ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ချစ်တာလွယ်ပေမဲ့ ချစ်တတ်ဖို့ခက်

Tuesday 6 December 2011


ကိုယ်မင်းကိုအရမ်းချစ်တယ်
မောင် မ ကိုမြတ်မြတ်နိုးနိုးချစ်တယ်
ကျွန်တော် မမ ကိုအသဲစွဲချစ်တယ်    ဆိုတဲ့   ချစ်တယ် ကို ပုံစံအမျိုးမျိုး စကားအလှအမျိုးမျိုးသုံးပြီး
အလွယ်တကူ အခွန်မဆောင်ရတော့ လူတော်တော်များ(လူသားအားလုံးကိုမဆိုလိုပါ)ရဲ့ နှုတ်ဖျားမှာ ချစ်တယ်ဆိုတာ သီချင်းတစ်ပုဒ်တေးလုပ်ပြီးဆိုနေသလိုပဲ လွယ်လိုက်တာ။
အချစ်ဆိုတာ ဘာလဲ ကျွန်တော့်ကိုလာမေးပါ။သေချာပါတယ် အချစ်ရဲ့ တစွန်းတစ်စ အဓိပ္ပါယ်တောင် ပီပြင်အောင်ပြောတတ်မှာမဟုတ်ပါဘူး ဘာကြောင့်လဲဆို အချစ်ဆိုတာ ခံစားမှု့ရပ်ဝန်းရဲ့ အထွတ်အထိပ် ကမ္ဘာလောကရဲ့ တန်ဖိုးအလွန်ရှိ အေးမြတဲ့မေတ္တာရဲ့အိုအေစစ်ထဲကရေစက်လေးမို့ အချစ်ကို တန်ဖိုးနိမ့်ကျသွားမှာစိုးလို့ အဓိ ပ္ပါယ်ကို မဖွင့်ဆိုရဲပါ။
မည်သည့်လူမျိုး မည်သည့်တိုင်းပြည်မှာမဆို လူတွေအရင်ဆုံးလေ့လာ သင်ကြားတဲ့ စကားဟာလဲ ချစ်တယ်ဆိုတာပါပဲ တိုင်းတပါးရောက်လို့ ကျန်တာမသိချင်နေလိမ့်မယ် ချစ်တယ်ဆိုတာတော့ လူတော်တော်များများတတ်ကြပါတယ် ဆိုလိုတာကတော့ ချစ်တယ်ဆိုတာကို လူသားတွေက စိတ်ဝင်စားကြတယ် ဟင်းမှာဆားမပါရင်မပြည့်စုံသလို ဘ၀မှာလဲအချစ်မရှိရင်လုံးဝမပြည့်စုံနိုင်ပါဘူး။
သို့ပေမဲ့ လွယ်လွယ်ကူကူလေးချစ်တယ်လို့  ပေါ့ပျက်ပျက်ပြောပေမဲ့ ခံစားချက်နဲ့ နားထောင်တဲ့သူ၊ မြတ်မြတ်နိုးနိုးတန်ဖိုးထားပြောပေမဲ့ နာထောင်သူက ပြီးပြီးရောသဘောနဲ့နားထောင်တာကတော့ကွာခြားတာပေါ့ ။ချစ်တယ်ကို ပြောတဲ့သူကော နားထောင်တဲ့သူကော ခံစားချက်အပြည့်နဲ့ဆိုရင် ကမ္ဘာပေါ်မှာ တန်းဖိုးအရှိဆုံးစကားလေးတစ်ခွန်းပါပဲ။
အချစ်ကို ကျွန်တော့်အမြင်ပြောရရင်တော့ ခံစားချက်ကိုအရင်စစ် သေချာတယ်ဆိုရင် ရင်ခုန်သံရဲ့ သံဇဉ်မှာသူဟာ မူပိုင်တီးခတ်သူလား သူ့အပေါ်အပြည့်အ၀နားလည်မှု့ပေးနိုင်ရဲ့လား သေချာဆန်းစစ်ပါ ကြင်ကြင်နာနာနဲ့ကော ယုယနိုင်မလား  သူ့ဘ၀လုံခြုံရေးအတွက် ဘ၀ရဲ့ကိုယ်ရံတော်အဖြစ်အမြဲရပ်တည်ပေးနိုင်မလား သူ့ကိုချစ်တော့မယ်ဆိုရင် ကိုယ့်ရဲ့အချစ်အားလုံးကို သူ့ထံသဂြိင်္ုလ်မြုပ်နှံနိုင်ပြီးလား စသည်ဖြင့် နှလုံးသားကော ဦးနှောက်ကောအရာအားလုံးကို သေချာစစ်ဆေးပြီး သေချာတယ် အချစ်ဆိုရင် ဖွင့်ပြောလိုက်ပါ ပြီးရင်သူ့ရဲ့ အချစ်ကိုလဲ တန်ဖိုးထားစွာနဲ့ စိတ်ရှည်ရှည်စောင့်ဆိုင်းတောင်းခံပါ ရရှိလာတဲ့အချစ်ကို တန်ဖိုးထား တာဝန်ယူတတ်ဖို့ကတော့ အရေးကြီးဆုံးအပိုင်ရောက်သွားပြီပေါ့ ။

ချစ်တာကလွယ်ပေမဲ့ အချစ်ကိုထိန်းသိမ်းရတာတော့ တော်တော်ခက်မယ်လို့ ကျွန်တော်ထင်တယ်  အရင်ဆုံး ချစ်သူကို မှန်တချပ်လိုသဘောထားနိုင်ရမယ် ချစ်သူရဲ့ မျက်နှာကို သမားတော်တစ်ယောက်လိုဖတ်တတ်ရမယ် ချစ်သူအသံကိုကြားတာနဲ့ သူ့ရဲ့ခံစားချက်ကို နားလည်ပေးရမယ်
အတိတ်ကိုပြန်လှန်တတ်တဲ့ အလုပ်ကိုမလုပ်ပဲ လက်ရှိနဲ့ အနာဂါတ်အတွက်ပဲ ကောင်းသထက်ကောင်းအောင်ကြိုးစားရမယ် အကောင်းဆုံးကတော့ ကိုယ်ချစ်သူကို အကြောင်းပြချက်မရှိပဲချစ်တတ်ရလိမ့်မယ် ။
မှန်တချပ်လိုဆိုတာကတော့ သူကကိုယ့်အရိပ်လိုဖြစ်နေအောင်ကြည့်ရတာပါ တကယ်တော့ လူတစ်ယောက်ဟာ အမြဲဂရုစိုက်ကြည့်တတ်လာရင် နှစ်ယောက်ဟာ တစ်ယောက်တည်းဖြစ်တတ်လာပါတယ် ကိုယ်ပြုံးနေရင် သူကြည်နူးနေပါလိမ့်မယ် ကိုယ်ပျော်ရင် သူဝမ်းသာနေပါလိမ့်မယ် ကိုယ်ဝမ်းနည်ချိန် စိတ်ညစ်နေချိန်ဆိုရင်ဆို မှန်လေးကိုမကြည့်နဲ့ပေါ့ သူပါခံစားရမှာစိုးလို့ပါ တကယ်ချစ်ရင် အေးအတူ ပူရင်တော့မမျှချင်တော့ပါဘူး သူလဲဒီလိုပဲ ခံစားရပါလိမ့်မယ် ထို့ကြောင့် ၀မ်းနည်းနေချိန်မှာလွဲပြီး မှန်ကြည့်ပေးပါ။

ချစ်သူရဲ့ မျက်နှာကြည့်ရင်းလဲ စာဖတ်တတ်ရပါလိမ့်မယ် သူ့မျက်နှာကြည့်ပြီး သူပျော်နေလား သူဝမ်းနည်နေလား သူနေမကောင်းဘူးလား သူဘာစားချင်လဲ ဘယ်သွားချင်နေလဲ သူကိုယ့်ကို တစ်ခုခုပြောချင်နေလား စသည်တို့ကို သူ့နူတ်ကမပြောပေမဲ့ သူ့မျက်နှာကြည့်ပြီးသိနေရလိမ့်မယ်။

ပြီးရင် သူပြောတဲ့အသံ ဒါကလဲအရေးကြီးတယ် သူ့အသံက ပျော်နေလား ၀မ်းနည်းနေလား တခုခုကို မကျေနပ်နေလား စသည်ဖြင့် နားထောင်းရင်သိနေရလိမ့်မယ် အသံက ရီနေပေမဲ့ ရင်ထဲမှာ ငိုနေတာလဲဖြစ်တတ်တော့ အသံကိုခံစားနားလည်တတ်ရလိမ့်မယ်။

အတိတ်ကိုပြန်လှန်တတ်တာကတော့ အချစ်မှာတော်တော်ဆိုးရွားတဲ့ အလုပ်ပဲ တော်တော်များများဟာ အတိတ်ကိုပြန်လှန် ပြန်ပြောလွန်းလို့ လမ်းခွဲပြီး တစ်ယောက်တည်းအထီးကျန်ဖြစ်တတ်ကြတယ်။ အကောင်းဆုံးကတော့ ချစ်သူမဖြစ်ခင်ကတည်းက ကိုယ့်အကြောင်းအားလုံးကို ပြောပြထားသင့်တယ် ရည်စားဘယ်နယောက်ရှိတယ်ကအစပေါ့ အားလုံးပြောပြလို့နားလည်ပေးနိုင်ရင် ဆက်ချစ် နားလည်မပေးနိုင်ရင်တော့ အသစ်ရှာပေါ့ အားလုံးနားလည်လို့ ချစ်ပြီးသွားရင်တော့ စိတ်ဆိုးလို့ပဲဖြစ်ဖြစ် စတာနောက်တာပဲဖြစ်ဖြစ် အတိတ်အကြောင်းလုံးဝမပြောတော့ပါနဲ့ ဒါဟာအကောင်းဆုံးပါ အထူးသဖြင့် ယောက်ျားတော်တော်များများဟာ အတိတ်ကိုပြန်လှန်တတ်တာများကြပါတယ် စေတနာနဲ့ပြောတာပါ။နောက်တစ်ချက် ဘယ်ရည်စားကို အချစ်ဆုံးလဲမမေးတာကောင်းပါတယ် ကိုယ့်စိတ်ထဲမှာ ငါနဲ့ချစ်တာငါ့ကို အချစ်ဆုံးလို့မှတ်ယူထားပါ ကိုယ့်ကိုဘယ်လောက်ချစ်လဲပဲမေးပါ တခြားလူတွေနဲ့ မနှိုင်းယှဉ်ပါနှင့်။


အကြောင်းပြချက် ဒါလဲအရေးကြီးတယ် ကိုယ့်ချစ်သူကဘာလို့ချစ်လဲမေးရင် ရင်ထဲမှာအကြောင်းပြချက်မလိုဖို့လိုတယ် အကြောင်းပြချက်ဆိုတာက လှလို့ချစ်တာ ချောလို့ချစ်တာ ဘာညာပေါ့ ထားပါတော့ လှလို့ချစ်တာဆို အသက်ကြီးလို့ ရုပ်ဆိုးသွားရင်မချစ်တော့ဘူးလို့ပြောတာနဲ့အတူတူပဲပေါ့ ချမ်းသာလို့ချစ်တာဆို ဆင်းရဲရင်ပစ်တော့မယ်လို့ဆိုလိုတာပေါ့ သနားလို့ချစ်တယ်ဆိုရင် သနားစရာမကောင်းတဲ့တနေ့ အချစ်သစ်ရှာမယ်လို့တွေးထားလို့လား စသည်ဖြင့် အမျိုးမျိုးသောအကြောင်းပြချက်ကြောင့်မခိုင်မြဲတဲ့ အချစ်ဖြစ်လာနိုင်လို့ ချစ်တာဟာချစ်တာပဲ ရိုးရိုးလေးပဲ ချစ်လို့ချစ်တာ အကြောင်းပြချက်မလိုဘူးပေါ့။

တာဝန်ယူတတ်ခြင်း ချစ်တတ်ပြီးတာဝန်မယူတတ်တဲ့သူတွေတွေ့ဖူးပါတယ် နှုတ်ဖျားကတော့ ချစ်လိုက်တာ စားလဲဒီစိတ် အိပ်လဲဒီစိတ် မရရင်သေပါတော့မယ် ရူးပါတော့မယ် လက်တွေ့ လက်ထပ်တော့မယ် ပြောကြည့်ပါ့လား ငယ်သေးလို့ပါ အိမ်ကခွင့်မပြုလို့ပါ ကျောင်းမပြီးသေးလို့ပါ အိမ်က အရမ်းဆင်းရဲလို့ ကိုယ်မရှိရင်မဖြစ်လို့ ချစ်လျက်နဲ့ လမ်းခွဲလိုက်ပါစို့လား အိမ်က သဘောမတူလို့ ဒီအတိုင်းလေးပဲနေသွားကြရအောင်လားကပါသေးတယ် စွန့်လွတ်ဖို့လဲမရဲ တာဝန်ယူဖို့က သတ္တိမရှိ ဒီအဖြစ်မျိုးတွေလဲရှိကြပါတယ်။ ငယ်သေးတယ် ဟုတ်ပါပြီ ကြီးတော့လက်ထပ်ယူမလား ကတိပေးရဲလား
အိမ်ကခွင့်မပြုလို့ ခွင့်ပြုအောင်ကြိုးစားကြည့်ဖူးလား  ကျောင်းမပြီးလို့ ကျောင်းပြီးအောင် ဒီတစ်ယောက်တည်းပဲချစ်နိုင်လား  အိမ်ကဆင်းရဲလို့ လက်ထပ်ပြီးအတူတကွကြိုးစားပြီး မိဘကို တသက်လုံးလုပ်ကျွေးပြုစုရင်ကောမဖြစ်ဘူးလား စသည့်တို့ဖြင့် ချစ်တတ်ပြီးရင် လက်ထပ်ပြီး တာဝန်ယူရဲအောင်ကြိုးစားပါ တာဝန်မယူရဲရင် အစကတည်းက မချစ်ပါနဲ့ ငယ်သေးရင် ကြီးမှချစ်ပါ ဆင်းရဲရင် ချမ်းသာမှချစ်ပါ ကျောင်းမပြီးရင် ကျောင်းပြီးမှချစ်လဲနောက်မကျသေးပါဘူး။


ထို့ကြောင့် ချစ်တတ်ပါ ချစ်ပြီးရင် ခိုင်မြဲတဲ့အချစ်ဖြစ်အောင် တိုင်ပင် ညှို့နိုင်း နားလည်ပေးမှုတွေနဲ့ ဘ၀ကိုကျော်ဖြတ်ပါ။


ကျွန်တော် ခံစားရသမျှလေးပြောပြတာပါ အမှားအယွင်ပါလျှင် နားလည်ပေးနိုင်ပါစေ ကျွန်တော်လဲ ချစ်တတ်တဲ့သူဖြစ်အောင်ကြိုးစားနေသူဖြစ်ပါတယ်။သူငယ်ချင်းတို့ရဲ့အမြင်လေးလဲပြောပြပြီး သင်ကြားပေးနိုင်ပါတယ်


လွင်ပြင်လှိုင်းငယ်














9 comments:

Anonymous said...

သေသေချာ..လေ့လာမှတ်သားသွားပါတယ်ရှင်
တော်တ်ာအသုံးဝင်မယ့်..စာသားတွေပါပဲ
ဖအေတူ.သမီးဖြစ်အောင်..ကြိုးစားနေပါသီ :P

စံပယ်ချို said...

ဟုတ်ကဲ့ပါ ချစ်တတ်ဖို့ဖတ်ခဲ့ပါတယ်

လမင်းငယ် said...

တစ်ယောက်သောသူကိုဖတ်စေချင်လိုက်တာ
သြော် အချစ် အချစ် ဘာလဲဟင် :)

မောင်ဘုန်း said...

ဟုတ်ပ ... ဟုတ်ပ ... ပြောရတာလွယ်သလောက် ထင်သလောက် မလွယ်ဘူးနော် ....

မြသွေးနီ said...

" ချစ်တယ် " လို့ပြောလိုက်တာက စကားနှစ်လုံးထဲ...။
သူ့ရဲ့ အနောက်မှာက သိတတ်မှု၊ နားလည်မှု၊စာနာမှု၊ တာဝန်ယူမှု၊ ဘ၀တည်ဆောက်မှု၊...........တွေအထိ တသီတတန်းကြီးကို ပါလာတော့တာ။

မဒမ်ကိုး said...

တွေ့မှမေးကြည့်မယ်နော် ချစ်တတ်လားလို့း)

Anonymous said...

ချစ်တယ် ဆိုတာရဲ့ နောက်ကွယ်က အရာတွေကို ခံနိုင်ရည်မရှိလို့ မချစ်ချင်တော့ပါဘူးဗျာ။

ခင်လျက်
Junemoe

ညီလင်းသစ် said...

အချစ်ဆိုတဲ့ အရာရဲ့ နောက်ကွယ်မှာ တည်ဆောက်ရမှာ၊ ထိန်းသိမ်းရမှာ၊ ပြုပြင်ရမှာတွေ တသီတတန်းကြီး ပါပဲ..၊ ဒါတွေ မပါဘဲနဲ့ တည်မြဲဖို့ ဆိုတာ မလွယ်လှပါဘူး...။

Anonymous said...

မချစ်ဘူးလို့ချစ်တတ်အောင် ဖက်ကြည့်လိုက်ပါတယ်

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :