ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ပိစိကွေးသို့ စာတစ်စောင်

Friday, 21 June 2013

ပိစိကွေးရေ......
ညနေခင်းတိမ်တွေညွှန်ရာ အနောက်ဘက်ယွန်းယွန်းကိုကြည့်လိုက်တော့
ပုဇွန်ဆီရောင် တိမ်လွှာတွေက ငါ့ကို ဗိုက်ဆာစေတယ်ဟာ ဘာကြောင့်လဲဆိုတော့
ပုဇွန်ဆီရောင်မြင်တော့ ပုဇွန်ဆီပြန်ဟင်းလေး သတိယမိလို့ပါ ။
ဟော....ကြည့်စမ်း ငှက်နှစ်ကောင်အိက်ငိုက်နေတဲ့ နေမင်းကိုနောက်ခံထားပြီး ဓါတ်ပုံရိုက်နေပြန်ပြီ
ဧကန ဖဘ မှာတင်မလို့ထင်တယ် ။ သူတို့ကို မနာလိုဖြစ်လိုက်တာ ငါတို့တုန်းက
လူမြင်မှာစိုးလို့ အမှိုက်ပုံနောက်ခံထားပြီ ဓါတ်ပုံခဲ့ကြတာ ဖြစ်ချင်တော့ ဓါတ်ခဲကုန်နေလို့
ပိစိကွေးနဲ့ မရိုက်လိုက်ရပေမယ့် ဓါတ်ခဲဝယ်ပြီးအိမ်အပြန် ဖက်တီးနဲ့ တအားဖက်ပြီးရိုက်လိုက်တာ ဒီကောင်ကိုက်လိုက်တဲ့ ဒဏ်ရာအခုထိကျန်နေဆဲပါ ။

အတိတ်အကြောင်းတွေတူးဆွလိုက်တာ ရတနာတွေ မတွေ့ပဲ ဘယ်ကောင်ဖင်သရမ်းသွားလဲ
မသိဘူး ထွီး...နံ့လိုက်တာ....အတွေးနယ်ချဲ့လိုက်တာ အင်ပါယာမဖြစ်လာပဲ အင်ပြင်တွေထလာသလို ယားကျိကျိဖြစ်လာတယ် အိပ်ငိုက်နေတဲ့ နေမင်းလဲ ဘယ်ကို
ဒိုင်ပင်ပစ်သွားပြီလဲမသိတော့ဘူး ။ အခုတော့ ငါ မြင်နေရတဲ့ ပတ်ဝန်းကျင်ကို မဟူရာက
သိမ်းပိုက်လိုက်ပြီပေါ့ မဟူရာဆိုလို့ နင့်အိမ်က မြင်းကြီးရောရှိသေးလား ဒီကောင်ကန်လိုက်လို့
ငါ့ရဲ့တထောင့်တနေရာမှာ ဒဏ်ရာရခဲ့တာကိုတော့ ရေသွန်တိုင်း နာကြည်းစွာဒင်းကို သတိယမိတယ် ။
အော် ကောင်းကင်ကိုမော့ကြည့်လိုက်တော့လမင်းကြီးက ထိန်ထိန်သာလို့ ကြယ်စင်တွေက မှိတ်တုတ်မှိတ်တုတ်နဲ့ အေးချမ်းလိုက်တာ ပိစိကွေးရယ် နင်ပြောဖူးတယ်လေ လမင်းကြီးက ကမ္ဘာပေါ်မှာ
ရှိတဲ့နိုင်ငံတွေ မှိတ်တုတ် မှိတ်တုတ်ကြယ်လေးတွေက ဒို့နိုင်ငံ ဒါကြောင့်နင်စာမေးပွဲကျပြီး နင့်အိမ်မီးလောင်တာလို့ပြောခဲ့တယ်လေ မဆီမဆိုင် မှိတ်တုတ် မှိတ်တုတ်ကြယ်နဲ့ နင်စာမေးပွဲကျ အိမ်မီးလောင်တာလဲမေးတော့ နင်က ဆိုင်တာပေါ့ ငါပြောတာက သူများနိုင်ငံမီးတွေလင်းလို့ဒို့နိုင်ငံကလျှပ်စစ်မီးက မလာနှစ်ရက်
လာတမနက်ဆိုတော့ ဖယောင်းတိုင်နဲ့ စာကျက်ရင် အိပ်ငိုက်ပြီး အိပ်ပျော်သွားလို့ အိမ်မီးလောင်တဲ့အပြင် စာမေးပွဲပါကျတာပေါ့လို့ ရန်ဆောင်ရင်ပြောပြတာ အခုထိမှတ်မိနေသေးပါတယ် ။

ဒီလိုညမျိုးမှာ နင့်အတွက်ကြယ်ကြွေတွေမကောက်ပေးနိုင်ပေမယ့် ခရေခြေရင်းက
အများမနင်းခင် နင့်အတွက် ခရေးတွေကောက် သီကာကုံးပြီပန်ပေးမယ်လုပ်တော မနှစ်က
နင့်အဖေအရက်ဖိုးမရှိလို့ နင်အိပ်နေတုန်း နင့်ဆံပင်တွေဖြတ်ရောင်းလိုက်လို့ ဆံပင်ငုံးစိစိနဲ့မို့
ရှက်အားပိုပြီး မျက်ရည်တွေကြားက နင်ဂတုံးတုံးတာမြင်ရတော့ ငါ နင့်ကိုသနားလိုက်တာ ။
ဒါကြောင့်ဒီခရေတွေလဲ နေမြဲတိုင်းနေပါစေတော့ ။
အော်ဘာလိုလိုနဲ့ အအေးဓါတ်က ငါ့ကိုပြေးဖက်လာတော့ လမ်းလျှောက်ရင်းနင့်အကြောင်းတွေးတာနားပြီး အိမ်ထဲဝင်ပြီး အွန်လိုင်းတက် fbကနင့်စာမျာက်နှာတွေကြည့်တော့မယ်ဟာ...နားမလည်တာတစ်ခုတော့ရှိတယ် နင်နဲ့ငါဝေးတာ
၁နှစ်ကျော်ကျော်လောက်အတွင်းမှာ နင်ဒီလောက်လှလာလိမ့်မယ်လို့ငါမထင်ဘူး...fbကနင့်စာမျက်နှာမှာတင်ထားတဲ့နင့်ပုံတွေက
ငါတောင်မမှိတ်လောက်အောင်ဖြစ်နေတယ် နင်ကမျက်ပေါက်ကျဉ်းကျဉ်းနဲ့မို့ နင့်အဖေ အညာသားက
နင့်အမေကိုမူးရင်ရန်လုပ်တယ်လေ ဘာလဲ ဘယ်တရုတ်နဲ့ဘာညာဆိုပြီးလေ အဲ့လောက်ကျဉ်းတဲ့
မျက်ပေါက်ကဓါတ်ပုံထဲမှာ ပြူးဝိုင်းလေးနဲ့ လှနေပါ့လား...၀က်နှာခေါင်းလေးကလဲ နှာတံလေးစင်းလာသလိုလို ကြွက်သွားလေးတွေတော့ ဘယ်လိုရှိမှန်းမသိဘူး နင့်ပုံတွေက သွားပေါ်တဲ့ပုံမပါလို့ ပြီးတော့ နင့်ရဲ့ ဆံပင်တွေက ဒီလောက်ပဲ
အရှည်မြန်လား ဘယ်လိုခေါင်းလျှော်ရည်တွေ ခေါင်းလိမ်ဆီတွေလိမ်းလိုက်တာလဲ တကယ့်အံ့ဖွယ်ပါပဲ ထားတွေထားပါတော့ ဓါတ်ပုံဆရာတော်တယ်ပဲ သဘောထားလိုက်ပါ့မယ် ။နောက်တစ်ခုက နင်ငယ်ငယ်တုန်းကအတိုင်းပဲ အကြွားသန်တုန်းပဲနော် ဘာတဲ့fbမှာ မနက်မနက်ဆို
မေမေပြင်ပေးတဲ့ မနက်စာဆိုပြီ ဘယ်ကပုံတွေလျှောက်တင်မှန်းမသိဘူး နင့်အမေက စောစောစီးစီးထပြီး အကြော်ရောင်းသွားတာ အကြော်ကျန်နဲ့ ထမင်းကြမ်းနင်စားရတာ
ငါသိပါတယ် ငါလဲဘ၀တူဆိုပေမယ့်အဲ့လိုတော့မကြွားတတ်ပါဘူး ...နောက်တစ်ခု ဘယ်ကဌားလာမှန်မသိတဲ့ အိုင်ဖုန်းနဲ့ဓါတ်ပုံရိုက်ပြီး မွေးနေ့က ဒယ်ဒီဝယ်ပေးတာဆိုတာကပါသေးတယ် ငါသိတာတော့ ဒီလိုမိုးရာသီဆိုနင့်အိမ်နောက်ဖေးက
အိုင်ကို နင်အဖေပက်နေတာတော့သိတယ် သူအရက်မြည်းဖို့လေ နောက်တစ်ခါတင်ရင် ဒယ်ဒီဝယ်ပေးတဲ့ အိုင်ပက်လို့ရေး.....တော်ပါပြီ နင့်အကြောင်းအမှန်တွေရေးလို့ နင်ငါ့ကိုမုန်းသွားပါအုံးမယ်....တစ်ခုတော့မှာရအုံးမယ် နင့်အမေကပြောတယ် ဘာအလုပ်မှ
မလုပ်ပဲ အင်တာနက်ဆိုင်မှာအချိန်ကုန်နေတယ်ဆို အင်တာနက်ဆိုင်မှာလဲအကြွေးတွေမနဲဘူးဆို
ဒါနဲ့များ နင်မသိတဲ့အကောင့်နဲ့ ငါနင့်ကိုမေးတော့ အိမ်က အင်တာနက်လိုင်းက သိပ့်မကောင်းလို့ တခါတလေ မပြောပဲ ကျကျသွားတယ် လိုင်းအသစ်ထပ်ယူခိုင်းရမလေးဘာလေးနဲ့....
ကဲငါလဲ နင့်အတင်းအဲလေ နင့်အကြောင်းတွေးရင်း သူငယ်ချင်းတစ်ယောက်စက်ဌားသုံးတာ သူကပြန်ယူတော့မယ်ဆိုလို့ ဒီနေ့တော့ဒီလောက်ပဲဟာ ။
မှတ်ချက်။      ။မည်သူ့မှ မရည်ရွယ်ပါ စိတ်ကူးနှင့် ဟာသရေးကြည့်ပါသည် ။

လွင်ပြင်လှိုင်းငယ်

8 comments:

ရာဇာထွေး said...

ဖတ်ရင်းသဘောကျမိတယ် လွင်ပြင်ရေ...
သေချာတွေးကြည့်တော့ ဟုတ်သလိုပဲ ထိတယ်ကွာ...
အင်း ဒါကြောင့်ဖေ့ဘုတ် ကိုလူကြိုက်များတာနေမှာ :P

ခင်မင်စွာဖြင့်
ရာဇာထွေး

Anonymous said...

ကြိုးကို အော့အော့ တွေသုတ်ပြီး ရမ်းသွားသလိုပဲနော်း)။

ဟိုတုန်းက

သင်၏
သမက် ။

တိမ်လွှာဖြူ said...

:D သရော်စာရေးတာ မိုက်တယ်.. မျက်လုံးမှေးမှေးလေးက ဓါတ်ပုံထဲမှာ ပြူးပြူးလေးဖြစ်သွားတယ်ဆိုတာလေး သဘောကျတယ် ..။ FB မှာ ခုဖြစ်နေတာတွေကို တကယ်ထင်ဟပ်မိတာပဲ ..။

ဟန်ကြည် said...

ကိုလွင်ပြင်...မြင်းကန်ခံရတဲ့နေရာကတော့ တကယ့်ချက်ကောင်းပဲကိုး...တော်သေးတာပေါ့ ရေသွန်နိုင်သေးတာ...အောင်မလေး ကံကောင်းလို့ လူညွန့်မတုံးပေတာပဲကိုးး)

ဦးဟန်ကြည်လည်း အိုင်ပက်မလားလို့ ရေများနေလို့ အသာစောင့်နေတာ...လောလောဆယ် သူများမမြင်အောင် ဖျာနဲ့ဖုံးထားလိုက်တယ်...အနှီတော့ အိုင်ဖုံးတော့ပိုင်သွားပြီဆိုတဲ့သဘော...တစ်ရက်လောက်မှ မနက်စာ ထမင်းကြမ်းနဲ့ ထန်းလျက်ခဲပုံ ဖဘပေါ်တင်လိုက်ဦးမှ...အဆဲခံရအောင် ဟဲ ဟဲ

ဖတ်ရတာ ဘ၀င်မြူးလိုက်တာ...ထပ်ချစမ်းပါဦး ဒါမျိုးလေးတွေ...

မိုးသက် ဦးလွင် said...

အားပါး..ပေါ့ပါးလိုက်တာ အစ်ကိုရေ.. လွတ်လပ်ပေါ့ပါးတဲ့ စာပေထဲ ပြန်ဝင်ချင်စိတ်ပေါ်ပါတယ်.။ ခုတစ်လော စကားလုံးအကြီးကြီးတွေပြောနေရတော့ လူကလည်း တည်ထားရတယ် အစ်ကို့စာဖတ်မိမှပဲ ပြုံးမိတော့တယ်.။

မိုးနတ်ကြယ်စင် said...

ဟားးးးးးး ချစ်ကိုကြီးရေ ...
ဒါတွေလဲ ဖြစ်တာပဲလားဗျ ....
ညလေးတော့ အူတက်အောင်ရယ်ရတယ်
ဆိုတာထက် ဖတ်ရင်းနဲ့ သဘောတကျနဲ့ကို
ပြုံးပြုံးမိနေတယ်ဗျ.. .ဟုတ်ပါရဲ့
အဲလို ဘ၀င်မြူးစေတဲ့ စာလေးတွေ
လုပ်ပါအုံး အကိုရ :))))

ရိုးမြေကျ said...

ဟီးဟီး မေမေပြင်ပေးတဲ့ မနက်စာ။ ထမင်းကြမ်းနဲ့ အကြော်စားရတာတဲ့။ ဘူလဲဘူလဲ

hninnse young said...

အဟိ..မိုက်တယ်...

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :