ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ကောင်မလေး

Sunday 26 February 2012

ကောင်မလေးရေ
ကောင်းကင်ကိုနင် မြင်ရဖို့
ခေါင်းမော့ကြည့်ရတဲ့
ပုံသေ အခြေအနေမို့
အားငယ်နေတာလား
အားမငယ်ပါနဲ့ ကောင်မလေးရယ်
ကောင်းကင်ဆိုတာ
နင်မြင်ချင်မှ မော့ကြည့်ရပေမယ့်
ကောင်းကင်ကတော့
ထာဝရ နင့်ကို ငုံကြည့်ရတဲ့ အဖြစ်မို့
နင့်ထက် ကောင်းကင်က သနားဖို့ ကောင်းပါတယ်  ။

ကောင်မလေးရေ
ဝေဟင်မှာ အတောင်ဖြန့်တဲ့
 ငှက်ငယ်လေးကို အားကျနေလား
အားကျစရာ ဘာတစ်ခုမှ မရှိပါဘူးလေ
 အတောင်ကောင်းလို့ အမြင့်မှာ မာန်တက်နေပေမယ့်
အတောင်ညောင်းတဲ့ တစ်နေ့
ဝေဟင်မှာလေမနှင်နိုင်ပဲ
 မြေပြင်မှာ လမ်းမလျှောက်တတ်တဲ့အဖြစ်နဲ့
ဇာတ်သိမ်းက ကလေးတစ်ယောက်ရဲ့ လက်ထဲမှာမို့
မြေပြင်မှာ လမ်းလျှောက်တတ်တဲ့ နင့်ကို
ငှက်ကလေး အားကျနေလိမ့်မယ်  ။

ကောင်မလေးရေ
သူ့ထက်အပြိုင် လှနိုင်လွန်းတဲ့
ပန်းဥယာဉ်ထဲ နင် ငိုမနေပါနဲ့လေ
 ပန်းဆိုတာ လှမှ
လူအမြင်မှာတင့်တာ
အလှတရားတွေကို နေရောင်က ၀ါးမျို
သဘာဝက ရိုက်ချိုး
လန်းရာက နွမ်း
နွမ်းရာက ခြောက်
 မီးဆိုက်ဖို့တောင်
အသုံးမလိုတော့
 တံမြက်စည်းရဲ့ စေရာအတိုင်း
အမှိုက်ပုံကနေ
ဘယ်ချိန်ကြည့်ကြည့်
ကျက်သရေ အပေါင်းခညောင်းရတဲ့
စိတ်ထား လှလှအမြစ်တွယ်
ဝေဆာနေတဲ့ စေတနာအကိုင်းအခက်ကြား
 ဘယ်ရာသီမှ ခြောက်နွမ်းမသွားတဲ့
နင့်ရဲ့ ဖြူစင်တဲ့ အပြုံးပန်းလှလှကို
ပန်းကလေးက အားကျနေလိမ့်မယ်  ။

(မှတ်ချက်။   ။မဒမ်လွင်ပြင်ကို တခါတရံ ကောင်မလေးဟု ကျွန်တော်ခေါ်တတ်ပါသည်)

လွင်ပြင်လှိုင်းငယ်

20 comments:

♫♪★လွမ်းပိုင်ရှင်★♪♫: said...

ရေးနိုင်သူတွေရေးကြပါရေးကြပါ ဖတ်ရတယ်ဖတ်ရတယ်
အားပေးခဲ့ပါတယ်ဗျာ...ကဗျာကောင်းလေး
ခင်မင်လေးစားစွာဖြင့် (လွမ်း)www.lwanpaishin.blogspot.com

ခရစ္စတလ် said...

မဒမ်လွင်ပြင်ဆိုတဲ့ ကောင်မလေးရေ ကံကောင်းလိုက်တာအေ :)
(အဲလိုကဗျာလေးကြိုက်တယ်)

ဧဒင်အချစ်ပုံပြင် said...

ကဗျာလေးကိုအရမ်းကြိုက်တယ်ဗျာ...

jasmine(တောင်ကြီး) said...

ဘုစုခရု-အိပူတူး-ကောင်မလေး
လာရောက်ဖတ်ပါပြီ

ချစ်စံအိမ် said...

စိတ်ထား လှလှအမြစ်တွယ်
ဝေဆာနေတဲ့ စေတနာအကိုင်းအခက်ကြား
ဘယ်ရာသီမှ ခြောက်နွမ်းမသွားတဲ့
နင့်ရဲ့ ဖြူစင်တဲ့ အပြုံးပန်းလှလှကို
ပန်းကလေးက အားကျနေလိမ့်မယ် ။။။
ကောင်းပါတယ်ကွယ် အဲစာသားလေးကြိုက်တယ်။။

အောင်သက်ခိုင် said...

အလှတရားတွေကို နေရောင်က ၀ါးမျို
သဘာဝက ရိုက်ချိုး
လန်းရာက နွမ်း
နွမ်းရာက ခြောက်
မီးဆိုက်ဖို့တောင်
အသုံးမလိုတော့
တံမြက်စည်းရဲ့ စေရာအတိုင်း
အမှိုက်ပုံကနေ လန်းတယ်ဗျာစာသားတွေကကြိုက်တယ်အကိရေကဗျာလေးကို

မေမြို့မိုး said...

မိုက်တယ်အစ်ကို. အားပေးသွားပါတယ်..
ကောင်မလေးလို့ခေါ်တယ်လား.. ဟဟ.
သဘောရှိပေါ့ဗျာ..။

san htun said...

ကောင်မလေးဟု ခေါ်တတ်သော ကောင်လေးရဲ့  ကောင်မလေးကဗျာလေးကို ဖတ်သွားပါတယ်...

ပျိုးယုဝသုန် said...

ကောင်မရေးရဲ့ကောင်လေးရေးတဲ့ကောင်မလေးကဗျာလေးကိုကောင်မလေးရဲ့သယ်ရင်းကဖတ်သွားတယ်...ကောင်မလေးရဲ့ကောင်လေးလည်းကောင်မလေးအတွက်ကောင်မလေးကဗျာလှလှချိုချိုလေးတွေအမြဲရေးနိုင်ပါစေ ..

ခင်တဲ့
ဝသုန်

မျိုးဆက်သစ်မှတ်တိုင် said...

jasminechoဆီကနေ ခြေရာခံပီး လွင်ပြင်ကို

ရောက်လာခဲ့ပါတယ်..တကယ်ဆိုရင် ဒီနေရာ

လေးကို ရောက်တာ အရမ်းနောက်ကျလေခြင်းလို့

ခံစားမိပါတယ်..ကဗျာတွေ အရမ်းမိုက်တယ်

အရမ်းထိမိတယ်..စာသားတွေကလည်း လှပခန့်ငြား



သလို ဆွဲငင်အားအပြည့်မို့ လာပီးရင်း လာချင်စိတ်

ဖြစ်သွားတယ်..ကဗျာကောင်းတွေထဲကနေ

"အတွေး"ကဗျာကို ကော်ပီဆွဲသွားပီ လွင်ပြင်ရေ..

ကျေးဇူးနော်..


အစဉ်ထားဝရ အားပေးလျှက်

ဆန်းသစ်အောင်

Anonymous said...

Nice poem...

Theingar Kyaw

ညီရဲ said...

ကဗျာလေးကို ဖတ်ကြည့်ပြီး ကိုယ်ပါ မဆီမဆိုင် အားတွေ တက်မိရတယ်...

Aung Htut said...

မဒမ်လွင်ပြင်ကရော.. ကိုလွင်ပြင်ကို ဘယ်လိုခေါ်လဲ အကို.... :)

Candy said...

ကဗျာလေးက ချစ်စရာလေး....

မောင်(စွယ်စုံကျမ်း) said...

ယောက်ခမတော့ရေးထှာ...

မိုးခါး said...

ဂွတ်ထ
သတိပေးထားပုံလေးက လှပနော် ..း)

ကြယ်ပြာ said...

မိုးခါးကနေ တဆင့်ရောက်လာပါတယ်။

ကောင်မလေးကဗျာကို တော်တော်လေး သဘောကျမိတယ်။
ဖွဲ့ထားပုံလေးက ချစ်စရာကောင်းသလို ကောင်မလေးပိုင်ဆိုင်တဲ့ အရာတွေကိုလဲ ဂုဏ်ယူတတ်အောင် ပြောပြနိုင်တယ်။ နောက်ပြီးတော့ ကောင်မလေးရဲ့ တကယ့်အလှစစ်ကို ကောင်လေးက မြင်တယ်ဆိုတာလဲ ပြရာရောက်တယ်။ တကယ်မိုက်တယ်။

အောင်အောင် said...

ကဗျာလေးက ကောင်းတယ်ဗျာ အရေးတော်တယ်...အားပေးပါတယ်ဗျာ..

မဒမ်ကိုး said...

ကဲ ကဲ ကောင်မလေးရေ
ကဗျာလေးကိုတော့တော်တော်ကြိုက်သွားတယ်း))

Angelhlaing(May everybody be happy and healthy! said...

ချစ်စနိုးနဲ့ဆိုးတဲ့ ကောင်မလေးပေါ့နော်အကို...:):)
ကြည်နူးစရာ..

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :