ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ဘီယာသောက်ခြင်းသည်သွေးတိုးရောဂါဖြစ်စေနိုင်လား

Monday 30 April 2012

11 comments
လထွက်တတ်တဲ့ဒီညမှာ ကောင်းကင်က တိမ်တွေငိုတော့မှာဆိုတော့ လမင်းလဲဘယ်ဆီရောက်မှန်းမသိ ၇ာသီဥတုကလဲ လေပြေတွေပြေးဆော့နေချိန်မို့ချမ်းစိမ့်စိမ့်    နေ့ရက်ကလဲ တနင်္ဂနွေည အလုပ်ပါးသည့်အချိန်ပေါ့ ဘော်ဘော်တွေကလဲ ကောင်းကင်ကိုကြည့်ပြီး မိုးလေးဖွဲဖွဲမှာ ဘီယာသောက်ပြီးအမြည်းကောင်းကောင်းလေးစားလိုက်ရရင်တော့ ဒီညလောက်တန်ဖိုး၇ှိတဲ့ည ဘယ်မှာရှိတော့မှာလဲတဲ့။အသိပေးနေတာလား အဖော်ညှိနေတာလား။
ကိုယ့်ဝမ်းနာကိုယ်တာသိသော ကျွန်တော်ကတော့ မသိချင်ယောင်ဆောင်ပြီး မိုးရွာတော့ကောင်းတာပေါ့ မိုးမရွာတာတပတ်လောက်ရှိပြီဆိုတော့ အရမ်းပူတာ ဒီညတော့ စောစောအိမ်ပြန် စားသောက်ပြီး ကွေးတော့မယ်ကွာလို့ ငြင်းဆန်တဲ့သဘောနဲ့ပြောပေမယ့် ဒါကြောင့်ပြောတာပေါ့ တန်ဖိုးရှိတဲ့ညကို ဘာကြောင့်အိမ်ပြန်မှာလဲ နဲနဲသောက်ပြီးမှပြန်ပေါ့လို့ အဖော်ညှိတာကျော်ပြီး အတင်းခေါ်နေပါပြီ။ဘီယာကို ကျွန်တော်ကြိုက်ပါသည်
ခက်တာက သောက်ရတာက ခဏတာ  စိတ်ညစ်ရတာက တပတ်မို့ မသောက်ချင်ပါ။ဘာကြောင့်စိတ်ညစ်ရသလဲဆိုတော့ မဒမ်လွင်ပြင်က ဘီယာသောက်တာအပြစ်မပြောပေမယ့် သောက်ချင်ရင်အိမ်သို့ ၀ယ်လာပြီး သူ့ရှေ့မှာသောက် တလနှစ်ခါလောက်ခွင့်ပြုသည် အပြင်မှာသောက်တာခွင့်မပြုချင်
ခွင့်မပြုချင်သည့်အကြောင်းက ကျွန်တော်ကမသောက်လျှင်မသောက် သောက်လျှင်လဲနဲနဲနှင့်မရ မူးလာလျှင်လဲ အိမ်မပြန် လျှောက်သွားတတ်သောအကျင့်ရှိလို့ မဒမ်းက စိတ်ပူပြီးခွင့်မပြုချင်းဖြစ်ပါသည်။မူးလာလျှင်သွေးဆိုးသလားတော့ မမေးပါနှင့် လုံးဝသွေးမဆိုးတတ်ပါ မူးပြီးရန်ဖြစ်တာ ပြဿနာရှာတတ်တာ ကျွန်တော့်ရာဇ၀င်မှာမရှိပါဘူး ဆိုးတာကတော့ မူးပြီးရင် ဆိုင်ကယ်တစ်စီးနှင့် ရှိသမျှသူငယ်ချင်းတွေဆီလျှောက်သွားပြီ ရုပ်ပြောင်လွန်းလို့ မဒမ်က ဆိုင်ကယ်နှင့်လမ်းမှာတစ်ခုခုဖြစ်မည်ဆိုသောကြောင့် အပြင်မှာပေးမသောက်ပဲ အိမ်မှာသောက်ခိုင်းပြီးမူးရင်အိပ်ခိုင်းလိုက်တာပါ။သူ့စကားနားမထောင်ပဲ အပြင်မှာသောက်လျှင်မဒမ်ကမနက်မိုးလင်းလျှင် လုပ်စရာရှိတာလုပ်ပေးပြီး စကားမပြောတော့ပါ စိတ်ကောက်တယ်ပေါ့ တခြားကိစ္စနှင့် စိတ်ကောက်လျှင် ခဏလေးနှင့်စိတ်ပြေတတ်ပေမယ့် ဘီယာကိစ္စနှင့်ဆိုလျှင် အနဲဆုံးတပတ်လောက်တော့စိတ်ကောက်တတ်သည်။ဒီမှာပြေးကြည့်မှ လင်းမယားနှစ်ယောက်ထဲရှိတဲ့ဘ၀မှာ သူကစကားမပြောတော့ ကျွန်တော်အရမ်းခံစား၇လွန်းလို့ သောက်ချင်ရင်လဲ အိမ်မှာပဲသောက်ဖြစ်ပါတယ် အပြင်မှာမသောက်တာ ၆လလောက်တောင်ရှိနေပြီမို့ သူငယ်ချင်းတွေကလဲ ကျွန်တော်နှင့်သောက်ချင်နေခြင်းဖြစ်ပါသည်။ ကဲ ဘယ်လိုလုပ်ရမလဲ?တွေဝေပြီးဆုံးဖြတ်လိုက်ပါတယ် သူငယ်ချင်းတွေနဲ့လဲ မသောက်တာကြဆိုတော့ ငြင်းလွန်းရင် ရိုင်းရာကျမည်လို့ တွေးပြီး(ကိုယ်တိုင်လဲသောက်ချင်နေပါလိမ့်မည်)သောက်ဖို့ဆုံးဖြတ်ကာ ဆိုင်တစ်ဆိုင်သို့
သွားသောက်ကြပါသည် စကားပြောရင်သောက်တာ ၂ဗူးလောက်ကုန်တော့ အချိန်ကည၁၂နာရီထိုးပါတော့မည် ၂ဗူးဆိုတော့ နံကြားတောင်မကပ်သေးပဲ
ထပ်သောက်ဖို့ကတော့ အများကျန်သေးတာပေါ့ ဒီအချိန်မှာပဲ ဖုန်းသံမြည်လာပါသည် ဖုန်းကိုအသံနားထောင်ယုံဖြင့် မဒမ်ဆိုတာသိပါသည်(ဖုန်းခေါ်လျှင်သူ့ဖုန်းခေါ်သံက တစ်မျိုးထည့်ထားတာမို့သိတာပါ)ဒါနဲ့ စာပွဲနှင့်ဝေးရာသွားပြီးဖုန်းကိုင်လိုက်တော့ "မောင်""မ ခေါင်းတွေအရမ်းမူးပြီး ထလို့တောင်မရဘူး ဘာဖြစ်မှန်းလဲမသိဘူး မ အရမ်းအကြောက်နေတယ် အိမ်အမြန်ပြန်လာပါ"တဲ့ ဟာ.... ခေါင်းတစ်ခုလုံးထူပူပြီးနှလုံးသားတစ်ခုလုံးဘာမှမရှိတော့သလိုခံစားလိုက်ရတယ် ဒါနဲ့သူငယ်ချင်းတွေရှိတဲ့စားပွဲလာတာတောင် လေထဲမှာလမ်းလျှောက်သလိုခံစားရပြီး အကျိုးအကြောင်းတောင်ပြောပြချိန်မရတော့ပဲ အရေးကြီးလို့ ငါပြန်တော့မယ်ဆိုပြီး လမ်းက တက္ကစီတစ်စီးကို အဆင်သင့်ငှားပြီး အိမ်သို့ချက်ချင်းပြန်လာပြီး တက္ကစီကို အောက်မှာစောင့်ခိုင်းရင်းအပေါ်သို့အပြေးအလွှားတက်လာခဲ့သည်(မှတ်ချက်။    ။ကျွန်တော်ဘီယာသောက်သောဆိုင်နှင့် အိမ်သည်မဝေးပါ သို့သော် ဆေးခန်းသွားလျှင်ဆိုင်ကယ်နှင့်အဆင်မပြေသောကြောင့် လိုလိုမယ်မယ်ခေါ်လာချင်းဖြစ်ပါသည်)အခန်းထဲရောက်တော့ မဒမ်အိပ်ယာထဲကနေဝေဒနာတော်တော်ခံစားထားရသောမျက်ဝန်းလေးနှင့်ကျွန်တော့်ကိုကြည့်နေရှာသည်။
ဒါနဲ့ကျွန်တော်လဲသူ့ကို အ၀တ်အစားလဲခိုင်းပြီးသူ့ကိုတွဲကာအိမ်အောက်ဆင်းပြီး အသင့်စောင့်နေတဲ့ တက္ကစီကို နီးရာဆေးခန်းမောင်းခိုင်းလိုက်သည်။ဆေးခန်းရောက်တော့ ညပိုင်းဖြစ်နေပြီမို့ သိပ့်မစောင့်လိုက်ရပဲ ဆရာဝန်နှင့်တွေ့ပါသည်။ကျွန်တော်လဲသူ့ဘေးကပ်ခိုင်ကာသူ့လက်လေးကို ဆုတ်ကိုင်ရင်း စိတ်မပူနဲ့နော် ဆရာဝန်းနဲ့တွေ့နေပြီးပဲလို့ အားပေးဆရာပြောတော့ ဆရာဝန်က ဘယ်သူ ဘီယာသောက်ထားတာလဲလို့ မလေးလိုမဟုတ်ပဲ မြန်မာလို ပီပီသသပြောပါသည်ဒီတော့မှဘီယာသောက်ထားတာ သတိယမိသည် ဖြစ်ချင်တော့ ဒီနေ့ဆေးခန်းထိုင်တာက မြန်မာဆရာဝန်ဖြစ်နေတာကို
ဘီယာသောက်ထားရင် အပြင်ကပဲစောင့်နေ လူနာဘီယာအနံ့ရမှာစိုးလို့ပြောတော့ ကျွန်တော်လဲ သူ့ကို တစ်ချက်ကြည့်ပြီး အပြင်မှာပဲ စိတ်ပူပြီးထိုင်စောင့်နေလိုက်မိသည်။မိနစ်၂၀လောက်ကြာတော့ သူထွက်လာသည် ကောင်တာမှာ ဆေးယူ ပိုက်ဆံရှင်းပြီး တက္ကစီပေါ်တက်သည်အထိသူဘာတစ်ခွန်းမှ မပြောပေ ဘာဖြစ်တာလဲ မေးတော့ သွေးတိုးလို့ တစ်ခွန်းပဲဖြေသည် ထိုနောက်ဘာမေးမေးမဖြေတော့ပေ
အိမ်ရောက်တော့ သူ့ကို အိပ်ယာထဲပို့ပေးပြီး လက်လေးကိုင်ကာ အားပေးစကားပြောနေပေမယ့် သူစကားပြန်မပြောပဲ မျက်ဝန်းမှ မျက်ရည်တွေသာစီးကျနေတော့သည်။ဒါလိုဖြစ်တာကျွန်တော့် အပြစ်လား သူမကြိုက်တာကို လုပ်မိလို့ သူစိတ်ဆင်းရဲပြီးသွေးတက်တာလား (အရင်ကသူ့မှာ သွေးတိုးမရှိပါ စိတ်ဆင်းရဲရင်လဲ သွေးတိုးဖြစ်တတ်တာပါပဲလေ ငါ့ကြောင့်သူသွေးတိုးဖြစ်တာနေမှာပေါ့)ဆိုတဲ့ အတွေးတွေနဲ့ ထိုညက ဘယ်သူများငါဘီယာသောက်တာပြောလိုက်ပါလိမ့်ဆိုတဲ့ အတွေးပေါင်းများစွာနဲ့ ဘီယာ၂ဗူးအတွက်နောင်တ ရရင်း မိုးလင်းခါနီးမှ အိပ်ပျော်သွားခဲ့သည်။
မနက်၈ရီလောက်ကျတော့ တံခါးဖွင့်သံကြားတော့ အိပ်ချင်မူးတူနဲ့ မျက်လုံးဖွင့်ကြည့်လိုက်တော့ သူမဖြစ်နေသည် ဒါနဲ့ ဘယ်သွားတာလဲ မေးတော့ တစ်ခွန်းပဲပြန်ဖြေသည် အမှိုက်သွားပစ်တာတဲ့ အမှိုက်များကွာ မောင် အလုပ်သွားတော့ ပစ်လိုက်မှာပေါ့ နေကောင်းတာလဲမဟုတ်ဘူး နားနားနေနေနေမှပေါ့ဆိုလိုတော့လဲ ဘာမှပြန်မဖြေတော့ ထိုနေ့ကလဲ စကားဆိုလို့ အမှိုက်သွားပစ်တာ တစ်ခွန်းပဲပြောသည်။ဒီလိုနဲ့ တော်တော်ကြာသူမ ကျွန်တော့်ကို စကားမပြောပေ အင်တာနက်ထိုင်တာလဲမတွေ့ စာလဲမရေး သူ့ကို ဆေးတိုင်လျှင်တော့ သောက်သည် ထမင်းခွံကျွေးလဲစားသည် တစ်ခုပဲ စကားလုံးဝမပြောပေ။ဒီတခါတော့ တစ်ပတ်မဟုတ် ၁၀ရက်လောက်ကြာတာတောင် စကားမပြောပေ စာတွေဘာတွေရေး အိမ်အလုပ်တွေဘာတွေတော့ ပုံမှန်အတိုင်းပြန်လုပ်နေတော့ စိတ်တော့ တော်တော်အေးသွားရသည် ဆေးခန်းသွားမယ်တော့လဲ မလိုတော့ဘူးဆိုတော့ ထပ်မသွားဖြစ်တော့ပေ။ကျွန်တော်လဲ သူ့ကိုကြည့်ပြီး ဘီယာဆိုကြည့်တောင်မကြည့်ချင်အောင် စိတ်နာသွားသည် အဖြစ်အပျက်ကိုသိသောသူငယ်ချင်းများလဲ ဘီယာသောက်ဖို့ မဲမဆွယ်ရဲတော့ပေ။ဒီနေ့တော့ သူလဲ အိမ်ထဲမှာနေတာပျင်းနေတော့မှာပဲလို့တွေးပြီး ချော့မော့ခေါ်ကာ အပြင်လမ်းလျှောက်ထွက်လာမိသည် သူ့လက်လေးကို ကိုင်ပြီး လမ်းလျှောက်နေတုန်း လမ်းမှာ သူ့သူငယ်ချင်းက ကျွန်တော်တို့ကိုတွေ့တော့ ၀မ်းသာအားရပြေးလာပြီး "မတွေ့တာတောင်ကြာနေပြီ နေကောကောင်းရဲ့လား "ဆိုတော့ မဒမ်ကရီရီပြုံးပြုံးပဲ"ကောင်းပါတယ်ဟာ"ဆိုပြီးဆက်ပြောမည်လုပ်တုန်း သူ့သူငယ်ချင်းက"ကောင်းရင်လဲ ပြီးတာပါပဲဟာ ငါကမတွေ့တော့စိတ်ပူလို့ပါ ဟဲ့ စကားမစပ် နင်အရင်တနင်္ဂနွေက ငါ့ကိုနင့်အိမ်မှာ ကျွေးလိုက်တဲ့ ငပိရည်နဲ့ တို့စရားကတော့ အရမ်းကောင်းတယ်ဟာ နင်ငပိရည်ဖျော်နည်းလေးငါ့ကို ပြောပြအုံးဟာ ပြီးတော့ အိုက်နေ့က စားတဲ့ငါးသလောက်ပေါင်းကလဲ အရမ်းကောင်းတာပဲ ပေါင်းနည်းလေးလဲပြောပြဦး ငါအဲ့ဒါမေးမလို့ နောက်ရက်နင့်အိမ်လာသေးတယ် ငပိရည်လေးများကျန်သေးလားလို့ အရှက်မရှိလာတောင်းရင်းပေါ့ နင့်အိမ်ရောက်တော့တံခါးပိတ်ထားတာတွေ့တယ် အော် ခေါ်တာမရလို့ ဖုန်းခေါ်တော့လဲ နင်ကမကိုင်တော့ဆက်မခေါ်တော့တာ"ဆိုပြီးသူပြောချင်ရာပြောပြီး ကျေးဇူးတင်ကြောင်းအထပ်ထပ်ပြောကာ ငပိရည်ဖျော်နည်းလာယူမည့်ဟုပြောကာထွက်သွားပါတော့သည်။သူ့သူငယ်ချင်းထွက်သွားမှ ကျွန်တော်လဲ တစ်ခုခုကို သတိယသူ့ကိုကြည့်လိုက်တော့ ပြုံးစိစိနှင့် ။တနင်္ဂနွေနေ့ ငပိရည် ငါးသလောက်ပေါင်း တနင်္ဂနွေည ဘီယာသောက် သူမ သွေးတိုးစဉ်းစားကြည့်တော့ ဟာ
ဟုတ်ပြီ သူမ ကျွန်တော်တားမြစ်ထားသော အစားအစာ ငပိရည်အပြင် ငါးသလောက်ပေါင်းကိုဘယ်လောက်တောင်ခိုးစားလိုက်လဲမသိဘူးဒါကြောင့် ညဘက်သွေးတိုးတာဖြစ်မယ်လို့ စဉ်းစားမိပြီး စိတ်တိုသွားကာ"မင်းသွေးတိုးတာ ငပိရည်စားလို့လား"လို့မေးလိုက်တော့ ကလေးတစ်ယောက်လို မရဲတရဲနဲ့"ဟုတ် စားလဲစားချင် စားရင်လဲဆူမှာစိုးလို့ သူငယ်ချင်းကို ငပိရည်ယူလာခိုင်းပြီး အိမ်မှာငပိရည်ဖျော် မျှစ်နဲ့တို့စရာဆိုင်မှာသွားဝယ်ပြီး တီးလိုက်တာ...ဟိ"လို့ပြောရှာသည်
"ဒါနဲ့မင်းဟာမင်း ငပိရည်နဲ့မျှစ်  ပြီးတော့ ငါးသလောက်ပေါင်းပါစားပြီး ဖြစ်တဲ့ဟာကို ငါ့ကိုဘာလို့စကားမပြောတာလဲ"'ဒါကဒီလို ' မ' ကငပိရည်စားပြီးသွေးတိုးတာ မောင်ကသိပြီး ဆူမှာစိုးလို့ ကြောက်ပြီးစကားမပြောတာက ၅ရက် မောင်ဘီယာသောက်လို့ကောက်ပြီးမပြောတာက ၅ရက်ပေါင်း၁၀ရက်ဖြစ်သွားတာ""အော် ဒီလိုကို ဒါနဲ့ ငပိရည်တွေကျန်သေးလား မတည့်လို့မစားပါနဲ့မှာထားတဲ့ဟာကို""မရှိတော့ပါဘူး အိုက်နေ့မနက်ကတည်းက ပစ်လိုက်တယ်လေ "အော် ထိုနေ့ မနက်စောစောသူအောက်ဆင်းပြီး အမှိုက်ပစ်တာ ဒါကြောင့်ကို ကျွန်တော်ကတော့ နေမကောင်းပဲ အမှိုက်သွားပစ်တယ်ဆိုပြီးသနားလိုက်ရတာ ဒင်းတော့လားလို့စိတ်ထဲမှာ ကြိမ်းဝါးလိုက်သည်။
ကဲ မဒမ်သွေးတိုးတာ ကျွန်တော့်အပြစ်လို့ ခံစားရင် ဘီယာကိုအမုန်းကြီးမုန်းနေတဲ့ကျွန်တော် ဘီယာကြောင့်မဟုတ်မှန်းလဲသိရော မျက်လုံးထဲမှာ ရေခဲထဲမှာစိမ်ထားတဲ့ ရေခဲစိမ်ဘီယာလေးကိုမြင်ယောင်နေတုန်း သူမက "မောင် ဆရာဝန်ကအိုက်နေ့က မှာလိုက်တယ်သိလား သွေးတိုးဆိုတာ အစားရှောင်ပေမယ့်လဲ စိတ်ဆင်းရဲရင်လဲ ပြန်တိုးတတ်တယ်တဲ့ ဒီတော့ မ ကအစားရှောင်မယ် မောင်က မ စိတ်ဆင်းရဲစေမယ့် အလုပ်တွေကိုရှောင်နော် ဥပမာ ဟိုနေ့ညကလို ဘီယာခိုးသောက်တဲ့ အဖြစ်မျိုးပေါ့"ကျွန်တော့်ကို ချွဲသလိုနဲ့ အပြင်မှာဘီယာမသောက်ရဆိုတဲ့ အမိန့်ပါထုတ်လိုက်လေသည်။
ဒါကြောင့် ဘီယာဟာ သွေးတိုးရောဂါဖြစ်စေလားလို့ အိမ်အပြန်လမ်းမှာ တွေးနေရင် မျက်ဝန်းထဲက ရေခဲစိမ်ဘီယာတွေဟာ တဖြေးဖြေးနဲ့ သူမခံစားနေရသော သွေးတက်နေချိန်က ခံစားချက် ဝေဒနာမျက်နှာလေးနှင့် ဖုံးလွမ်းပျောက်ကွယ်သွားပါတော့သည်။
လွင်ပြင်လှိုင်းငယ်

စံပယ်ချို

Saturday 28 April 2012

17 comments
စံ  တင်လောက်ပါရဲ့
ပယ် ချခံငါ့ဘ၀ကို
ဖြူ စင်ခြင်းအစပြု အပြာရောင်အနားကွတ်လို့ရယ်
လို အပ်တာ သံယောဇဉ်ကြိုးဝိုင်းကြားက အချစ်စစ်နဲ့
မွှေး ရနံ့က ရိုးသားခြင်းပန်းတစ်ပွင့်လိုပါပဲ  ။

စံ ပြဖြစ်ဖို့ ဒို့နှစ်ယောက်အချစ်တွေ ချပြတာမဟုတ်ပါဘူး
ပယ် ချထားတာဆိုလို့ အမုန်းရဲ့ ဆွေမျိုးတစ်ခု
ရှိထားတဲ့ အချစ်စစ်ကို မြဲသထက်မြဲအောင်
ံ့ သာဖြူထက် မွှေးတဲ့ မေတ္တာတွေ နင့်ပါးပြင်မှာ လိမ်းလို့ရယ်
သင်း ပျံ့တဲ့ ချစ်ခြင်းဂုဏ်ကို နှလုံးသားတံခါးဝမှာ ချိတ်ဆွဲ  ။

စံ ထားရလောက်တဲ့ နင့်ရဲ့ နားလည်ပေးတတ်မှု့
ပယ် ထားလို့မရတဲ့ အနစ်ခံတတ်တဲ့ နင့်ရဲ့ စိတ်ထား
ထက် မြက်တဲ့ နှလုံးရည်
မွှေး ပျံ့တဲ့ ဂုဏ်သတင်း  ။

စံ ပယ်ပန်းတွေမြတ်နိုးပေမယ့်
ပယ် ဖျက်ထားတာ အတ္တပန်းရိုင်းတွေမဖူးပွင့်စေဖို့
ထက် ကောင်းကင်ယံမှာ နင့်ရဲ့ သစ္စာတရားတွေမိုးထားလို့ရယ်
လှ ပတဲ့ဘ၀ပန်းခင်းကို နင့်မေတ္တရည်နဲ့လောင်းစိုက်ခဲ့တာလား  ။

စံ ရွေးနေတဲ့ ဦးနှောက်ရဲ့ ပြဇာတ်မဟုတ်ဘူး
ပယ် ချရအောင်လဲ မဲရွေးရလောက်တဲ့ နိုင်ငံရေးလောက်မရှုပ်ဘူး
ချို မြိန်တဲ့ ချစ်ခြင်းဝိုင်တစ်ခွက်လောက်နဲ့တင်
က စားနေတဲ့ လောဘဈေးကွက်ထဲ
ငါ့ ရဲ့ ရိုးသားခြင်းချိန်ခွင်နဲ့
ဝကိုရဲရဲကြီးရင်ဆိုင်ရဲပါတယ်
င်ရောက်လာမယ့် အခက်အခဲမှန်းသမျှ ငါဖြေရှင်းပေးပါ့မယ်  ။

အိပ်မက်လေးသို့ အမှတ်တရ

လွင်ပြင်လှိုင်းငယ်

ကျွန်တော်ရဲ့ အိမ်ကျယ်

Friday 27 April 2012

17 comments
အိန်ဂျယ်ဆိုတာ နတ်သမီးလား ?နတ်သမီးဆိုရင်တော့ အလှတရားရဲ့ ထိပ်ခေါင် လိုရာမှန်တမျှကို ဖန်ဆင်ပေးနိုင်တဲ့ တန်ဖိုးရှင်းတစ်ပါးပေါ့နော်။လှပခြင်းမှာ ပြိုင်ဘက်ကင်း လိုရာဆန္ဒမှန်သမျှ ဖြည့်ဆည်းပေးနိုင်တဲ့ တန်ခိုးရှင်တစ်ယောက်ကို
လူသားတိုင်းက လိုချင်တပ်မက်မှာ ဧကန်မလွဲပေါ့ လူထဲက လူသားတစ်ယောက်ဖြစ်တဲ့ ကျွန်တော်လဲ အိန်ဂျယ်လေးတစ်ပါး
လိုချင်လား မေးရင် ရိုးသားစွာပဲ ပြန်ဖြေမိမယ် မလိုချင်ဘူး။ ဗျာ စာလုံးပေါင်းမမှားပါဘူး မလိုချင်ဘူးလို့ဖြေတာပါ။မလိုချင်တဲ့
အကြောင်းပြချက်တစ်ခုကျွန်တော့်မှာရှိလို့ မလိုချင်ဘူးလို့ ဖြေခဲ့မိတာပါ။အကြောင်းပြချက်ကတော့ အိန်ဂျယ်တစ်ပါးထက်တန်ဖိုးရှိတဲ့
အိမ်ကျယ်လေးတစ်ပါးကို ကျွန်တော်ပိုင်ဆိုင်ပြီးဖြစ်နေလို့ပါပဲ။အိမ်ကျယ် အိမ်ကျယ် အိမ်ကျယ် ဘာလို့ သူ့ကို အိမ်ကျယ်လို့ခေါ်လဲဆိုတော့
ဒီလိုဗျာ................

ကျွန်တော့်မှာ အားနည်းချက်တစ်ခုရှိတယ် အဲ့ဒါကဘာလဲဆိုတော့ အားနာတတ်ခြင်းပဲ။ဘယ်လောက်ထိအားနာတတ်လဲဆိုရင် ကိုယ်ပိုက်ဆံချေး
ထားတဲ့သူတွေ့ရင်တောင်တခါတရံရှောင်သွားတတ်တယ် ဘာလို့လဲဆိုရင် သူအဆင်မပြေရင် ကိုယ့်ကို အကြွေးတောင်းတယ်ထင်မှာစိုးလို့ဆိုပြီးအားနာပြီးရှောင်သွားတာပါ။ အဲ့ဒီအကြောင်းတွေကို မဒမ်လွင်ပြင်ကို ပြောပြမိတော့ သူက စိတ်ဆိုးမာန်ဆိုးနဲ့ အဲ့လို ဘာကြောင့်လုပ်ရတာလဲ အဲ့လောက်တောင် အားနာတတ်ရလား
ဆိုပြီး အိမ်မှာပွဲကြမ်းတာ အကြိမ်ကြိမ်မို့ နောက်ပိုင်းသူ့ကို အကြွေးပေးတဲ့အကြောင်းသိပ့်မပြောဖြစ်တော့ပေ။တစ်နေ့ လူတစ်ယောက်ဆီမှာ
အကြွေးရစရာရှိတာ ၃လလောက်နေတာတောင်ပြန်မပေးတောင်းရမှာလဲအားနာ ပိုက်ဆံကလဲလိုနေ အလိုက်သိသိနဲ့လဲ မပေးတော့ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့အချိန်မှာမှန်တချပ်လိုကျွန်တော့ကိုကြည့်တတ်သော
သူမက ဘာဖြစ်နေတာလဲ မျက်နှာလဲမကောင်းဘူးဆိုပြီး ချော့မေးတော့ မတတ်နိုင်တဲ့အဆုံး သူတောင်းရင်တော့ ရမှာပဲလို့တွေးပြီး အကြွေးကိစ္စပြောပြလိုက်တော့ ဆံပင်တွေတောင် ထောင်တက်လာသလားထင်ရအောင် စိတ်ဆိုးမာန်ဆိုးဖြင့် အ၀တ်အစားပင်မလဲတော့ပဲ အိမ်နေ၀တ်ဖြင့် ကျွန်တော်လက်ဆွဲကာအကြွေးရစရာရှိရာနေရာသို့ထွက်ခဲ့ကြသည် ကျွန်တော်လဲ ပြဿနာတက်မည်စိုးသောကြောင့် မိန်းမရေ အရမ်းကြီးလဲ မကြမ်းနဲ့ဦးနော် အော်ကြီးဟစ်ကျယ်ဆို
ငါရှက်တယ် ဘာညာနဲ့ တစ်လမ်းလုံးပြောလာခဲ့ရသည် သူကတော့ ထုံစံအတိုင်း ဟိုရောက်ရင် ဘယ်လိုလုပ်မယ်ဆိုတာ ကြည့်ထားလို့ တခွန်းပဲပြန်ပြောသည် ကျွန်တော်လဲ ပြောမိတာ ငါ့အမှားပဲလို့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်မိပါသည်။ဒီလိုနဲ့သူအလုပ်လုပ်တဲ့နေရာသွားတော့ စားသောက်ဆိုင်သွားထမင်းစားတယ်လို့ သူနဲ့အလုပ်အတူတူလုပ်တဲ့သူကပြောတော့ နောက်မှလာရအောင်ပါ မိန်းမရာဆိုပြီး ချော့ပြီးခေါ်ပေမယ့်လဲမရ စားသောက်ဆိုင်လိုက်မယ်တဲ့
ကျွန်တော်တော့ ဒုက္ခရောက်ပါပြီ မတော်စားသောက်ဆိုင်လူတွေအများကြီးကြားအော်လားဟစ်လားဆို ရှက်စရာကြီး ဒါပေမဲ့ ကျွန်တော် ဇနီးစနေသမီးကမရ စာသောက်ဆိုင်သို့လိုက်ပါပြီ ဟိုရောက်တော့ အကြွေးပေးရမည့် သူငယ်ချင်းက တစ်ယောက်ထဲထိုင်နေတာလဲတွေ့ရော
ထိုစာပွဲသို့ ဦးတည်သွားပြီး ထိုသူရှေ့တည့်တည့်ရပ်ကာ တစ်ချက်ကြည့်လိုက်သည် သူငယ်ချင်းအကိုကြီးကလဲ သူ့ကိုတွေ့တော့ "ညီမ ထိုင်ဦးလေ တစ်ယောက်ထဲလား လွင်ပြင်ရော"လို့မေးတော့ နောက်မှာကျန်ခဲ့တဲ့ ကျွန်တော့်ကို မေးငေါ့ပြကာ စာပွဲမှာဝင်ထိုင်လိုက်တော့ ကျွန်တော်လဲ မြန်မြန်လေး
လိုက်ကာသူ့အနားဝင်ထိုင်လိုက်သည် ။ပြဿနာတော့ တက်တော့မှာပဲလို့တွေးနေတုန်း"ညီမတို့ဘာစားမလဲ မှာလိုက်မယ်လေ"လို့ဟိုဘက်ကလဲစကားစလိုက်ရော ချက်ချင်းပဲ တားဆီချိန်တောင်မရပဲ"မစားတော့ပါဘူးအကိုရယ် အကို့ကိုတွေ့လို့ ၀င်လာတာ
မတွေ့တာလဲကြာပြီလေ အဆင်ကောပြေရဲ့လား"လို့ စကားကိုချိုသာစွာပဲပြန်ဖြေတော့ ကျွန်တော်မင်တက်သွားတာပေါ့ ကျွန်တော်ထင်တာနဲ့ တခြားစီဖြစ်နေပါရောလား ထိုနောက် သူမကပဲဆက်ပြီး"အဆင်မပြေတာရှိလဲ လွင်ပြင့်ကိုပြောနော် ကျွန်မတို့ကိုဘာမှအားနာစရာမလိုပါဘူး အခုတော့
ကိစ္စလေးရှိလို့ခွင့်ပြုဦးနော်လို့"ပြောဆိုနှုတ်ဆက်ပြီး စာပွဲထိုးကိုခေါ်ပြီး အကြွေးပေးရမယ့်သူစားထားသောက်ထားတာကိုရှင်းပေးပြီး ကျွန်တော်လက်ဆွဲခေါ်ကာ
ဆိုင်ပြင်သို့ထွက်လာခဲ့၏ လမ်းရောက်တော့ ကျွန်တော်လဲမနေနိုင်တော့ပဲ မိန်းမ မင်းအိမ်နဲ့ လမ်းမှာပြောတော့ ဒီလိုမဟုတ်ပါဘူး ဆင်ဖမ်းမယ် ကျားဖမ်းမယ်နဲ့အခုကြတော့ဘယ်လိုဖြစ်တာလဲ သူများစားထားသောက်ထားတာတောင်ကြားကရှင်းပေးလိုက်သေးတယ်ပြောတော့ မျက်နှာငယ်လေးနဲ့
မောင်ကလဲစိတ်တော့တိုတာပေါ့လို့ဒါပေမယ့် သူ့ကိုတွေ့တော့ ဘယ်လိုတောင်းမရမလဲ စကား၇ှာတာမရဘူး အားလဲအရမ်းနာပဲ ကိုယ်ကတောင်းလို့ သူ့မှာပေးစရာမရှိရင် ပိုတောင်အားနာဖို့ကောင်းအုံးမယ် အခုကြည့်ပါ့လား သူစားနေတာကလဲ ခေါက်ဆွဲကြော်လေးရယ် အအေးလေးရယ်၂မျိုးပဲ
အဲ့ဒါနဲ့ သနားပြီးရှင်းပေးခဲ့တာပါ မောင့်ကိုတာ အပြစ်ပြောနေတာ မိန်းမလဲတခါမှ မကြွေးမတောင်းဖူးဘူး ဟိ လို့ ချစ်စရာအမူအရာလေးနှင့်ပြန်ပြောတော့
သူ့ကိုအပြစ်မတင်ရက်တော့ပဲ ထိုနေ့မှစပြီးသူ့အတွက် နာမည်အသစ်တမျိုးရခဲ့တာပေါ့။သူ့ကို အိမ်မှာဆိုကျွန်တော် အိမ်ကျယ်လေးလို့ ခေါ်တတ်ပါသည် ဒါကို သူငယ်ချင်းတွေကကြားတော့ အိန်ဂျယ်လို့ခေါ်တယ်ထင်ပြီး မင်းကလဲ အဲ့လိုလေးခေါ်ပြီး ချွဲနေတော့ပဲလို့ ဘုမသိဘမသိပြောတော့ ကျွန်တော်
အိမ်ကျယ်လေး ပြုံးနေတတ်ပါသည်။

တကယ်တော့ အိန်ဂျယ်တပါးထက်ကျွန်တော့်အိမ်ကျယ်လေးကစိတ်ထားပိုလှပါတယ်။
လူ့အလိုနတ်မလိုက်ဆိုပေမယ့်လဲ ကျွန်တော်အိမ်ကျယ်လေးကတော့ ကျွန်တော်အလိုကို လိုက်ပါတယ်(မှတ်ချက်။  ။မကောင်းတဲ့ အလုပ် မတည့်တဲ့အစားအစာတို့ကလွဲပြီး ကောင်းမွန်တဲ့ ကိစ္စမှန်သမျှ လိုက်လျောပါသည်)။
ကျွန်တော့် အိမ်ကျယ်လေးကို ကျွန်တော် အိန်ဂျယ်ထောင်သောင်းများစွာနဲ့လဲ မလဲနိုင်ပါဘူး။အိမ်ကျယ်လေးဟာကျွန်တော့် အတွက်တော့ တန်ဖိုးအရမ်းကြီးတဲ့ ဘုရားပေးတဲ့ လက်ဆောင်လေးပါပဲဗျာ ။
 
အိပ်မက်လေးသို့ အမှတ်တရ

အသင့်သုံး ဘလော့(ဆိုဒ် )လက်ဆောင်လေးများ

Sunday 22 April 2012

18 comments
ဒီနေ့တော့ ရေးပြီးသား ကဗျာတွေရှိပေမယ့် မတင်ချင် ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ တပတ်လောက်က
စိတ်ကူးလေးတစ်ခုရလို့ ဆိုဒ်လေးတွေဖွင့်ပြီး စာရေးချင်တဲ့သူတွေကို လက်ဆောင်ပေးမယ်လို့ ရည်ရွယ်ပြီးဖွင့်ထားတဲ့
ဆိုဒ်သုံးခုပြီးတာနဲ့ ပေးချင်စိတ်တဖွဖွပေါ်နေတာကြောင့်ကဗျာမတင်တော့ပဲ ဒီပို့စ်လေးနဲ့အတူဆိုဒ်လေးတွေကို လက်ဆောင်ပေးချင်ပါတယ်။တတ်သိလို့မဟုတ်ပါ။ ဆိုဒ်ကို templateပြောင်းချင်ပေမယ့် အချိန်မရတဲ့ သူငယ်ချင်းများနဲ့ စာရေးချင်ပေမယ့် ဆိုဒ်မဖွင့်တတ်တဲ့ စာပေချစ်သူတို့အတွက် အကြမ်းပျင်းလုပ်ထားတဲ့ဆိုဒ်လေးတွေပါ။ဆိုဒ်ဖွင့်တဲ့ အခါမှာ အကောင့်များကို ကျွန်တော်ကိုယ်တိုင်ဖွင့်ထားပေမယ့် တကယ်တမ်း အသုံးပြုမယ့်သူများဟာ အကောင့်နှင့် passwordများကို မိမိတို့စိတ်တိုင်းကျပြောင်းနိုင်ပါသည်။မိမိအကောင့်နှင့်ပြောင်းမည်ဆိုရင်လဲ ကျွန်တော်၏ ဆရာသမားလို့ပြောရမယ့် http://kp3family.blogspot.com/ နည်းပညာထံမှ မေးလ်ပြောင်းနည်းလေးပါရှာပြီးထည့်ထားပေးပါတယ် ပြောင်းနည်းလေးက ဒီမှာပါ http://kp3family.blogspot.com/2009/11/kp3_8830.html   သို့မဟုတ် မိမိလက်ရှိဆိုဒ်ကိုပဲ အသစ်ထဲပြောင်းမယ်ဆိုရင်လဲ http://kp3family.blogspot.com/2009/10/kp3_16.html ဒီမှာဖတ်ပြီးပြောင်းနိုင်ပါတယ်။တကယ်လို့ပေါ့နော် မိမိသူငယ်ချင်းများထဲမှ စာရေးချင်စိတ်ရှိသူများ ဆိုဒ်လိုချင်သည်ဖြစ်ဖြစ် မိမိကိုယ်တိုင် အချိန်မရလို့ ဆိုဒ်အသစ်မဖွင့်နိုင်သေးလို့ လိုချင်သည်ဖြစ်ဖြစ် gmail လိပ်စာနှင့် passwardကို ကျွန်တော်ထံတောင်းယူနိုင်ပါသည်။ကျွန်တော့် gmail ကတော့ lwinpyinhlaingnge@gmail.comပါ။ကဲ ကျွန်တော်ဖွင့်ထားတဲ့ ခပ်ညံ့ညံ့ဆိုဒ်လေးတွေကိုကြည့်လိုက်ကြရအောင်
ဒါလေးကတော့ အမျိုးသမီးတွေ စားသောက်စရာဆိုဒ်လေးတွေနဲ့ သင့်တော်မယ်ထင်တာပါပဲ ပုံစံတူရှိရင်တော့ နားလည်ပေးစေချင်ပါတယ် ပုံစံမတူအောင်တော့ ရှာထားပေမယ့် တူသွားရင် ခွင့်လွတ်ပါ http://lwinpyinnge.blogspot.com/ ဆိုဒ်လိပ်စာနဲ့ ခေါင်းစဉ်တော့ မိမိတို့ စိတ်တိုင်းကြပြောင်းယူကြပေါ့။နောက်တစ်ခုက http://lwinpyin5.blogspot.com/ နောက်ဆုံးတစ်ခုကတော့ http://lwinpyinlay.blogspot.com/ ပါ။ အလုပ်မရှိ အလုပ်ရှာလို့တော့ မထင်စေချင်ပါဘူး စာပေရေးသားစေချင်တဲ့ စေတနာသန့်သန့်နဲ့မို့ နားလည်ပေးစေချင်ပါတယ်။ဒီသုံးခုကုန်သွားလို့ နောက်ထပ်လိုချင်သူများ၇ှိရင်လဲ ထပ်ဖွင့်ပေးပါ့မယ် မိမိတို့ လိုချင်တဲ့ ပုံစံနဲ့ အရောင်းလေးတွေကို ပြောပြနိုင်ပါတယ် တတ်နိုင်သလောက်လုပ်ပေးပါ့မယ်။နည်းပညာမတတ်ပေမယ့် စေတနာအရင်းခံနဲ့မို့ နားလည်ပေးနိုင်ကြပါစေ။

အားလုံးကို လေးစားလျက်

လွင်ပြင်လှိုင်းငယ်

အချစ်ရဲ့ လိုအပ်ချက်များ

Friday 20 April 2012

13 comments
တကယ်ဆို အချစ်ပဲလိုတယ်တဲ့
ဒီသီချင်းကြားပြီး
စဉ်းစားမိတာက
ချစ်ခြင်းတစ်ခုတည်းနှင့်
အသက်နှင်းပြီး
ချစ်ရသူအတွက်
နားလည်မှုလေးရော မလိုအပ်ဘူးလား ။

ဘ၀အတွက် ခရီးဆက်
ကြင်နာသူ လိုတရဖို့
ငွေကြေးအနည်းငယ်ရော မလိုအပ်ဘူးလား ။

ချစ်ခြင်းတွေ စုစည်း
ဘ၀တွေချီနှောင်
ဖြတ်စရာလက်နက်မရှိတဲ့
သံယောဇဉ်ကြိုးလေးတစ်ချောင်းရော မလိုအပ်ဘူးလား  ။

အခက်အခဲမှန်သမျှ
တစ်ဦးတစ်ယောက်တည်း ဖောက်ထွက်ဖို့မဖြစ်နိုင်လျှောက်တဲ့လမ်းက မှား မှန်သိဖို့တိုင်ပင်ဖော်လေးရော မလိုအပ်ဘူးလား ။

အသစ်အသစ်တွေ့ရင်
ထပ်ထပ်ချစ်ချင်စိတ်အဟောင်းတွေကို မြောင်းထဲပို့ဒါတွေကို တိုက်ဖျက်ထားတဲ့အသစ်မရှာအမြစ်တွယ်ထားတဲ့ အချစ်တစ်ခုတည်းနှင့်ခိုင်မာတဲ့ သစ္စာတရားလေးရော မလိုအပ်ဘူးလား ။

အေးသည့် လေပြည်ကြား
လျှောက်ချင်သည် နှစ်ယောက်သားပူသည့် ကန္တာရလျှောက်ချင်သည်တစ်ယောက်တည်းမို့အေးရင်အတူ ပူရင်မမျှညှာတာတဲ့ စိတ်လေးရော မလိုအပ်ဘူးလား ။

လိုအပ်ချက်တွေများပေမယ့်
မြစ်ဖျားခံတာ အချစ်ရပ်ဝန်းမို့ဘယ်ဆီပဲစီးစီးဘယ်ဆီပဲ မျောမျောအချစ်လက်တက်ခွဲတွေမို့ဘ၀ရဲ့ နောက်ဆုံးချိန်မကသံသရာဆုံးပါစေလိုအပ်ချက်မှန်သမျှ ဖြည့်ဆည်းပေးချင်သူပါ ။  လွင်ပြင်လှိုင်းငယ်

အိပ်မက်လေးသို့ အမှာစကား

Tuesday 17 April 2012

14 comments
အိပ်မက်လေးရေ
ကောင်းကင်ကို မော့ကြည့်ပြီး
ကြယ်တစ်စုံလောက် လိုချင်တယ်လို့
ငါ့ကို မပူဆာပါနဲ့ဟာ
ကောင်းကင်ကို လှေကားထောင်ပြီး
တက်ယူပေးမယ်လို့လဲ
နင်ပျော်အောင် အလိမ်အညာတွေမသုံးချင်ဘူး
နင်လိုချင်ရင် ကြယ်တစ်စုံအစား
လိုရာသုံးဖို့ ငါ့ရင်တစ်စုံကို
နင်မတောင်းလဲ ပေးပြီးသားပါ ။

အိပ်မက်လေးရေ
ကန္တရလမ်း ခရီကြမ်းက
ထွက်သည့်ရေကြည်
အိုအေစစ်မှ သောက်ချင်တယ်လို့
မတောင်းတပါနဲ့လား
ခရီးကကြမ်း နင်ပန်းမှာမို့
သစ္စာကွင်းပြင်က
ငါ့ရဲ့ မေတ္တာရေကြည်လေးသာ
ဘ၀တသက်တာအတွက် သောက်သုံးပါလားကွယ် ။

အိပ်မက်လေးရေ
စိန်စီတဲ့လမ်း ရတနာပန်းနဲ့
ခြွေရံတစ်သောင်း
နင်တောင်းတလဲ
ဘ၀အခြေအနေ မရေရာသေးလို့
လက်ရှိဘ၀မှာတော့
နှလုံးသားကို ခင်း
သည်းဦးပန်းနဲ့
ငါ့ချစ်ခြင်းတွေကို
နင့်ဘေးမှာထား ခစားစေပြီး
နင့်ရဲ့ဘ၀ ထာဝရပြည့်စုံခြင်းနဲ့
ထားပေးပါ့မယ်
အိပ်မက်လေးရယ် ။

အိပ်မက်လေးသို့ အမှတ်တရ

တုနှိုင်းမမှီတဲ့ အလှပြင်ဆိုင်

Friday 13 April 2012

9 comments


လူရယ်လို့ ဖြစ်လာမှတော့
အလှအပဆိုတဲ့အရာကို ကြိုက်ကြစမြဲပေါ့
မိန်းကလေးတွေ မိတ်ကပ်လိမ်းသလို
ယောက်ျားလေးတွေလဲ မျက်နှာဂျီးချွတ်တာတော့ လုပ်တတ်ပါရဲ့ ။

သစ်ဆန်းတဲ့ပစ္စည်း ပြောင်မြောက်တဲ့ပညာ
သင့်ယူရူပါကို
မယ်ကုဝံမှသည် ပပ၀တီအလား
ကုသ နဲ့နင်လားငါလားတောင်
ခဏအတွင်းမှာ ဘရက်(စ်)ပစ်ထက် သားနားသွားအောင်
လုပ်ဆောင်နိုင်တဲ့ အလှပြင်ဆိုင်တွေက ဒုနဲ့ဒေးပေါ့ ။

တိုးတက်လွန်းတဲ့ ဒီခေတ်အခါမှာ
ကိုယ်ပိုင်ဆိုင်လေးတဆိုင်တော့ ဖွင့်ဖို့သင့်ပြီ မိတ်ဆွေ
ရုပ်အလှကိုပြင်ဆင်ဖို့ ပေးရတဲ့ငွေတွေ အချိန်တွေ
စိတ်ပင်ပန်းမှု့တွေကမနည်းပါလား
စိတ်အလှကိုပြင်ဆင်ဖို့တော့ မေ့နေသလားပဲနော် ။

ငွေကုန်ကြေးကျ အခမဲ့နဲ့
ကိုယ်ပိုင်နှလုံးသားထဲမှာ
ရိုးသားတဲ့ အခင်းအကျင်း
မြင့်မြတ်တဲ့ စက်ပစ္စည်းတွေနဲ့
လောကမှာ တုနှိုင်းမမှီတဲ့ အလှတရာကို ဖန်တီးပေးနိုင်တဲ့
"စိတ်အလှပြင်ဆိုင်"လို့ နာမည်တပ်ပြီး
ကိုယ်ပိုင် နှလုံးတွင်းဆိုင်လေးတော့ ဖွင့်သင့်ပြီ။


လွင်ပြင်လှိုင်းငယ်

သံယောဇဉ်

Thursday 12 April 2012

5 comments
                                                          မမြင်တဲ့ကြိုး ရင်မှာတွယ်ရစ်
 
ဖြုတ်ဖို့မလွယ် ဖြတ်ဖို့ခက်ခဲ

ဖျက်ဖို့နတ္တိ သူ့ သတ္တိက

အနှိုင်းမဲ့စွမ်းအား ပိုင်ဆိုင်ထားတဲ့

ထိုကြိုးလေးတမျှင်

သံယောဇဉ်ရယ်.......

ထူထပ်တံတိုင်း

မိုင်ပေါင်းဝေးကွာ

ဘ၀ခြားလဲ ဖြတ်ဖို့ခက်တဲ့

ဒီကြိုးမျှင်ကို မင်းရစ်ပတ်ခဲ့တာ

နှစ်ပေါင်းကြာပြီ

မောင့်သံယောဇဉ်ကြိုးလေးရယ်......

နှစ်တွေပြောင်းလို့ သက္ကရာဇ်ဟောင်းလဲ

မဆွေးမရိ ရင်မှာတွယ်ညှိ့

တိုးတိုးလို့သာ ခိုင်မြဲလာတဲ့ ကြိုးလေးပါ

 
အချစ်ဆိုရင် အမုန်းရှိမယ်

ကြိုက်တယ်ဆိုရင် မကြိုက်ဘူးရယ်လို့

ဆန်ု့ကျင်ဘက်အရာတွေရှိပေမယ့်လဲ

ဆန့်ကျင်ဘက်မရှိတဲ့ ဒီစကားလုံးကလဲ

သံယောဇဉ်ပါပဲ

မောင့်သံယောဇဉ်ကြိုးလေးရယ်............
  လွင်ပြင်လှိုင်းငယ်

မင်္ဂလာဧည့်ခံပွဲ

Wednesday 11 April 2012

4 comments
အချစ်တွေ ရှားပါးပြီး
သင့်တော်ရာဆိုတဲ့
အိမ်ထောင်ကျမ်းကို
အကောင်အထည်ဖော်
ငွေကြေးဝတ်ရုံတွေ ဆင်မြန်း
မာယာပန်းတွေ ကြဲ
 အနင်းချေခံ သစ္စာကောဇောထက်
မေတ္တာဆိုတာ နောက်လက်ထပ်ပွဲရဲ့
သတိုးသားလောင်းလား စိတ်မှာထားပြီး
ချစ်တတ်သူများရဲ့ နှလုံးသားကို
ပကာသနစာပွဲပေါ်ချကျွေး
ကိုယ်ချင်းစာစိတ်မရှိတဲ့
ဖန်ခွက်ထဲက ၀ိုင်တချို့ကတော့
ထူးခြားစွာအရောင်မပြောင်းပေမယ့်
ချစ်တတ်သူသောက်မိရင်တော့ အဆိပ်တစ်ခွက်ပေါ့ ။

ဟန်ဆောင်ပြုံးတွေ
လိမ်ညာ နှုတ်ဆက်သံတွေကြား
ကောက်ကျစ်တဲ့ မျက်လုံးများနဲ့
လက်ဖွဲ့တွေပျောက်မှာစိုးလို့
ရေတွက်နေရင်း
ထားခဲ့ဖူးတဲ့ ရည်စားတွေတွေ့ရင်
အသုံးမကျတဲ့ ယောကျာ်းများလို့ စိတ်မှာကျိန်ဆဲ
ရိုးသားတဲ့ ချစ်ခြင်းအတွက် ရလဒ်ကတော့
သေနာကောင် ငါ့ပွဲဘာလာလုပ်တာလဲတဲ့ ။

အသွင်တူမှ အိမ်သူဖြစ်သတဲ့
အသွင်တူတာက ငွေကြေးကိုးကွယ်တဲ့ စိတ်ဓါတ်
ကြင်နာတာက ငွေရှာကောင်းတဲ့ ၀ံပုလွေခေါင်းနဲ့နင်
အပြင်မှာရှာမှာက မအူမလယ်နဲ့
အသုံးချလို့ရမယ့် အငုံလေးတွေ
ကံအကြောင်းမလှလို့
စီးပွါးရေးမှောက်ကျမယ် မကြံနဲ့
နောက်တစ်ယောက်က ဒီပွဲမှာပဲ ရှာပြီးသား
အကြွေးတွေကို အတွေးနဲ့ဆပ်ရင်း
ဘယ်အချိန်မှာ မင်္ဂလာပွဲပြီးသွားတာ မသိပေမယ့်
ကားအကောင်းဆုံးနဲ့ အဘိုကြီးတစ်ယောက် နှုတ်ဆက်သွားတာတော့
ဒီပွဲမှာ မေ့မရတဲ့ သွားမပါတဲ့အပြုံးလေးတစ်ခုပေါ့ ။

လွင်ပြင်လှိုင်းငယ်

မျှော်လင့်ခြင်း

Monday 9 April 2012

10 comments
မဆုံနိုင်သေးတဲ့ နှစ် လ ရက်တွေ

ရင်မှာတွေးပြီး လွမ်းဆွတ်မှုနဲ့

ရေတွက်ကြည့်ရင်

နှလုံးသားက နီးနေပေမယ့်
 လူချင်းကတော့ ဝေးနေရတာ

ဘာကြောင့်များလဲ ချစ်သူရယ်..............



ဝေးကွာခြင်းဆိုတာ

နီးစပ်မှုရဲ့ ပုံရိပ်နိမိတ်တွေလား

အချစ်စစ်ကို တိုင်းတာတဲ့ ပေတံတစ်ချောင်းလား

ဝေးကွာမှုဟာ မိုင်ပေါင်းမရေတွက်နိုင်ပေမဲ့

နီးစပ်မှုကတော့ ငါ့ခေါင်းလေးငုံ့ပြီး

နှလုံးသားကို လှမ်းကြည့်လိုက်ရင်

ဖြူစင်မှုတွေ အနှိုင်းဆမဲ့နဲ့ ရိုးရိုးလေးပြုံးတတ်တဲ့

ချစ်သူ ပုံရိပ်လေးဟာ နှလုံးသားဧရိယာမှာအပြည့်ပေါ့................



ချစ်သူလေးရယ်....

ခုချိန်မှာ ဘယ်လို အတားအဆီ အခက်အခဲတွေပဲရှိရှိပါ

မင်းရဲ့ ချစ်ခြင်းတွေကို ဦးထုပ်လုပ်ပြီး

နေပူပူမှာ မင်းရဲ့ အပြုံးကို မော့သောက်ရင်း

မျှော်လင့်ခြင်းတွေ ရင်မှာပိုက်ပြီး

မင်းရှိမယ့်အရပ်ဆီ ရိုးသားခြင်း ခြေတစုံ

အားအင်အပြည့်နဲ့ လှမ်းလျှောက်နေပါတရ်................





လွင်ပြင်လှိုင်းငယ်

သင်္ခါရ

Friday 6 April 2012

8 comments
မင်းပျိုးတဲ့သစ်ပင်
ပန်းမခူးရဆိုင်းဘုတ်တင်လဲ
အချိန်တန်ရင်ပန်းကတော့ကြွေမှာပဲ ။

လှပတဲ့ မင်းသွင်ပြင်
မာနတွေအရောင်တင်လဲ
အချိန်တန်ရင် ဇရာကတော့လာမှာပဲ ။

မင်းပိုင်တဲ့ ဘဏ္ဍ
ဝင့်ကြွားကာ ဂုဏ်ပြိုင်လဲ
အချိန်တန်ရင် စွန့်ခဲ့ရမှာပဲ ။

မိုးစက်ငယ်

ပိတောက်

Thursday 5 April 2012

5 comments
ပင်စည်က ခိုင်ခိုင်
ကိုင်းခက်တွေဖြိုင်ဖြိုင်နဲ့
ပင်စည်ဘေး
ခုံတန်းတွေချလို့ရယ်
အေးမြရိပ်ပေးတဲ့ အပင်  ။

တစ်နှစ်မှာတစ်လ
တစ်လမှာ တရက်
ခက်ခက်ခဲခဲ
ပွင့်ရှာရတယ်
သစ္စာရှင် ဒီအပင်
ဟို့ရှေ့ရှေ့တုန်းကပင်  ။

ရေမကူ မိုးမှာမပွင့်
ဆောင်းရဲ့ အေးဒဏ်
ကြံကြံခံလို့
နွေနေရဲ့ အပူပင်ကြားမှာ
အေးရိပ်တွေပေးပြီး
မိုးစက်လေး တဖြိုက်ဖြိုက်ကြားမှာ
ပွင့်ရရှာသလေ  ။

ရိုးတံဖြိုင်ဖြိုင်
ဖူး ငုံ စိမ်းစိမ်းနဲ့
ဝါရောင်တွေ သန်းပါလို့ရယ်
မွေးပျံတဲ့ ဒီရနံ့နဲ့
ရှားပါးသည့် ပန်း  ။

ရာသီရဲ့ ဒဏ်
လူတွေရဲ့ သီလ
ဒီသဘာဝတွေကြား
ဖူးပွင့်တာ အချိန်မမှန်တော့
ပြောကြပြန်သေး
သစ္စာမဲ့တဲ့ ဒီပန်းကလေး   ။

သစ္စာရှိတဲ့ ဒီပန်းရယ်လို့
တင်စားတာ လူ
ဖောက်ပြန်တယ်လို့
စွတ်စွဲတာလဲ လူ
ဒီအဖြစ် ဒီစနစ်တွေကြားထဲ
ပိတောက်မှာတော့ 
မျက်ရည် စက်လက်နဲ့ပေါ့  ။

လွင်ပြင်လှိုင်းငယ်

သင်္ကြန်အမှတ်တရ ကဗျာအဟောင်းလေးပြန်တင်ပါသည်။ ပုံကို googleမှကူးယူပါသည်။

အပိုင်းအစ အလွမ်း အတွေးစများ

Wednesday 4 April 2012

12 comments
နာကျင်နေတဲ့ ကောင်းကင်
ဝမ်းနည်းစွာ ငိုမဲ့မဲ့မျက်နှာနဲ့
ခံစားချက်တွေ သွန်ချလိုက်တော့
အလွမ်းမိုးစက်တွေအဖြစ်
ငါ့ကိုယ်မှာ ရွှဲရွှဲစိုလို့ ။

မြင့်ရာမှ နိမ့်ရာဆီသို့
အပူပင်မဲ့ စီးတဲ့မြစ်ချောင်း
ဒဏ်ရာထောင်ပေါင်းများစွာနဲ့ငါ
မြင့်ရာမှ နိမ့်ရာစီးဆင်းတာ
သဘာဝဆိုပေမယ့်လဲ
နှလုံးသားမှာ မြစ်ဖျားခံ
ခံစားချက်တွေ စုန်ဆန်တက်ပြီး
မျက်ဝန်းမှသည်
ခံစားချက်တွေ မျက်ရည်မြစ်အဖြစ်
ပါးပြင်မှာ တလိမ့်ချင်းဆင်းတာကတော့
သဘာဝနဲ့ ဆန့်ကျင်နေမလား  ။

ပင်လယ်မှာပျော်တဲ့ ငါး
စမ်းချောင်းသေးသေးမှာ
နေပျော်မလားလို့ မတွေးသလို
စမ်းချောင်းထဲက ငါး
အကောင်သေးလို့ ပင်လယ်မှာ
ငါကူးနိုင်ပါ့မလား စဉ်းစားမှာ မဟုတ်ပါဘူး
ဒီလိုပါပဲ
ဘယ်အချိန်မှာ ဘာဖြစ်မယ်
ဘုရားမှလွဲ
မသိနိုင်တဲ့ ကံကြမ္မာအလှည့်အပြောင်းကို
ဗေဒင်ဆရာတစ်ယောက်ရဲ့
ထမင်းဝိုင်အဆင်လှဖို့
ငါက မင်းနှလုံးသားအပြင်ထွက်
အလွမ်းတွေနဲ့ အသက်ဆက်နေရမှာလား  ။

အလွမ်း အလွမ်းနဲ့
သီချင်းဆိုရင်တော့ နားထောင်ကောင်းပေမယ့်
ခက်တာက
ဘ၀ဆိုတာ သာယာနာပျော်ဖွယ်ကောင်းတဲ့
သီချင်းတစ်ပုဒ်မဟုတ်သလို
ပန်းချီဆရာရဲ့ စုတ်ချက်နဲ့
လိုသလိုဆွဲမရသလို
နှလုံးသားက စက်ရုပ်မဟုတ်တော့
ပျက်သွားတဲ့နေရာကို ပြန်ပြင်လို့မရ
သွေးကြောတွေနဲ့ ဖွဲ့စည်းထားတဲ့
ရှင်သန်ခြင်းရဲ့ စုရပ်ဆိုတော့
ခက်တော့ ခက်သားလား  ။

လွင်ပြင်လှိုင်းငယ်
 
 

လေ

Monday 2 April 2012

8 comments
လေထဲမှာ တွေ့
လေထဲမှာချစ်
လေထဲမှာ လွမ်း
လေထဲမှာ ခမ်း(မျက်ရည်)
လေထဲမှာ ကျွမ်း(နှလုံးသား)
လေထဲမှာ စမ်းတ၀ါးဝါးနဲ့
လေထဲမှာ ငိုနေလဲ အပိုပါပဲလေ ။

လေထဲမှာ ထပ်ရှာ
လေထဲမှာ ထပ်ချစ်
လေထဲက အချစ်နဲ့တော့
လေထဲက နှလုံးသား
လေမှာ လွင့်ပြီး
လေတိုက်ရာပါ
လေနှင်ရာလွင့်
လေကြမ်းတော့ ရမ်း
လေလမ်းကြောင်းက နှလုံးသား
လေတိုက်စားတော့
လေဖြစ်သွားတဲ့ နှလုံးသား ။

လေညှင်းကအေး
လေပြေကဆော့
လေနီအတော့မှာ
လေကြမ်းဝင်ဆောင့်
လေကြောင့်ပျက်သွား ဘ၀များ  ။

လွင်ပြင်လှိုင်းငယ်

(သူငယ်ချင်းတစ်ယောက်မှ အကူအညီတောင်းရေးခိုင်းထားသော ကဗျာလေးဖြစ်ပါသည် အားပေးကြပါဦး)

ပုံကို googleမှ ကူးယူးသည် ။

အပျော်အပါးက ဒုက္ခများသား

6 comments
မိဝေး ဖဝေး
တပြည်ရွာမှာ
မိဘမောင်ဖွား
သူတို့ကောင်းဖို့
ငွေဆိုတာကို
ရှာဖွေ ဆုဆောင်း
အချိန်မှန်မှန်
အိမ်ပြန်ပို့တာ
ရောက်စကစ
ခြောက်လထိပေါ့  ။

လာတဲ့ အကြွေး
ဆပ်လို့ မပြီး
ဘီယာ ချိုချို
အညာပျိုနှင့်
ထုတ်သည့် လစာ
ကုန်မှထပြီး
ငွေပို့ရက်မှာ
ဖုန်းတစ်ခါခေါ်
ငိုသံပါလျက်
အလုပ်မကောင်း
ဒီတစ်လတော့
ချွေတာ စားလေ
မေမေတို့ရေ  ။

ရတာမလောက်
လောက်တာရဖို့
အို ဘ၀နဲ့
ငွေနောက်လိုက်ရင်း
လိုင်းတွေလည်းစုံ
အလုပ်ကုန်လို့
လကုန်ရက်မှာ
ပြည်မြန်မာက
မိဘတွေဆီ
ဖုန်းမဆက်တာ
သုံးနှစ်ကြီးတောင်
ရှိသွားပြီကွာ  ။

ခေတ်တွေကပြောင်း
အိုတွေမောင်းထုတ်
ပါမစ်မရှိ
အဖြစ်ကြားက
ပြည်မြန်မာက
မိဘမျက်နှာ
ဘယ်လိုပြန်ကြည့်
အဖြေမရှိ
ပြေးစရာ မြေလဲ
မရှိတော့ပြီ  ။

လွင်ပြင်လှိုင်းငယ်

(တချို့တချို့သောသူများကို ကြည့်ပြီး ကဗျာဖွဲ့မိသည်။)

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :