ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

သက်မဲ့ဆိုပေမယ့် ခံစားချက်တော့ရှိနိုင်ပါရဲ့

Saturday 19 May 2012

ငါ နင့် အပေါ်ရပ်တယ်
ငါ နင့် ကိုဖိအားတွေပေးတယ်
ငါ နင့် ကို ခရီးကြမ်းတွေလျှောက်ခိုင်းတယ်
ငါ နင့် ကို ပူလောင်ခြင်းတွေခါးစီးခံခိုင်းတယ်
ငါ နင့် ကို အညစ်အကြေးတွေနဲ့ မိတ်ဆက်ပေးတယ်
ငါ နင့် ကို ဆူးညှောင့် ခလုတ်တွေအပေါ် နင်းလျှောက်ခိုင်းတယ်
ငါ နင့် ကို ရွှံဗွတ်နွံမှာ မွန်းကြပ်စေတယ်
ငါ နင့် ကို သစ်လွင်နေရင် လူတွေကြားချပြ ဂုဏ်ယူတတ်တယ်
ငါ နင့် ကို ဟောင်းနွမ်းနေရင် လူမြင်မခံချင်တော့ဘူး
ငါ နင့် ကို လိုအပ်ရင်သုံးပြီး မလိုအပ်ရင်တော့ အထီးကျန်နေလေပေါ့
ငါ နင့် ကို သုံးလို့ ၀ သွားတော့ နင်ဟာ အမှိုက်ပုံး(သို့မဟုတ်) လမ်းဘေးတစ်နေရာမှာပိုင်ရှင်မဲ့မျက်နှာငယ်နဲ့ပေါ့
ငါ နင့် နေရာမှာ အသစ်ကို အရင်ကနင့်လိုပဲ အသုံးချရင်း.............

နင် ငါ့ ကို ရပ်တည်ခွင့်ပေးတယ်
နင် ငါ့ ကို မြင့်တင်ပေးတယ်
နင် ငါ့ ကို ပူလောင်ခြင်းတွေကို ကာကွယ်ပေးတယ်
နင် ငါ့ ကို အမြဲသန့်ရှင်းစင်ကြယ်အောင် ဆောင်မပေးတယ်
နင် ငါ့ ကို မြေပေါ်မြေအောက် အန္တရာယ်မှန်သမျှ ဖြေရှင်းပေးတယ်
နင် ငါ့ ကိုတော့ ရှင်းသန့်စေပြီး နင်ကတော့ မွန်းကြပ်တဲ့ ရင်တစုံနဲ့ပေါ့
နင် ငါ့ အတွက်လူတွေကြားမှာ စွဲဆောင်မှု့တွေပေးခဲ့တယ်
နင် ငါ့ အနားကနေ တိတ်တိတ်လေး ထွက်ခွာသွားဖို့ ပြင်ဆင်နေတယ်(ငါ့အတ္တအတွက် ထွက်ခွာခြင်းပေါ့)
နင် ငါ့ရဲ့ ရက်စက်ခြင်း မတည်ငြိမ်တဲ့ မြတ်နိုးမှု့အတွက်
နင် အခုတော့ ဘယ်ဆီရောက်နေပြီလဲကွယ်........
မှတ်ချက်။     ။စီးခဲ့ဖူးတဲ့ ဖိနပ်များစွာအတွက်(သို့မဟုတ်) အတ္တအတွက် အသုံးချခံ သက်မဲ့အကြောင်း)
လွင်ပြင်လှိုင်းငယ်

16 comments:

မိုးသူ(တောင်ကြီး) said...

ကိုလွင်ပြင်ရေးလိုက်မှပဲ
ဖိနပ်စီးချင်စိတ်တွေ လွင့်ကုန်တယ်
ကန်ထရီးဘု ပဲစီးတော့မယ်
ဖိနပ်ဆိုတဲ့ စကားလုံးမပါတဲ့ ဖိနပ် ဟီးဟီး
နောက်တာနော်
ဖတ်ရတဲ့ feel လေးတမျိုးဖြစ်သွားတယ်ဗျ

Snow May said...

သက်မဲ့တစ်ခုရဲ့ ခံစားချက် ပီပြင်အောင် ရေးဖွဲ့ထားတာပဲ

Anonymous said...

အကိုရေ ကဗျာလေးဖတ်လိုက်မှ ဖိနပ်လေးတွေကို စာနာစိတ်ဝင်မိတော့တယ်။

ခြောက်ကြောင်းမြောက်မှာ “ ဆူးညှောင့် ကျောက်ဆူး” ဆိုတာ အစားအခြားစကားလုံးသုံးရင် ပိုလှမယ်ထင်တယ်အကို။ ခုကျ ဆူးနှစ်လုံးထပ်ပြီး ဖတ်ရတာထောင့်နေသလားလို့ ။ လေးစားစွာ အကြံပြုကြည့်တာပါအကို။
ခင်မင်လျက်

ဝေမိုးနိုင်(မုံရွာ)

မမဝသုန် said...

စိတ်ကူးလေးက ကောင်းလိုက်တာ ကိုလွင်ပြင်ရေ..

ချစ်စံအိမ် said...

သက်မဲ့တွေလည်းစကားပြောတတ်ရင် လမင်းကို
အရင်ပြောမယ်ထင်တယ် ဟီး
စိတ်ကူးကောင်းလေးခံစားသွားပါတယ်..

Cameron said...

ကဗျာဆရာတွေများ ဖိနပ်တစ်ရံလဲ ကဗျာတစ်ပုဒ်ဖြစ်အောင် ဖန်တီးယူလိုက်တာပဲ..။

စံပယ်ချို said...

အင်း ---- ဖိနပ် ဖိနပ်

ဖြိုးဇာနည် said...

တော်ပီ တုံးလုံးပဲသွားတော့မယ်
;ae; ခြေတုံးလုံးပြောတာ
သူတို့ကိုသနားသွားလို့

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ကဗျာလေးဖတ်ပြီး သဘောကျမိသလို အပေါ်ဆုံးက ကော်မန့်လေးကိုလည်း သဘောကျတယ်။

မြတ်ပန်းနွယ် (Myat Pan Nwe) said...
This comment has been removed by the author.
မြတ်ပန်းနွယ် (Myat Pan Nwe) said...
This comment has been removed by the author.
မင်းမုန်းတဲ့သူ said...

အဲဒီလိုတွေးကြည့်တော့လည်းဟုတ်သား၊ သက်မဲ့ဆိုတော့
သက်ရှိတွေအသုံးချသမျှခံနေရတာ၊ သူတို့မှာပြန်လည်
တုန့်ပြန်ခွင့်မရှိကြဘူး
ကဗျာလေးဖတ်သွားပါတယ်

ဆူးသစ် said...

သက်မဲ့တွေအတွက် ခံစားချက်လို့အမျိုးအစားခွဲထားပေမယ့် ကဗျာလို့ပဲ ကျွန်တော်နားလည်မိပါတယ်။ ဖိနပ်လို့အောက်ဆုံးမှာ ဖော်ပြထားလို့သာ ဒါဟာဖိနပ်နဲ့ပတ်သက်တာလို့သိလိုက်ရတာဗျ။ တကယ်ဆို ကိုယ့်အပေါ်အနစ်နာခံတဲ့တစ်စုံတစ်ယောက် ဒါမှမဟုတ် ချစ်သူလည်း ဖြစ်ချင်ဖြစ်သွားနိုင်တယ်။ အဲဒီလိုတွေးမိတယ်။ ကိုယ့်ရင်ထဲက ပေးချင်တာကို ဖွက်ထားပြီး ဒီအတိုင်းလွှတ်ပေးလိုက်ရင် ဖတ်သူရင်ထဲကို ဒီထက်ပိုဝင်သွားမလားပဲ။ ကျွန်တော့်အထင်ပါ။ မှန်ချင်မှလည်း မှန်မှာပါ။ ဒီတစ်ခါတော့ ၀ဲမကိုက်တော့ဘူးဗျ။ လင့်ပြန်ချိန်ထားလိုက်မယ်။

ပဥာက် said...

ကောင်းပါ့ဗျာ....

နွေလ said...

ကိုယ့်အတွက် အနစ်နာခံတဲ့
သူတစ်ယောက်အကြောင်း
ရေးထားသလိုပဲ
ကောင်းပါ့ဗျာ
ကဗျာလေးကို အားပေးသွားပါတယ် အစ်ကိုရေ

ငြိမ်းစိုးဦး said...

အပွင့်ခံစားမှုဟာ စာနာတမ်းတစိတ်နဲ့ လှပနေပါတယ် ... လက်ဆောင်ကဗျာ ထားခဲ့ပါတယ် ။

၉ ၁/၂

အဲဒီနွေမရောက်ခင်
အဲဒီမေးခိုင်ပိုးမရခင်
အဲဒီယမမင်းနဲ့မတွေ့ခင်
ဘ၀ကို
ကိုယ်တိုင် ရောင်းခဲ့ပြီးပါပြီ...။

ခရာဆူးခြုံကနေ ဖန်ကွဲစတွေပေါ်အထိ
တင့်ကားတစ်စင်းလိုတွားသွားခဲ့။

ကောင်းကင် မျက်နှာသစ်ချိန်မှာ
ဝန်ချီစက်တွေကိုထမ်းခဲ့။

ပွတ်မှုအားတွေကို
မင်နှိပ်စက္ကူလို စုပ်ယူခဲ့။

သာမှုနာမှုတွေအတွက်
အရေပြားတို့မာကြောခဲ့။

နှလုံးသားအလေးချိန်တွေ
ကိုယ့်ထက်အဆပေါင်းများစွာနဲ့
နေ့၊ညတို့ကို လဲလှယ်သန့်စင်ရင်း
ပန်းခင်းတွေနဲ့စကားပြောခဲ့ ...။

အတ္တကိုအရောင်မပြောင်းခင်မှာ
လမ်းသွားတွေက
ပြက္ခဒိန်အသစ်တွေနဲ့ မိတ်ဆွေဖွဲ့နေကြပြီ...။

ဘာတံဆိပ်လဲမမေးပါနဲ့တော့
အမှိုက်ပုံထဲမှာ
ကိုယ့်ကိုယ်ကိုယ် အိပ်မက် မက်လို့နေတယ် ... ...။

ငြိမ်းစိုးဦး
( 19.3.1996 )
http://nyeinsoeoo.multiply.com/journal/item/27

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :