ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ရင်ဘတ်ငှားသည်

Wednesday 27 June 2012

ခံစားချက်အတုတွေ
မရှိဘူး
ထုဆစ်ခဲ့တာ
ဖြူစင်တဲ့ အချစ်မို့
ယုံကြည်ခဲ့တယ်
အမုန်းမရှိနိုင်တဲ့ အချစ်ပေါ့ ။

ရင်ဘတ်နဲ့ ရေးတဲ့
နင့်အတွက်
ကဗျာတွေ ပုပ်ပွသွားနိုင်ပေမယ့်
ရင်ခုန်သံတွေ ရင်းနှီးထားတဲ့
အချစ်စစ်ကတော့
စစ်သလင်းမှာ ရောက်စေဦးတော့
ဖလန်း  ဖလန်း ထရင်း
လန်းမြဲလန်း
ရှင်သန် ရင်း ရှင်သန်နေလိမ့်မယ် ၊

နင့်အတွက်
ဒို့နှစ်ယောက်ဘ၀အတွက်
အချစ်အတွက်
အရာရာအတွက်
အတွက်တစ်ခုနဲ့
အသက်ဆက်နေရတဲ့
ငါ့အဖြစ်က
ရင်နင့်စရာ ဇာတ်လမ်းတစ်ပုဒ်တောင်
ဟာသဖြစ်အောင် ငါချစ်ပြခဲ့တယ် ။

အနေဝေးလို့
သွေးအေးရအောင်
ငါချစ်ခြင်းမှာ
တပ်မက်ခြင်းတွေ ကင်းခဲ့တယ်
မမြဲတဲ့တရားခြင်းကင်းအောင်
နင့်ရဲ့ ရုပ်အလှထက်
စိတ်အလှကို မြတ်နိုးမိတယ်
ထပ်တိုးပြီး ဆိုးသမျှကို
ကလေးတစ်ယောက်လို
အလိုလိုက် အကြိုက်ဆောင်ပေမယ့်
အသစ်အဆန်းမြင်ရင်
တဖက်လှမ်းချင်မှန်း မသိခဲ့တဲ့
ငါ့ဟာ
နင့်အတွက်
ငပေါကြီးတစ်ယောက်ဖြစ်ခဲ့တာပေါ့ ။

ချစ်တတ်တဲ့ငါ့ကို
အချစ်ငတ်တယ်အထင်နဲ့
လာချစ်သမျှကို
နင်က
ခါမပစ်ရဲပဲ
အချစ်ဇရပ်အိုလေး
ဖွင့်ထားမှတော့
ငါသည်
အသဲကွဲနေသည် ဆိုင်းဘုတ်လေးအောက်မှာ
ထာဝရ အိပ်စက်တော့မည် ။

မှတ်ချက်။   ။အသဲကွဲနေတဲ့ ဘော်ချီကွေးအတွက် အမှတ်တရ

လွင်ပြင်လှိုင်းငယ်

18 comments:

Anonymous said...

သနားပါတယ်နော် အဲ့ကောင်းလေးဘ၀တော့..

3rdthameetaw said...

ဟိဟိ ဘူကိုပြောတာလဲံဆိုတာသိတယ်နော်...

Unknown said...

အသည်းကွဲတဲ့ကောင်လေးတော့ သနားပါတယ်... :(

အလွမ်းမြို့ said...

လွင်ပြင်ရေ။

အိမ်ကလေးက စိမ်းစိုနေပါလား။ အသစ်ဆောက်ထားတယ်ပေါ့။
အငှားခံစား (ရင်ဘတ်ငှားတယ်)ဆိုရင်
မိလွမ်းအတွက် တစ်ပုဒ်လောက်။

*** ငါချစ်ခြင်းမှာ
တပ်မက်ခြင်းတွေ ကင်းခဲ့တယ်
မမြဲတဲ့တရားခြင်းကင်းအောင်
နင့်ရဲ့ ရုပ်အလှထက်
စိတ်အလှကို မြတ်နိုးမိတယ်
ထပ်တိုးပြီး ဆိုးသမျှကို
ကလေးတစ်ယောက်လို
အလိုလိုက် အကြိုက်ဆောင်ပေမယ့်
အသစ်အဆန်းမြင်ရင်
တဖက်လှမ်းချင်မှန်း မသိခဲ့တဲ့
ငါ့ဟာ
နင့်အတွက်
ငပေါကြီးတစ်ယောက်ဖြစ်ခဲ့တာပေါ့ ။



ခင်မင်တဲ့
အလွမ်း

စံပယ်ချို said...

တော်ပါသေးရဲ့ သူများတွေအတွက်မို့လို့နော်

Phyu Lwin said...

အယ်..ဘူပါလိမ့်..အသဲကွဲနေတာ :D

Angelhlaing(May everybody be happy and healthy! said...

သနားပါတယ်....နော်...အသဲကွဲတဲ့ ကောင်လေးကို ပြောတာပါ... အားတင်းထားပါဗျို့...:)

ချစ်စံအိမ် said...

လမင်းအတွက်လည်းကဗျာတစ်ပုဒ်လောက်ရေးပေးပါလား
အသည်းရောနှလုံးရောအူရောကလီစားရောအကုန်
ကွဲနေတာ ဟီး
ကဗျာလေးကောင်း၏

mstint said...

အသဲကွဲကဗျာလေးအားပေးသွားတယ်လွင်ပြင်လေးရေ။
လွင်ပြင်လေးအတွက်ကတော့ ဒီလိုကဗျာမျိုးလေး ဘယ်တော့မှဖြစ်လာမှာ မဟုတ်ဘူးလို့ယုံကြည်ပြီးသားး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Yoemyaykya said...

ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်ကြီးကိုရောက်ခဲ့ပြီး ကဗျာလေးအားပေးသွားပါတယ်။

ဟန်ကြည် said...

ကဗျာလေးကောင်းလိုက်တာ...ဖတ်ရတာ ချောချောမွေ့မွေ့နဲ့ နရီကို မိနေရော...ဒါနဲ့ အောက်ခြေမှတ်ချက်လေးပါပေလို့ပါလား လွင်ပြင်ရေ...နို့မို့သာဆို ဂျက်နဲ့အတော်ရှင်းယူရမယ့် အရေးဗျား...

မရှက်တမ်းဝန်ခံရရင် ကိုယ့်ခံစားချက်ကို ကိုယ်ချရေးတတ်ပေမယ့် အငှားခံစားချက်တော့ အခုထိ ရေးသားမကျသေးဘူး လွင်ပြင်ရေ...ဒါမို့လည်း လှိုက်လှိုက်လှဲလှဲ ချီးကျူးလိုက်ပါသဗျား...

မိုးညချမ်း said...

“အနေဝေးလို့
သွေးအေးရအောင်
ငါချစ်ခြင်းမှာ
တပ်မက်ခြင်းတွေ ကင်းခဲ့တယ်...”
အငှါးခံစားချက်လေးကိုတောင် ပေါ်လွင်အောင်ရေးသားထားတဲ့ ကဗျာလေးကို လာရောက်ဖတ်ရှုအားပေးသွားပါတယ် အစ်ကိုရေ ... :)

Cameron said...

အော် ဘော်ဘော်အတွက်ရေးတာကိုးး ဒါကြောင့်ခေါင်းစဉ်ကအဲလိုဖြစ်နေတာ...။

နွေလ said...

အရမ်းမိုက်တယ်ဗျို့
ဖလန်းဖလန်းထတာတွေရော စုံနေတာပဲ
အိမ်လေးကလည်း စိမ်းစိုနေတာပဲ

kiim said...

ကဗျာလေးအရမ်းမိုက်တယ်..။
သူများအတွက် ရေးပေးတာ ဆိုပေမယ့်
တကယ့်ခံစားချက် အစစ်နဲ့ တူတယ်.။
အရေးအသားပီပြင်လှပါတယ်...။း)

အိမ်မက်စေရာ said...

လန်ထွက်နေတဲ့ အသဲကွဲ ကဗျာဖတ်ပြီး ..
အားကျမခံ ဖလန်းဖလန်းသွား ပါတယ်...
အိမ်မက်စေရာ

ထရီဆာ (Teresa) said...

ငါချစ်ခြင်းမှာ
တပ်မက်ခြင်းတွေ ကင်းခဲ့တယ်
မမြဲတဲ့တရားခြင်းကင်းအောင်
နင့်ရဲ့ ရုပ်အလှထက်
စိတ်အလှကို မြတ်နိုးမိတယ် ......
ကြိုက်အိ.... :)))))))

မိုးခကျော်သွင် said...

ကဗျာလေးက အရမ်းမိုက်တယ်ဗျာ
အရေးအသားလေးတွေ အတူယူစရာပဲ
အားပေးခဲ့တယ် အစ်ကို

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :