မနက်ဖြန်တိုင်းမှာ
မျှော်လင့်ချက်ရှိဖို့
ဘာမှမပေးနိုင်ရင်တောင်
အပြုံးလေးတစ်ပွင့်
အားရှိမယ့် စကားလေးတစ်ခွန်ဖြစ်ဖြစ်နဲ့
နှစ်သိပ့်ပေးမယ်ဆိုရင်
မိဘမဲ့ပေမယ့် ဘ၀ကိုရဲရဲဖြတ်ကျော်
လောကမှာ အလှပန်းတွေတိုပွားပွင့်လို့နေမှာပေါ့ ။

လွင်ပြင်လှိုင်းငယ်

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :