ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်
ကျွန်တော်ရေးတဲ့ စံပယ့်အကြောင်း(အိပ်မက်သခင်မလေးပန်းစံပယ်)
Tuesday 22 May 2012
လှိုင်းကြမ်း လေရမ်း မုန်တိုင်းလမ်းကြားထဲ အတ္တကျောပိုးအိတ်မှာ စုတ်ပြဲနေတဲ့ မာနအပုပ်အသိုးအချို့ လောဘမုဆိုးတွေကြား ပြေးလွှားရတာများလွန်းလို့
ပါးလှပ်လှပ် မောဟ ဖိနပ်တစ်ရံ မာယာဝတ်ရုံအပေါက်အပြဲနဲ့လူတစ်ယောက်အတွက် နားခိုစရာ အေးမြရိပ်ကို ရှာဖွေခရီးဆက်ရင်း........
မောပန်းလွန်းလို့ လေးလံတဲ့ ခြေတစ်စုံကို ရှေ့မဆက်နိုင် ပြာဝေနေတဲ့ မျက်ဝန်းမှာ စိမ်းလန်းတဲ့ တောအုပ်ကို နောက်ဆုံး နှုတ်ဆက်ရင်း ကမ္ဘာလောက ကနေ ခဏတာတော့ ငါထွက်ခွာသွားမိတယ်ထင်တယ်။ သတိထားမိတာက အသိတရားရဲ့ ၀င်လေမှာ မွှေးပျံ့တဲ့ ရနံ့တမျိုး ထွက်လေမှာလဲ တူညီတဲ့ ရနံ့မျိုးမို့ အမြင်အာရုံကို အားယူဖွင့်
ကြည့်လိုက်တော့ သံယောဇဉ်မြက်ခင်းပြင်မှာ စိမ်းလန်းတဲ့ ပန်းပေါင်းစုံကြားက မွှေးပျံ့တဲ့ ရနံ့နဲ့ ငါ့အသက်ကိုဆက်ပေးခဲ့တဲ့ ပန်းရနံ့တစ်မျိုးကို အားယူထပြီး
ငါရှာဖွေနေလေရဲ့............။
 အရောင်အသွေးစုံတဲ့ ပန်းအလှတွေကြား ဒေါသကင်းကင်း မာနရှင်းရှင်းနဲ့ စိတ်လက်ရှည်ရှည်ထားပြီး ငါရှာဖွေနေပေမယ့် ထူးခြားစွာ ငါမောပန်းမှု့တွေပျောက်ပြီး အားအင်သစ်တွေရသလိုမျိုး ငါဟာ ပေါ့ပါးလွတ်လပ်ပြီး ပန်းကလေး ရနံ့နဲ့နီးလေ ခြေးလှမ်းတွေက အဓိပ္ပါယ်ရှိသလို ခံစားရလေလေ။ ဒါဟာ ငါ့ဘ၀အတွက် စစ်မှန်တဲ့ ရှာဖွေမှုနိဒါန်းပါပဲလေ။
ဝင်သက်ထွက်သက်တွေပူးပေါင်းပြီး ငါ့ဘ၀ရဲ့ မှော်ဆန်တဲ့ပန်းမျိုးမဟုတ်သလို နှလုံးသားရဲ့ တော်ဝင်ပန်းဟာ လက်တစ်ကမ်းက စိမ်းစိုတဲ့မြက်ခင်းထက်စိမ်းစိုမှုသခင်အရွက်စိမ်းတွေခြံရံ အခြေခိုင်တဲ့ ပင်စည်သွယ်သွယ်လေးတွေရဲ့ ထိပ်ဖျားက ဖြူစင်တဲ့ သရဖူပေါင်းများစွာ ပွင့်ဖတ်တွေက အတောင်ညောင်းလို့နားနေတဲ့ ခိုဖြူလေးများအလား ပန်းပွင့်ပန်းခိုင်တွေနဲ့ ပန်းရုံလေးကို မြင်လိုက်ရတော့ အသက်ရှုရပ်တန့်သွားသည့်အလား ရင်ခုန်သံက မြန်လွန်းနေလိုက်တာ။ ဒူးတုန်နေပေမယ့်  နှလုံးသားခြေတစ်စုံရဲ့ခေါ်ဆောင်ရာလိုက်ရင်း တိုးတိုးလေး ကပ်မေးမိတယ်။ သူကလဲ ရိုးရိုးလေးပဲပြန်ဖြေပါတယ် ပန်းစံပယ်တဲ့။
အမှောင်တွေကြားကဆောင်ယူလာတဲ့ ငါ့ခန္ဓာကိုယ်က မွှေးပျံတဲ့ ပန်းရနံ့နဲ့ ရေချိုးပစ်လိုက်ချင်တယ်။
 စံပယ်ပန်းလေးဘေးမှာ ထာဝရမှေးစက်ချင်လိုက်တာ။ ငါ့အတွေးတွေကို သူ သိနေလားပဲ ငုံနေတဲ့ ပန်းဖူးလေးတစ်ခု ပွင့်လွှာလေး ဟ သွားတာ ငါမြင်လိုက်တယ်။ ဒါဟာ ပန်းတွေရဲ့ အပြုံးလား ။ တကယ့်ကို ဖြူစင်လွန်းတဲ့ အပြုံးပဲ တသက်တာမှာ ပထမဦးဆုံးမြင်ဖူးတဲ့ ရိုးသားတဲ့ အပြုံးလေးတစ်ပွင့်ပေါ့။နေ့ညတွေတိုင်းမှာ ပန်ရုံလေးဘေးမှာနေရင်း ပန်းကလေးရဲ့ စိတ်ရင်းစေတနာစကားတွေကိုကြားနာရင်းနဲ့ အခုဆို ငါ့ဘ၀မှာ
ပျော်ရွှင်မှုဆိုတဲ့ ခံစားချက်အသစ်တစ်ခုထပ်ရပြန်ပြီ။
ကျေးဇူးပါ ပန်းကလေးရယ်။ တကယ်ဆိုနင့်ရင်ထဲမှာဖြူစင်လွန်းလို့ ပွင့်တဲ့ပန်းအရောင်ကပါဓါတ်ကူးပြီး ဖြူသွားသလားလို့ မကြာမကြာတွေးမိတယ်။
အချိန်တွေကြာလာတော့ စံပယ်ပန်းလေးကို ငါ့ဘ၀ထက် မြတ်နိုးတွယ်တာ ချစ်မိနေပြီဆိုတာ
ငါ့နှလုံးသားက အသက်ရှူတိုင်းငါ့ကို အသိပေးနေပေမယ့်  ပန်းစံပယ်လေးကတော့ ဘယ်လိုခံစားနေသလဲဆိုတာ သိချင်ပေမယ့် မမေးမိအောင်ကြိုးစားရင်း ပန်းရုံလေးကို လုံခြုံစွာ နှလုံးသားနဲ့မိုးပြီး မေတ္တာရည်တွေ ဖြန်းပေး သူ့ဆီက ဘာသာပြန်မယ့် စကားတစ်ခွန်းကို မျှော်လင့်ရင်းပေါ့............။
(ကျေးဇူးတင်လွှာ။    ။ကျွန်တော်စာရေးဖြစ်အောင် အချစ်တွေပေး ဘ၀တစ်ခုလုံးယုံကြည်စွာ အပ်နှံထားသော ချစ်ဇနီး စံပယ်ချို နှင့် ကျွန်တော်မရေးတတ်တဲ့ အက်ဆေးလေးတွေကို ရေးဖြစ်အောင် တိုက်တွန်းပြီး မအားလပ်သည့်ကြားက စာတွေပါပြင်ပေးသောသူငယ်ချင်းအား အရမ်းကို ကျေးဇူးပါ)
လွင်ပြင်လှိုင်းငယ်
15 comments:
နွေလ said...
အစ်ကိုက အစ်မစံပယ်ကို အရမ်ချစ်တာပဲ
အစ်ကိုတို့အချစ်တွေကို မနာလိုလိုက်ထှာ
ကျွန်တော်ကတော့ အခုလောလောဆယ်ကို
အိပ်မက်တွေ ရိုက်ချိုးခံထားရတယ်လေ
အရမ်းမချစ်ပြပါနဲ့
အားကျလွန်းလို့ပါ
အစ်ကိုရဲ့အက်ဆေးလေးကို
အားပေးသွားတယ် အစ်ကို
စကားမစပ် - ဒီတန်ပလတ်မလုပ်တတ်ခင်တုန်းက
အစ်ကိုတို့အိမ်လေးတွေကို ကြည့်ပြီး
အရမ်းအားကျခဲ့ဖူးတယ်
ပျော်ရွှင်ပါစေ အစ်ကို
ချစ်စံအိမ် said...
ချစ်ကြပါ ချစ်နိုင်ကြပါစေ.
ပျော်ရွှင်နိုင်ကြပါတယ်..
ဟဲဟဲ သူများတွေပဲလိုက်စုတောင်းပေးတော့မယ်..
မင်းမုန်းတဲ့သူ said...
အားကျဖို့အရမ်းကောင်းတယ်ဗျာ
ဒီထက်ပိုချစ်နိုင်ကြပါစေလို့လည်းဆုတောင်းပေးပါတယ်..
Cameron said...
အက်ဆေးမကျပေမယ့် ချစ်စရာ ကြည်နူးစရာ စာလေးတစ်ပုဒ်ပါ...း)
မြသွေးနီ said...
ကြည်နူးစရာလေး...
ဖတ်အပြီးမှာ နှစ်ယောက်ကြားက ချစ်စရာ ခိုင်မြဲတဲ့ ချစ်ခြင်းမေတ္တာကို တွေ့လိုက်ရတယ်..။
(မမြသွေးနီ အောက်အော့ဖ် ဒိတ်ဖြစ်နေပြီ... လွင်ပြင်လေးရဲ့ စံပယ်ခင်းလေးဆိုတာ အခုမှ သိတယ်တော်.. :D
Snow May said...
အဲဒီလို ချစ်တတ်တာတွေ တွေ့ရတာ စိတ်ချမ်းသာဖို့ကောင်းတယ်.. လာဖတ်တဲ့သူတိုင်းကတော့ အစ်ကိုလွင်ပြင်ရဲ့ အစ်မအပေါ်မှာ ထားရှိတဲ့ အချစ်တွေကို အားကျစိတ်နဲ့တကွ.. အသေအချာမြင်တွေ့သွားကြပါတယ်.. ထာဝရပျော်ရွှင်ပါစေ
မဒမ်ကိုး said...
အချစ်တွေအပြည့်နဲ့စံအိမ်ထဲကို ဂျာရစ်ပြန်လည်ရောက်ရှိလာပါကြောင်း
ခင်မင်လျှက်
ညီမ မဒိုးကန်
...အလင်းစက်များ said...
လာလည်တာ ကျေးကျေး။ ကျနော်တော့ ဘလော့တွေ မလည်နိုင်တော့ဘူး စိတ်လည်း မကောင်း :( ။
မိုးသူ(တောင်ကြီး) said...
ကိုလွင်ပြင်နဲ့ မစံပယ်ချိုတို့ စုံတွဲ က
ပျော်စရာတွေနဲ့ အတိပြီးတယ်နော် :)
အောင်သက်ခိုင် said...
အရမ်းကိုကောင်းတဲ့စာသားတွေဗျာ
အကိုတို့နှစ်ယောက်ဒီ့ထက်မကချစ်ခင်နိုင်ကြပါစေ
ဆန်းသစ်အောင် said...
ခေတ်သစ် အာဒမ်နဲ့ ဧ၀တို့ချစ်သူစုံတွဲလို့
ပြောရမလလား..အပြစ်မရှိတဲ့ အချစ်တွေနဲ့
သက်ဆုံးတိုင် လျှောက်လှမ်းနိုင်ကြပါစေ..
ငြိမ်းစိုးဦး said...
essay နုနုလှလှလေးပါ ... စိတ်ကို ကြည်စေပါတယ် ...
ဧဒင်အချစ်ပုံပြင် said...
အကိုလွင်ပြင်ရေစာသားလေးတွေက ကျွှန်တော်တောင်ကြွေသွားတယ်ဂျာ..အကိုရဲ့ ချစ်ချင်းသဘောတွေကစာသားလေးထဲမှာဖော်ပြလိုက်တာဘဲ..လေးစားပါတယ်..နောင်နှစ်ပေါင်းများစွာလက်တွဲသွားနိုင်ပါစေဗျာ...
အိမ်မက်စေရာ said...
အချစ်အကြောင်းရေးထားတဲ့ အက်ဆေးလှလှလေး ခံစားသွားတယ်..
စကားမစပ် ချစ်ဇနီး မှာ ဝစ်စနှလုံးပေါက် ပြုတ်နေတယ်ဗျို့..ကိုလွင်ပြင်း))ဟီး
ခင်တဲ့
အိမ်မက်စေရာ
Unknown said...
ညီမကလည်း အစ်ကိုတို့လို ဘလော့ခ်ဂါသမားတွေ မဟုတ်ပေမဲ့ ရေးထားတဲ့စာလေးတွေဖတ်ရတာ အနုပညာရသမြောက်သလို ပျော်လည်းပျော်ပါတယ်။
အစ်ကိုနဲ့ အစ်မတို့ရဲ့ ချစ်ခြင်းတွေ ထာဝရရှင်သန်ပြီး ရွှေလက်တွဲလို့ မြဲပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။
Popular Posts
Popular Posts
Popular Posts2
Popular Posts3
စိတ်ကြိုက်အရောင်ကုဒ်လေးများ
အရောင်ရဲ့Code ယူရန် :