ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

လူပျိုကြီး အပျိုကြီးတန်ဖိုး နှင့် အိမ်ထောင်သည်အလှ

Saturday 16 June 2012

လူပျိုကြီး(တန်ဖိုး)


 လူပျိုကြီး လူပျိုကြီးနဲ့ ခေါ်လိုက်ကြတာ တော်တော်သဘောတွေ့နေကြတယ်ထင်ပါရဲ့။ 


ခေါ်တာကတော့ လွယ်ပါတယ် အခေါ်ခံရတဲ့သူရဲ့ တန်ဖိုးရော နားလည်ကြရဲ့လားမသိဘူး။
 လူပျိုကြီးတစ်ယောက်ဖြစ်ဖို့တန်ဖိုးဘယ်လောက်ကြီးမာတယ် ဘယ်လောက်ပေးဆပ်ခဲ့ရတယ် လူတွေကြားမှာ နားလည်နိုင်မှု့စွမ်းအားတွေ ဘယ်လောက်ထုတ်သုံးခဲ့ရတယ်ဆိုတာ လူကြီးကြီးမဟုတ်တဲ့သူတွေမသိပါဘူးလေ။အိမ်ထောင်ကျသွားတဲ့သူတွေသာ ရာထူးတွေမြင့်မြင့်လာတတ်ပေမယ့် လူပျိုကြီးထပ်တိုးခေါ်လိုက် လူပျိုသိုး ဒီနှစ်မျိုးပဲသုံးလို့ရမယ် အိမ်ထောင်ကျတဲ့ ယောကျာ်းတွေကတော့ စစချင်း အိမ်ထောင်သည်
မိန်းမ နောင်လင်ယူရင် တခုလပ်  မိန်းမသေသွားရင် မုဆိုးဖို မိန်းမနောက်လင်ယြူပီးသေသွားတော့ တခုလပ်မုဆိုးဖို  ကလေးမွေးပြီး မိန်းမနောက်လင်ယူ ကလေးကျန်ခဲ့ရင် သားတစ်ယောက်တခုလပ် မိန်းမက ကလေးထားပြီးသေသွားရင် သားတစ်ယောက်မိဆိုးဖို အမျိုးမျိုးရာထူးတွေတိုးနေကြတာလေ မိန်းမ နောက်လင်ယူရင်လဲ လင်ကြီးဆိုတဲ့ ဂုဏ်လေးလေတောင်အဆစ်ပါသေးရဲ့။
 လူပျိုကြီးတွေရည်စားထား သဘောထားမတိုက်ဆိုင်လို့ ပြတ်စဲ နောက်တစ်ယောက်ထား လူတွေဘာမှမပြောဘူး အိမ်ထောင်သည် အသစ်တွေ့လို့ ချစ်မယ်မပြင်နဲ့ မယားငယ်နေတဲ့သတင်း ၀က်ဝက်ကွဲဖို့သာပြင်ထားပေတော့ ။ဒီလိုဒီကြောင်း
အကြောင်းစုံကို ရောင်းကုန်ထက် တွက်တဲ့နေရာမှာ တော်လို့ အပူမရှာပဲ လူတကားတွေ့ရဲ့ နှုတ်ဖျားက လူပျိုကြီးဆိုတဲ့ ခေါ်သံနဲ့ပဲ ပိတိပွားပြီး ဂုဏ်ပုဒ်တစ်ခုနှင့် ဂုဏ်ရှိန်မြင့်ခဲ့ကြတာပေါ့။


           မရလို့မယူတာမဟုတ်ဘူး (မြတ်နိုးတန်ဖိုးထားသည့်သူ)ယူတာမရလို့ မာန်မာနနဲ့အသက်ဆက်ပြီး ဟိုတစ်ယောက်ကိုမရလို့လေ မိန်းမရပြီးရောဆိုပြီးဒီတစ်ယောက်ကိုယူခဲ့တာလို့ပတ်ဝန်ကျင်းကိုအကြောင်းအရာတစ်ခုအတွက် ရောင်းချစရာအတင်းဂျာနယ်တွေများများထွက်မှာစိုးလို့
သစ္စာတရားကို နှလုံးသားတံခါးဝမှာချိတ်ပြီး မင်းမှမရရင် အကျဉ်းသားဘ၀(အိမ်ထောင်ကျသည်ကိုဆိုလိုသည်)ကိုလုံးဝမခံယူဘူးလို့ ကြွေးကြော်ရဲတဲ့ ဇာနည်ယောက်ျား သူရဲကောင်းများပါပဲလေ။
လူပျိုကြီးတဲ့အခေါ်ခံဖို့ ငွေပေးဝယ်လို့မရသလို အာဏာနဲ့လဲ ခြိမ်းခြောက်လို့လဲမရပါဘူး ။လူပျိုကြီးဆိုတာ အချိန်တွေ လူတွေရဲ့မနာလိုစိတ်  အချစ်ကို အချစ်စစ်မှမြတ်နိုးမှု့တွေစသည့်ဖြင့် ပေးဆပ်မှု့အများကြီးရင်းခဲ့ပြီးမှ ရခဲ့တာပါ။ယောက်ျားတစ်ယောက်ဟာ အိမ်ထောင်သည်ဘ၀ကိုကူးဖို့ဆိုတာ ရက်ပိုင်းမကြာပါဘူး အိမ်ထောင်သည်တစ်ယောက်ဟာ လူပျိုကြီးဆိုတဲ့ ဘ၀ကိုသေတောင်မရတော့ပါဘူး။
လူတွေကပြောသေးတယ် အကြင်နာတရားမရှိလို့ လူပျိုကြီးဖြစ်တာတဲ့ အကြင်နာအားတွေများပြီး အိမ်ထောင်တွေပြု နောက်ဆက်တွဲမယားကြီး မယားငယ် အပြိုင်အဆိုင်ထား ဖအေတူ မအေကွဲ သားသမီးမျက်နှာပေါက် အမျိုးမျိုးတွေကို ချစ်အားတွေပို ပြဿနာတွေယိုနဲ့ ဘာတဲ့ ပုဒ်မတွေတောင်ထုတ်ပြန်ထားသေးတယ် အိမ်ထောင်ရေးဖောက်ပြန်မှု့ မယားငယ်နေမှု့ သားသမီးမထောက်ပံ့မှု့အမျိုးမျိုးပါပဲ(ဒီပို့စ်ကိုဖတ်သူများထဲမှ ဥပဒေအကြောင်းနားလည်သူများပါပါက ပုဒ်မများကူညီရေးသားပေးကြပါရန်)ထို့ကြောင့် လူပျိုကြီးများသည် အကြင်နာမများပဲ တစ်ဦးတစ်ယောက်ထဲအတွက် အကြင်တရားကို ရေးသော အာဂစာပေပညာရှင်ကြီးလဲဖြစ်ပါတယ်။


            အပူအပင်ကင်းတဲ့ သူတွေထဲမှာ လူပျိုကြီးများလဲပါပါတယ် ကလေးတွေလိုပါပဲ သူတို့ဘ၀တွေဟာ
သားကျွေးမှု့ မယားကျွေး ခလေးကျေင်းစရိတ် စသည့်ဖြင့်အမျိုးမျိုးကုန်ရသော ငွေကြေးတွေ သုံးစရာမရှိတော့ အပူအပင် ကင်းမဲ့သလို လောဘတရားမရှိသူတွေလဲဖြစ်ပါတယ် အလှူ ဧည့်ခံပွဲများတက်ရောက်ရာတွင်လဲ လူပျိုကြီးများကို အိမ်ထောင်ရှင်များကအမှီမလိုက်နိုင်ပါဘူး အိမ်ထောင်ရှင်ဆိုကတည်းက ကလေးတွေတစီတတန်းနဲ့ အ၀တ်အစားကအစ ဘိုသီဘတ်သီဝတ်ပြီးလာကြပေမယ့်လဲ လူပျိုကြီးတွေကတော့
အ၀တ်ကိုကော့နေအောင်ဝတ်ပြီး အပူအပင်မရှိ ပွဲကိုအစမှအဆုံးအေးအေးဆေးဆေးနဲ့ နေနိုင်တဲ့ ကမ္ဘာကျော်မင်းသားများလဲဖြစ်ပါတယ် ။
           
             လူပျိုကြီးများဟာ သဒ္ဒါတရားနဲ့ ကုသိုလ်ကောင်းမှု့များကိုလဲ အိမ်ထောင်သည်များထက် ပိုလုပ်နိုင် ပိုလှူနိုင်ကြပါတယ်။ရပ်ကွက်ထဲမှာပဲကြည့်ပါ အလှူတစ်ခုခုလုပ်တော့မယ်ဆို လူပျိုကြီးများကို အရင်ရှာပြီး အလှူပွဲ အစမှအဆုံး အကူအညီတောင်းသူကများပါတယ် ထို့ကြောင့် ထိုအလှူများထဲမှ ကုသိုလ်များလဲသူတို့ရကြပါတယ်။နောက်တစ်ခု ပေးကမ်းစွန့်ကြဲခြင်းတွေများများလုပ်ပြီး လိုအပ်တဲ့ တောင်းဆုတွေကိုလဲ ဘုရားမှာ အမြဲဆုတောင်းကြပါတယ်(ဘာဆုတောင်းလဲတော့ လူပျိုကြီးတွေကိုမေးကြည့်ပေါ့နော်)။

             လူပျိုကြီးတော်တော်များများဟာ မုသား အလိမ်အညာစကားကင်းသူများဖြစ်တယ်လို့ပြောရင် သင်ယုံမလား?အမှန်ပါပဲ လူပျိုကြီးတွေဟာ အလိမ်အညာကင်းပါတယ် ဘာကြောင့်လဲဆို သူတို့ဟာ လွတ်လပ်စွာသွားနိုင် လာနိုင် ချူပ်ခြယ်မယ့်သူမရှိတော့ အိမ်ထောင်သည်တွေလို မိန်းမကြောက်ပြီး အနည်းဆုံး အရက်ဆိုင်ထိုင်နေရင်တောင် မိန်းမမေးလိုက် လက်ဖက်ရည်ဆိုင်ထိုင်နေတာပါလို့ အညာစကားသုံးကြရတာပဲ။အချိန်တန်လို့ အိမ်ပြန်မိန်းမပိုက်ဆံအပ်ဖို့မပြည့်လို့ မိန်းမကစစ်ကြည့် ဟိုဟာ ဒီယာနဲ့ အကြောင်းပြချက်အမျိုးမျိုးပြလိမ်ညာတတ်ကြတာတွေကြီးပဲလေ  လူပျိုကြီးတွေကတော့ ကိုယ့်ပိုက်ဆံကိုယ်ရှာ ကိုယ့်ဟာကိုယ်သုံးလိမ်ညာစရာဘာမှမရှိတော့ လိမ်ညာခြင်းကင်းကြတာပေါ့လေ။
         သက်တမ်းကြာတဲ့ ရုပ်ကြွင်းဆို ပညာရှင်တွေက စိတ်ဝင်စားသလို ရှေ့ဟောင်းပြတိုက်တွေမှာ ဘာလို့လူတွေများနေတာလဲ စိန်ဆိုတာရှားပါးပစ္စည်းမို့တန်ဖိုးမြင့်တာပေါ့ နှစ်ချို့ဝိုင်ဟာ သက်တမ်းကြာလေ အရသာရှိလေ လူတွေပို ကြိုက်လေမို့ လူပျိုကြီးဆိုတာလဲ တန်းဖိုးမဖြတ်နိုင်တဲ့ အနှိုင်းမဲ့ဂုဏ်တစ်ခုကိုပိုင်ဆိုင်ထားသူများဖြစ်လို့ လူတွေကလူပျိုကြီးလို့ခေါ်တာကို ပြုံးပြုံးလေးအခေါ်ခံလိုက်စမ်းပါ လူပျိုကြီးတို့ရေ  ။
(အကြံပေးခြင်း။   ။အမေများနေ့ အဖေများနေ့ ချစ်သူများနေ့ ဟိုနေ့ ဒီနေ့တွေအများအကြီးရှိပေမဲ့
တန်ဖိုးရှိသော လူပျိုကြီးများအတွက် ဘလော့ဂ်ဂါ ကိုကို မမ ညီ ညီမလေးများက ဆန္ဒမဲကောက်ခံပြီး လူပျိုကြီးများနေ့ ကိုသတ်မှတ်ပေးလိုက်လျှင်မည်မျှပင်ကောင်းလိုက်မည်မသိ)
မှတ်ချက်။    ။လူပျိုကြီးများဖက်မှ ဘက်လိုက်ရေးသားခြင်းမဟုတ်ပါ အမှန်တရားနဲနဲလေး သိသမျှချပြတာပါ ကျွန်တော်လဲ လူပျိုကြီးမဟုတ် အိမ်ထောင်သည်သာဖြစ်ပါသည်(ဒါက ကြော်ငြာတာ ဟီး) 
အပျိုကြီးများရဲ့ အလှတရား 
 လူ့ဘ၀ရဲ့ သက်တမ်း၃၀နှစ်လောက်နီးရင် လူတွေက အိမ်ထောင်မကျသေးတဲ့ ယောက်ျားလေးဆို လူပျိုကြီး လူပျိုသိုး မိန်းကလေးဆို အပျိုကြီးရယ်လို့တင်စားခေါ်ကြတယ်နော်။လွင်ပြင်လဲအတူတူပါပဲ တချို့မမတွေကိုအပျိုကြီးလို့ စနောက်တတ်ပါတယ်။သို့သော် သေချာတွေးကြည့်တော့ အပျိုကြီးတစ်ယောက်ရဲ့ ဂုဏ် ၊ အပျိုကြီးတစ်ယောက်ရဲ့ သီးခံနိုင်သည့် စွမ်းအား၊ လောကဒဏ်ကို တစ်ယောက်တည်းဖြတ်ကျော်ရဲသည့် သတ္တိ၊တိုင်ပင်ဖော်မလိုပဲ ဘ၀ကို ရည်ရွယ်သည့်ပန်းတိုင်ရောက်အောင် လျှောက်နိုင်သည့် ဇွဲ၊မည်သည့်အရာမဆို တစ်ယောက်တည်း ဆုံးဖြတ်နိုင်ကာ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ တစ်ကိုယ်တည်း ခံနိုင် စံနိုင်ရှိသော စွမ်းအား စသည့် လူပေါင်းများစွာ မလုပ်နိုင်သည့်အရာများကို လုပ်ဆောင်နိုင်သော အာဂလူသားများသာဖြစ်ပါသည်။

           အပျိုကြီး တစ်ယောက်ဖြစ်လာဖို့ဆိုတာ တော်တော်တော့ မလွယ်သည့်ကိစ္စပါ ပထမဆုံး အပျိုကြီး စလုပ်ပြီးဆိုတာနဲ့ သူငယ်ချင်း အပေါင်းအသင်းတွေရဲ့ စနောက်တဲ့ ဒဏ်ခံရပြီ အထီးကျန်မှု့ကို မဖိတ်ခေါ်ပဲ တဖြည်းဖြည်းရောက်လာတော့လဲ လက်ခံပေးရတယ်။ လူတွေရဲ့ ယောက်ျားမရတာကိုပဲ သနားသလိုလို အကြည့် လှောင်သလို အပြုံးတွေကို ခံနိုင်အောင် ကြိုးစားရတာ ဘယ်လောက်ခက်ခဲ လိမ့်မလဲနော်။ ညည်းနက်နက်မှာ မိုးတွေရွာ လေတွေတိုက် လျှပ်စီးဒဏ်တွေကြားမှာ တော်ယုံလူတွေတောင်ကြောက်နေရချိန်မှာ အပျိုကြီးတွေကတော့ မျက်လုံးလေ ပေကလပ် ပေကလပ်နဲ့ ဘုရားစာသာ ရွတ်ဆိုနေရတဲ့ ဒုက္ခကို တော်ယုံလူတွေကတော့ ခံစားနိုင်မှာမဟုတ်ပါဘူးလေ။ဒါကြောင့် သူတို့ဟာ ရဲ၇င်သတ္တိရှိပြီး
ကိုယ့်ကိုကို ယုံကြည်တဲ့သူတွေလဲ ဖြစ်တယ်။အရေးအကြောင်းဆို ဟိုလူ့အားကိုး ဒီလူ့အားကိုးနဲ့ သိမ်ငယ်တဲ့စိတ်မရှိသူတွေပေါ့။          နောက်တစ်ချက် အပျိုကြီးတွေဟာ ချစ်ခြင်းမေတ္တာကြီးမားသူတွေလဲ ဖြစ်တယ် သူတို့ဟာ အချစ်ကြီးချစ်ပြီး အချစ်ကို တစ်ယောက်နဲ့ပဲ သဂြိုလ်တတ်တော့ တစ်သက်မှာ တစ်ယောက်ပဲ ချစ်တတ်သူဖြစ်ပြီး အကြောင်းမလှလို့ ပေါင်းဖက်ခွင့်မရပေမယ့် တစ်ယောက်တည်းအပေါ် နားလည်ခွင့်လွတ်မှု့ အပြည့်နဲ့ အချစ်သစ်ကို မရှာပဲ သစ္စာရှင် ချစ်တတ်သူများဖြစ်ပါတယ်။           ကလေးလေးတွေ အများစုကိုကြည့်မယ်ဆိုရင်လဲ အပျိုကြီးတွေကို ပိုချစ်တတ်ကြတယ် ဘာကြောင့်လဲဆိုတော့ အပျိုကြီးအများစုဟာ ကလေးသိပ့်ချစ်တတ်လို့ပါပဲ သူတို့ ၀မ်းနဲ့လွယ်မမွေးရပေမယ့် တကယ့်ကို အကြင်နာတရားအပြည့်ထားပြီး ချစ်တတ်ကြပါတယ်ခွေးလေးတွေ ကြောင်လေးတွေဆိုလဲ အပျိုကြီးတွေရဲ့ အချစ်တော်လေးတွေပါပေါ့ ဒါဟာ ကြီးမားတဲ့ ကိုယ်ချင်းစာ တရားလက်ကိုင်ထားပြီး သူတို့လေးတွေ ငါမှ မကျွေး ငါမှ မပြုစုရင်ဆိုတဲ့ အတွေးလေးတွေကို လက်တွေ့ အကောင်းထည်ဖေါ်ပြီး စေတနာထားတတ်သူများဖြစ်ပါသည်။              အပျိုကြီးတစ်ယောက်ရဲ့ ရင့်ကျက်တည်ငြိမ်တဲ့ အလှကိုလဲ ဘယ်ကောင်မလေးတစ်ယောက်ကမှ တုနှိုင်းလို့ မှီမယ်မထင်ပါဘူး ။သူတို့ဟာ အလှကို ပေါ်စေယုံပဲပြင်တတ်ပြီး အလွန်းအကဲပြင်ဆင်မှုပများမရှိပေ။အ၀တ်အစားက အစ လူမြင်မတင့်သော အ၀တ်အစားကို ရှောင်ကျင်ကြသည် ဘာကြောင့်လဲဆို လူအများရဲ့ စိတ်ဝင်စားမှု့ခံရသော အပျိုကြီးများသည် လူအများပြောစကားကို အစကတည်းက ကာကွယ်ထားခြင်းဖြစ်ပါသည်။         ဘာပဲပြောပြောပါ အပျိုကြီးဆိုတာ ဖန်တီးယူလို့မရတဲ့ အရာပါ ပါရမီထူးလို့ အပျိုကြီးဖြစ်ရတာပါ။အိမ်ထောင်ကျသွားတဲ့သူတစ်ယောက်ဟာ ပိုက်ဆံဘယ်လောက်ပေးပေး အပျိုကြီးလုပ်လို့မရတော့ပါဘူး။အပျိုကြီးတစ်ယောက်ဟာ ဘယ်အချိန်ဖြစ်ဖြစ် အိမ်ထောင်ပြုလို့ ရပါတယ်။ရှားပါးပစ္စည်းဟာ တန်းဖိုး၇ှိပါတယ်။ဒီတော့ ဘာပဲဖြစ်ဖြစ် အပျိုကြီးတစ်ယောက်ဖြစ်ရတာ ဂုဏ်ယူစရာပါ။အားငယ်စရာ မရှိတဲ့ဘ၀မို့ ရဲရဲကြီးရှေ့ဆက်ကြပါ။  ပြီးပြည့်စုံတဲ့ အိမ်ထောင်သည်အလှ
 အိမ်ထောင်ကျတယ် အိမ်ထောင်ကျတယ်နဲ့ စကာလုံးတွေကို ခွဲခြားတွေးပြီး အိမ်ထောင်ပြုရမှာ ရင်လေးနေတတ်ကြတယ်ထင်ပ။
တကယ်တော့ လူတွေက အိမ်မှာထောင်ကျတယ်လို့ မှတ်ယူပြီးတော့ အိမ်ထောင်ပြုရမှာဝန်လေးနေတာလဲ
ဖြစ်နိုင်ပါတယ် ။
လူအမျိုးမျိုးစိတ်အထွေထွေဆိုသလိုပဲ ကိုယ်ထင်တာ ကိုယ်တွေးပြီး ရင်လေးတာ အပြစ်ပြောလို့မရပါဘူး။
လူမျိုးမျိုးထဲမှာ လူဖြစ်တဲ့ လွင်ပြင်အတွေးက ဒီလိုဗျ။
အိမ်ဆိုတာက ကိုယ်ချစ်တဲ့သူနဲ့ အတူနေပြီး မိဘအထောက်အပံ့အားလုံးကို စွန့်လွှတ်ပြီး ဆင်းရဲအတူ ချမ်းသာမကွဲပဲနှစ်ယောက်သားဘ၀ကို ကောင်းတူဆိုးဖက် ရင်ဆိုင်ဖို့ ဘ၀ရှေ့တန်းက ခံတပ်စခန်းတစ်ခုကို တည်ဆောက်ပြီးနေထိုင်တဲ့  တည်နေရာပေါ့  ။
ထောင်ကိုယ့်မှာ ပိုင်ဆိုင်တဲ့ ချစ်ခြင်း၊ ကြင်နာခြင်း၊ယုယတွယ်တာခြင်း၊မြတ်နိုးမှု့အစုစု၊ဂရုစိုက် အားကိုယ်လိုမှု့ ဘယ်မိန်းကလေးကိုမှ  ပေးအပ်လို့မရတဲ့
ခံစားချက်အ၀၀တို့ကသစ္စာအထုပ်ထဲထည့်သံယောဇဉ်ကြိုးနဲ့ခိုင်ခိုင်တုတ်ပြီး တည်ငြိမ်တဲ့စိတ် ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ ကိုယ်ချစ်တဲ့ ချစ်သူရဲ့ နှလုံးအိမ်ထဲကို လွတ်ရက်မလိုချင်ပဲ တသက်တာအတွက် တုနှိုင်းမမှီတဲ့ လောကရဲ့အခန်းနားဆုံးအဆောက်အဦးအဖြစ်ကိုယ်တိုင်ဝင်ခဲ့တယ်လို့သဘောထားပေးပါ။
တနည်းအားဖြင့် ဒုက္ခတွေအပြည့်နဲ့ မကောင်းတဲ့သူတွေ အပြစ်ပေးတဲ့ ထောင်လို့မမြင်ပဲ    အသစ်သဘောနဲ့ ချစ်သူကိုခြင်ကိုက်မှာစိုးလို့ ထောင်ပေးထားတဲ့ ခြင်ထောင်လို            အန္တရာယ်အသွယ်သွယ်ကာကွယ်ပေမယ့် ထောင်လို့မြင်ကြည့် ပေးပါ ။
                                        အိမ်ထောင်ပြုလိုက်ရင်လွတ်လပ်မှု့တွေပျောက်ဆုံးကုန်တယ်သွားချင်ရာသွားလို့မရ နေချင်သလိုမနေရလို့ စသည့် အကြောင်းပြချက်အမျိုးမျိုးကလဲအိမ်ထောင်ပြုရမှာကို ကြောက်စေပါတယ်။တကယ်တော့ လွတ်လပ်မှု့ဆိုတာ အတိုင်းအတာတခုပဲကောင်းပါတယ် ။
လွတ်လပ်မှု့နောက်ကွယ်က မကောင်းမှု့အမျိုးမျိုးနဲ့ ပျက်ဆီးခြင်းဆိုတာ ခဏတာတောင်မကောင်းပါဘူး။
အိမ်ထောင်ကျလို့ လွတ်လပ်မှု့တွေဆုံးရှုံးသွားတယ်ဆိုတာ
ကလဲ မဟုတ်ပါဘူး။ထိန်းသိမ်းမှု့ရဲ့အောက်က စည်းကမ်းသတ်မှတ်ချက်နဲနဲလေးပါပဲ
စည်းကမ်းထားတယ်ဆိုတာကလဲ ချစ်ခြင်းစာအုပ်ထဲက စာမျက်နှာတချို့ပါပဲ အမျိုးသမီးတွေဟာ မိမိခင်ပွန်းကို စိုးရိမ်စိတ်ကြီးစွာနဲ့ လုပ်ငန်းတာဝန်ပြီးဆုံးချိန်မှာ
မိမိရဲ့ မျက်စိရှေ့မှာထားပြီးတော့ လိုအပ်သမျှလုပ်ပေးမယ် လင်ယောကျာ်းရဲ့ အကြင်နာကို အပြည့်အ၀လိုချင်တဲ့ ချစ်ခြင်းရဲ့ အတ္တအတွက် ဟိုမသွားရဘူး
ဒီမလာရဘူးလို့ သတ်မှတ်တာကို အပြစ်လို့မမြင်ပဲ ကိုယ့်အတွက်ပြောပါလားလို့ဖြည့်တွေးပေးရင် လွတ်လပ်မှု့မရှိဘူးဆိုတဲ့ စာမျက်နှာဟာ အိမ်ထောင်ရေးကျမ်းမှာ အလိုလိုပျောက်သွားပါလိမ့်မယ်  ။အိမ်ထောင်ရှင်တွေဟာ မိန်းမပဲဖြစ်ဖြစ် ယောက်ျားပဲဖြစ်ဖြစ် စိုးရိမ်စိတ်ကြီးတတ်ကြပါတယ်။
အမျိုးသမီးဟာလဲ အိမ်မှာအိမ်အလုပ်လုပ်နေပေမဲ့ စိတ်က ချစ်လင်အပေါ်မှာ အမြဲရောက်ပြီး အိမ်က ယောကျာ်းထွက်သွားကတည်းက ကျောပြင်ကိုကြည့်ပြီး
လမ်းသွားရင် ဘာများဖြစ်မလဲ ကားတွေများတဲ့လမ်းမှာဆိုကားအန္တရာယ်ကိုစိုးရိမ်ရ လူပြတ်တဲ့လမ်းသွားရင် လူဆိုးတွေနဲ့များတွေ့မလား လုယက်မှု့များခံရပါ့မလားနဲ့ လူကအိမ်မှာ စိတ်ကယောကျာ်းနောက်လိုက်ပြီးပူပန်နေကြရတာပေါ့ စားချိန်ရောက်ရင်လဲ သူစားကောစားပြီးပြီလား အိမ်ပြန်စားတဲ့သူဆို စားချိန်မှပြန်မရောက်ရင် ဘာလို့လဲ အလုပ်ထဲမှာအဆင်မပြေလို့ နောက်ကျနေတာလားဆိုတဲ့အတွေးတွေနဲ့စိတ်ကို အမြဲပူပင်စေတာပေါ့။ယောကျာ်းတွေလဲ အတူတူပါပဲ မိန်းမသာအိမ်မှာထားပြီး အလုပ်လုပ်နေပေမဲ့ စိတ်ကတော့ မိန်းမအိမ်မှာတစ်ယောက်တည်း ကြောက်နေမလား ပျင်းနေမလား ဒီအချိန်သူဘာများလုပ်နေမလဲ အ၀တ်လျော်နေလို့ ရေချိုးခန်းထဲများ ချော်လဲမလား ထမင်းဟင်းချက်ရင်း အပူလောင်မလား ဂတ်အိုးတွေကလဲလုံပါ့မလား တခုခုဆိုတဲ့ အတွေးတွေနဲ့ လူပင်ပန်း စိတ်ပင်ပန်းနဲ့ပေါ့။တစ်နေ့တာရဲ့ လူပင်ပန်း
စိတ်ပင်ပန်းမှု့တွေဟာ အလုပ်ပြီး အိမ်အပြန် တစ်ယောက်မျက်နှာ တစ်ယောက်တွေ့တော့လဲ အလိုလိုပျောက်ပြီး ကြည်နူးမှု့အပြည့်နဲ့ နေ့ရက်တွေကို ကုန်ဆုံးစေတာဘယ်လောက်ကြည်နူးဖို့ကောင်းလဲနော်။
 လင်ရယ်မယားရယ်လို့ဖြစ်လာရင် ထောက်ထားညှာတာမှု့နဲ့ နောက်ပြန်ကြည့်တတ်တဲ့ စာမျက်နှာတစ်ခု ဘ၀စာမျက်နှာမှာ အလိုလိုတိုးလာ
ခဲ့တယ် ထောက်ထားညှာတာ နောက်ပြန်ကြည့်တတ်တယ်ဆိုတာကတော့ မကောင်းမှု့တစ်ခုခုလုပ်တော့မယ် ဆိုရင် ငါတကယ်လို့ တစ်ခုခုဖြစ်သွားရင်
ငါ့မိန်းမတော့ လောကအလယ်မှာ အားကိုးရာမဲ့မျက်နှာငယ်နေတော့မှာ
ပဲဆိုတဲ့စိတ် အရှက်ကွဲအကျိုးနဲစေမဲ့ အလုပ် ဥပမာ မယားငယ်နေတာပဲဖြစ်ဖြစ်
ခိုးဝှက် မကောင်းမှု့ဒုစရိုက်စတာတို့ကိုလုပ်လို့ ပေါ်သွားရင် ပတ်ဝန်းကျင်မှာ ငါ့မိန်းမတော့မျက်နှာငယ်နဲ့ ဘ၀ကိုဖြတ်သန်းရတော့မှာပဲဆိုတဲ့ ရှေ့ဖြစ်လာမယ့်အရာကို နောက်ပြန်မိန်းမကိုလှည့်ကြည့်လာတတ်တာတွေကြောင့် အိမ်ထောင်ရှင်တွေဟာအမှားနည်းလာကြတယ်လို့ထင်ပါတယ် ။စားတဲ့နေရာမှာပဲဖြစ်ဖြစ် သွားတဲ့နေရာမှာပဲဖြစ်ဖြစ် အိမ်ထောင်ရှင်တွေဟာ တကယ့်ကို
ကြည်နူးစရာကောင်းသလို အားကိုးရာနဲ့ အားကိုးခံပီတိလေးတွေကတော့ အိမ်ထောင်မဲ့တွေထက် အနှိုင်းဆမဲ့သာပါတယ် ။အစားစားရင်လဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ငပိနဲ့စားရပေမဲ့လဲ ပီတိလေးခတ်ထားတဲ့ဟင်းဆိုတော့ အရသာက သာမညမဟုတ်တော့ပဲ အဟာ၇အပြည့်နဲ့
နတ်သုဒ္ဓါနဲ့ ဘယ်လဲနိုင်ပါ့မလဲ( နတ်သုဒ္ဓါဘယ်လောက်ကောင်းတယ်ဆိုတာ မစားဖူးတော့မသိပေမဲ့ သူချက်တဲ့ ငပိတခွက်ကတော့ တော်တော်ကောင်းပါတယ်)ဒါကလဲ စကားအဖြစ်ပြောတာပါ မိန်းမတွေဟာ သူတို့တာ ဖြစ်သလိုစားချင်စားမယ် ကိုယ့်ယောက်ျားကိုတော့
ကောင်းသထက်ကောင်းတဲ့ ဟင်းကိုပဲချက်ကျွေးပြီး ယောက်ျားက အရမ်းစားကောင်းတာပဲလို့ပြော သူတို့မျက်နှာက အာဖရိက ကစိန်တစ်တုံးရသလိုပဲပျော်နေတတ်ကြတာ အိမ်ထောင်ရှင် မိန်းမတွေပါ။
လူ့ဘ၀ဆိုတာ အခက်အခဲတော့ရှိတတ်ကြတာပါပဲလေ ဘာပဲဖြစ်ဖြစ် ကြုံလာမဲ့ လောကဓံကို ကြံ့ကြံ့ခံပြီး
ဘ၀တစ်ခုကို ရဲရဲရင်ဆိုင်နိုင်ဖို့လဲလိုပါတယ် လွင်ပြင်ဖြတ်သန်းခဲ့တဲ့ဘ၀မှာ နှစ်ယောက်အတူ ကြက်ဥတစ်လုံး
နှစ်ယောက်အတူစားရတဲ့ မနက်စာတွေရှိသလို ကြည့်စရာTVမရှိလို့ ဇနီးသည်ပျင်းနေမှာစိုးလို့ စာအုပ်အဟောင်းလေးတွေ သူများဆီတောင်းပြီးဖတ်ပြရတဲ့ ညလဲမနည်းပါဘူး။အပျင်းပြေ ဆော့စရာ ဂိတ်စက်မရှိတဲ့ဘ၀မို့ စာရွက်လေးမှာ အကွက်ဆွဲပြီး ကျားကွက်နှစ်ယောက်အတူကစားပြီး ပျော်ခဲ့တာလဲမမေ့ပါဘူး။ဘာပဲဖြစ်ဖြစ် ကြိုးစားမှု့တိုင်းမှာ သူ့မျက်နှာလေးရှိနေတော့ စိတ်ဓါတ်ကျ အားငယ်နေတဲ့ အချိန်တောင်မရှိခဲ့ပါဘူး။
အရာရာတိုင်းမှာ သူ့အတွက်သူ့အတွက်ဆိုတဲ့စိတ်နဲ့ ရိုးသားစွာကြိုးစားပါ မပြည့်စုံတဲ့ဘ၀ ခဏလေးနဲ့ပျောက်သွားပါလိမ့်မယ်။
ဘာပဲဖြစ်ဖြစ် တစ်ကိုယ်တည်းအထီးကျန်ဆန်ပြီး တိုင်ပင်ဖော်မရှိတဲ့ ဘ၀ကြီးထဲမှာ အသက်ရှင်ရပ်တည်မဲ့အစား  အိမ်ထောင်ပြုမယ့် အရွယ်ရောက်ရင် ကိုယ်ချစ်တဲ့သူနဲ့ ဘ၀ကို ကြည်နူးစွာ ရင်ဆိုင်ဖြတ်သန်းတာဟာ လူ့လောကရဲ့ အလှတစ်ခုပါပဲလေ  ။




(မှတ်ချက်။  ။သိသမျှ လက်တွေ့ခံစားရတဲ့ ဘ၀ထဲမှ မရေးတတ်ပဲ အတွေးများကို မျှဝေခြင်းဖြစ်ပါသည်။)
လွင်ပြင်လှိုင်းငယ်
မှတ်ချက်။   ။အရင်ရေးဖူးသည့် ပို့ဟောင်းများအား စုစည်းတင်ပြပါသည်(တကယ်တော့ ဆားချက်တာပါ)
 

19 comments:

3rdthameetaw said...

ချက်ချင်တိုင်းချက်လိုက်ပါတော့...
ဘယ်လိုပြောပြော အားလုံးကိုယ့်တန်ဖိုး နဲ့ကိုယ်ပါပဲနော်
ဟုတ်တယ်ဟုတ်..

khin said...

မမကျားအိမ်ဦးနတ်ကတော. မမကျားကို အိမ်မှာတယောက်တည်းနေ၇တာ ကြောက်နေရှာမှာလို.
တစ်ခါမှ တွေးမှာမဟုတ်ဘူး ဟိဟိ (ကျားကျားလျားလျားကြီးမို.လို.လေ)

နွေလ said...

သားကတော့ ဆက်ကျော်သက်ကလေးပဲ ရှိသေးတယ်
လူပျို ဖြစ်သေးဘူး
ဖြစ်ချင်ရင်တော့ လူပျိုကလေး ပေါ့
အဟဲ

Phyu Lwin said...

ဘယ်နေရာဖြစ်ဖြစ် အကောင်းအဆိုးဒွန်တွဲနေတတ်တာပဲဆိုတော့ ..... ကိုယ်လဲ နောက်များတော့ ဘယ်စာရင်းထဲဝင်သွားမလဲ မသိသေးပါဘူး :D

စံပယ်ချို said...

ဘယ်နေရာဖြစ်ဖြစ်စိတ်တူ ကိုယ်တူ
လက်တွဲဖော်လေးရှိတော့ကောင်းတာပေါ့

ချစ်စံအိမ် said...

ဘာပဲပြောပြော အပျိုကြီးတွေအတွက်ရေးထားတာ
ကြိုက်တယ် ဟီး..

နွေတေးရှင် (မင်းဧရာ) said...

အဟင်း.......အဟင်း(လည်ချောင်းရှင်းသည့်အသံလို့မှတ်ပါ)။

ဘာပဲပြောပြောပေါ့လေ လူပျိုကြီးများ နေ့ကို သတ်မှတ်ဖို့ အတွက်တော့ မဲထည့်ခဲ့ပါတယ် လောက၌သစ္စာကြီးကြပါသော လူပျိုကြီး များပေတကား..လေးစားကြကုန်လော့ လေးစားကြကုန်လော့...။


သို့ပေမယ်လို့ ကိုလွင်ပြင်ရယ်...
အပျိုကြီးတွေကြတော့ အဲ့ဂလိုဟုတ်မယ်ထင်ပေါင်ဗျာ မရကြလို့ မယူထင်ပါ့)))))၀ ။

အိမ်မက်စေရာ said...

လေးစားပါတယ် ကိုလွင်ပြင်ရေ..
ဆားချက်တယ်ဆိုလဲ ဆားလေးနဲ့မှ အရသာ ရှိသမို့..ပို့စ်ကောင်းလေးအတွက် ကျေးဇူးတင်လို့ မဆုံးပါ...

အိမ်မက်စေရာ

ဖြိုးဇာနည် said...

လူပျိုလေး ဖတ်သွားပြီး
သွားဖြီးပြီး သဘောခွေ့သွားတယ်။
ဒီပုံစံဆို လူပျိုကြီးဖြစ်သေးဝူး ဟဟ

ပဥာက် said...

လက်ချာတွေသင်သွားပါတယ်ဂျာ

မင်းမုန်းတဲ့သူ said...

လူပျိုကြီးမဟုတ်သေးဘူးနော်...လူပျိုလေး

Yoemyaykya said...

တို့ကတော့ အပျိုကြီးစာရင်းဝင်တော့မှာ နှစ်နှစ်ပဲလိုတော့ပါလား။

Cameron said...

အိမ်ထောင်သည်အပိုဒ်ကိုတော့ နဲနဲရှည်လို့ ကျော်ဖတ်လိုက်တယ်...။

Anonymous said...

ကိုယ်နဲ့ဆိုင်တဲ့အပိုဒ်လေးပဲ ဖတ်ပီး သဘောတွေကျသွားတယ်ကွယ်...ရဲရဲကြီးရှေ့ဆက်ကြမယ်ဗျို့.............. :))))

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ကောင်းပါလေ့ ကိုလွင်ပြင်ရေ.. ဖတ်ရင်းနဲ့ပြုံးနေမိတာ ဝန်ခံပါတယ်..

ဟန်ကြည် said...

အံမယ် ဒီပို့စ်ကတော့ ကြားနေ၀ါဒကို လက်ကိုင်ထားတဲ့ ပို့စ်ပေပဲ...ကောင်းကွက်ရော ဆိုးကွက်ပါ ကြိုက်ရာယူပေတော့ဆိုတဲ့သဘောထင်ပါ့...လောလောဆယ်ပဲ ဆရာနန္ဒာသိန်းဇံရဲ့ ပြောရင်းပြောနေရမည့် ချစ်ခြင်းမေတ္တာစာအုပ်ဖတ်ရင်း တွေးနေမိတာနဲ့ ပို့စ်နဲ့ ဆက်စပ်သွားတယ်...

တွတ်တွတ် said...

လူပျိုကြီးများရဲ့ကောင်းကွက်လေးတွေပါလို့ပေါ့ဂျာ..မဟုတ်ရင်..၀င်ဘုမလို့..ဟိဟိ..လူပျိုကြီးတိုင်းအချစ်မကြီး ကြသလို..အပျိုကြီးတိုင်းလဲ အကြင်နာတရားများပြားတယ်မဟုတ်ပါဘူး။ အခုပို့စ်လေးကတော့ မျှမျှတတရှိပါတယ်။ ဘဲဒီးဂွတ်

အန်တီလေးမေခင် said...

မိန်းမတွေဟာသူတို့တာ
ဖြစ်သလိုစားချင်စားမယ်
ကိုယ့်ယောက်ျားကိုတော့
ကောင်းသထက်ကောင်းတဲ့ ဟင်းကိုပဲချက်ကျွေးပြီး ယောက်ျားက အရမ်းစားကောင်းတာပဲလို့ပြော သူတို့မျက်နှာက
အမြဲပဲပြုံးနေရတယ်ဆိုတာဟုတ်ပါတယ်
အားပေးသွားပါတယ်ခင်တဲ့အန်တီလေးမေခင်

Unknown said...

ပို့စ် ခေါင်းစဉ်လေးကို ကြိုက်လို့ အားပေးဖတ်ရှုသွားပါတယ်နော်။ ညီမတို့ကတော့ ခုထိဘယ်စာရင်းထဲဝင်မလဲ မသိသေးပါဘူးရှင်။

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :